ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် သခွါးမွေးပျက်စီး

နန်းခမ်းဟွမ်နွိုး (တောင်ကြီး) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာရှိ သခွါးမွေးစိုက်ပျိုးသည့်တောင်သူများ သခွါးမွေးအပင်အောက်တွင် ရေဝပ်ကာ သခွါးမွေးသီး ပုပ်ကုန်ပြီး ထွက်ကုန်အများအပြားဆုံးရှုံးနေရကြောင်း ဧပြီ လ ၅ ရက်နေ့တွင် သိရသည်။

”ဒီလိုချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကျွန်မတို့သခွါးမွေးခြံက အောက်ခံအခင်းတွေပေါ်မှာ ရေဝပ်တယ်။ အဲဒီအတွက် သခွါးမွေးပင်ရော အသီးပါ ပုပ်ကုန်ကြတယ်” ဟု ရန်ကင်းကျေးရွာရှိ သခွါးမွေးခြံပိုင်ရှင် မွိုးဖျူး က ပြောသည်။

နွေဦးကာလသို့ ရောက်လည်သည်နှင့်အမျှ ဟိုပုံးမြို့ရှိတောင်သူများက သခွါးမွေး၊ စတော်ဘယ်ရီနှင့် ဖရဲသီးစသည့် သီးနှံများကို စိုက်ပျိုးလာကြသည်။ ထိုသီးနှံများကို နွေအခါရောက်မှ စိုက်ပျိုးကြသည်။ ယခုလိုအချိန် အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ၎င်းသီးနှံနှင့်အပင်များ ပုပ်သွားကာ တောင်သူများအနေဖြင့် အခက်တွေ့နေကြရကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာတွင် သခွါးမွေးစိုက်ပျိုးကြသည်မှာ ဧက ၂ဝ ဝန်းကျင်ရှိပြီး၊ တစ်ပတ်တွင် သခွါးမွေးအလုံး ၃ဝဝ-၄ဝဝ ဝန်းကျင် ထွက်ရှိကြောင်း၊ ထိုသို့မိုးရွာသွန်းမှုကြောင့် သခွါးမွေးသီးများသည် အက်ကွဲပြီး ပုပ်ကုန်ကြကြောင်း၊ ယခုတွင် အလုံး ၁ဝဝ ကျော်ကျော်သာ ရရှိကြောင်း သခွါးမွေးခြံပိုင်ရှင်ထံမှ သိရသည်။

No comments: