International Folklore Festival ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အကအဖွဲ့ The Most Informative Performance ဆုရရှိ

By ခွန်စိမ်းမောင် (တောင်ကြီး) | ဇန်န၀ါရီလ 27 ရက် ၊ 2013 ခု | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံရှိ သူရိန်ရာဇဖတ်တက္ကသိုလ် ဦးစီးကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့မှ The Most Informative Performance ဆုရရှိကြောင်း သိရသည်။


(၂၅၊ ၁၊၂၀၁၃) ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့မှ နခွဉ်ပထွန် ရာဇဖတ်တက္ကသိုလ်ကျောင်းတွင် ကပြနေစဉ် (ဓာတ်ပုံ၊ ခွန်ကျော်ဇင်ထွန်း- ချယ်ရီ FM)

(၈) ကြိမ်မြောက် Surin International Folklore Festival ပွဲတော်တွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ယူကရိန်း၊ အစ္စရေး၊ အိန္ဒိယ (ပန်ဂျာရတ်နယ်)၊ အိန္ဒိယ (မနီမုရနယ်)၊ သီရိလင်္ကာ၊ အီတလီနှင့် ဖီလစ်ပိုင် စသည့်နိုင်ငံများ အသီးသီးပါဝင်ကြသည်။

ခရီးစဉ် ဖျော်ဖြေမှုအတွက် မြန်မာနိုင်ငံမှ ပအိုဝ်းအမျိုးသမီးပညာရေးဖေါင်ဒေးရှင်း နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်ပြီး ပအိုဝ်းတိုင်းရင်းသားရိုးရာ အက(၆)မျိုးဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြောင်းလည်း သိရပါတယ်။

ရိုးရာအက (၆) မျိုးကတော့ (၁) ရိုးရာ ဓါးသိုင်းအက (ယို့ယားန့လဲုင့်ထာကျူး) (၂) ရိုးရာ တီးဟန်(၄)မျိုးအက (၃) တီးရီးရီးရျော့အက (၄)သေင်းလာ့ခံ့ဗီးအက (၅) အမွီးဟောဝ်လီ့ နီသွီးဖြီ့ အက (သွေးကြောပမာ အမွေထိန်းစို့လေ) ခေတ်ပေါ်အက (၆) "နဂါ့သ့ရား ၀ိဇ္ဇားသွိုန်းထီအက" (နဂါးအသဲနှင့် ၀ိဇ္ဇာနှလုံးသားအကဖြင့်) အသီးသီးဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းလည်း သိရပါတယ်။


ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့မှ The Most Informative Performance ဆု လက်ခံရယူနေစဉ် (ဓာတ်ပုံ၊ ခွန်ကျော်ဇင်ထွန်း - ချယ်ရီ FM)

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဟာဆိုရင် သူရိန်ရာဇဖတ်တက္ကသိုလ် ကနေ မနေ့ (၂၅) ရက်နေ့ နံနက် (၉) နာရီ အချိန်မှာ စတင်ထွက်ခွါလာခဲ့ပြီး နာခွန်ပထွန် ရာဇဖတ်တက္ကသိုလ် ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီညမှာပဲ ယဉ်ကျေးမှုအကတစ်မျိုးကို ဖျော်ဖြေခဲ့ပါတယ် ဟု ခွန်သောမတ်စ် မှ ပြောပြပါတယ်။

မြန်မာနိုင်ငံမှ ပအိုဝ်း စာပေနှင့်ယဉ်းကျေးမှုအကအဖွဲ့အား ဇန်န၀ါရီလ ၁၅ ရက်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွါခဲ့ပြီး၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဘန်ကောက် Suwonnabumi လေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရပါသည်။

No comments: