လဲချားမြို့နယ် ရဲတပ်ဖွဲ့မှ အပြစ်မဲ့ရွာသားတစ်ဦးအား အကြောင်းမဲ့ပစ်သတ်

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်၊ ပုံတိုက်ကျေးရွာအုပ်စု၊ ၀မ်ပုံကျေးရွာနေ ဦးလုံးအော အသက် (၄၅) နှစ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်ခန့်တွင် လဲချားရဲတပ်ဖွဲ့ဝင် (၉) ဦးမှ မည်သည့် အကြောင်းပြချက်မှ မရှိပဲ M22 သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရရှိသော ဦးလုံးအောအား လဲချားဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစဉ်နေအတွင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဤကဲ့သို့ သေနတ်ဒဏ်ရာဖြင့် အပြစ်မဲ့ သေဆုံးခဲ့သည့် ဦးလုံးအော ရုပ်အလောင်းအား ဦးလုံးအော၏ မိသားစုဝင်များ ခွင့်ပြုချက် မရရှိဘဲ၊ လဲချားရဲတပ်ဖွဲ့ဝင်များမှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် မီးသဂြိုလ်သွားခဲ့ကြောင်း သိရသည်။

ဦးလုံးအောသည် အဘ ဦးလုံးကုံန နှင့် အမိ ဒေါ်ပါနန်းတို့ ဖြစ်ကြပြီး၊ ဦးလုံးအော သေဆုံးခဲ့သည့် အမှုကိစ္စနှင့် စပ်လျဉ်း၍ ကျေအေးခွင့်ရရှိအောင် လဲချားရဲတပ်ဖွဲ့မှ ကျန်ရှိသည့် ဦးလုံးအော၏ မိသားစုဝင်များအား အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။

No comments: