ပအိုဝ်း PNLO နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူညီမှု မရသေး

By ကျော်ခ | ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၂ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဦးအောင်မင်း ခေါင်းဆောင်သော သမ္မတကိုယ်စားလှယ် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပအိုးဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တို့ တနင်္ဂနွေနေ့က အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြ သော်လည်း သဘောတူညီမှုမရသေးဘဲ ရှိနေသည်။

PNLO ဘက်မှ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သော စုပေါင်းတွေ့ဆုံမှုမျိုး လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၁၁ ချက်ကို တောင်ဆိုခဲ့သော်လည်း အချက်အချို့ကို ချက်ချင်း သဘောတူ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိတာကြောင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတထံ တင်ပြရဦးမည် ဖြစ်ကြောင်း သိရသည်။

“အချက်အများစုကိုတော့ ဦးအောင်မင်းက သူ့အနေနဲ့ ဘာမှပြောစရာမရှိဘူး။ အချို့အချက် တချက်နှစ်ချက်ကတော့ သူ့အနေနဲ့ သဘောတူပေးဖို့ရာမှာ သမ္မတဆီ ပြန်ပြီးတော့ တင်ပြရဦးမှာပေါ့နော်။ ကျနော်တို့ ဆွေးနွေးပွဲက အဲလောက်မှာပဲ ရှိပါသေးတယ်” ဟု PNLO ၏ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း က မဇ္ဈိမကို ပြောသည်။

ဆုံးဖြတ်ရန် အခက်တွေ့နေသည့် အချက်အချို့ကို ဆွေးနွေးပွဲကာလအတွင်း မဖေါ်ပြသေးဟု ဆိုသည်။

“ဦးအောင်မင်းကတော့ ဒီနေ့ သူတို့လုပ်နေတဲ့ အဆင့် သုံးဆင့်ကို ပြောပြတာပေါ့ဗျာ။ ပထမ အဆင့်အနေနဲ့ အပစ်ခတ် ရပ်စဲရေး၊ ဒုတိယအဆင့်အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေးလုပ်ဖို့အဆင့်ပေါ့ဗျာ။ ပြီးတော့မှ လွှတ်တော်နဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ သူပြောတာကတော့ ရေရှည်နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ ဝင်ပြီး လုပ်ကြပေါ့ဗျာ။ သူတို့ရဲ့သဘောထားကိုတော့ အဲလိုပြောပါတယ်” ဟု ဦးခွန်မြင့်ထွန်း က ဆက်ပြောသည်။

ဇန်နဝါရီလအတွင်းက PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာ နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းတို့ ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆက်တွဲ ဆွေးနွေးပွဲဖြစ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်းကခေါင်းဆောင်ပြီး PNLO က အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူး ခွန်သူရိန်နှင့် ပအိုးဝ်လူငယ် အစည်းအရုံး PYO ၏ အထွေထွေ အတွင်းရေးမှူး ခွန်ချန်ကီ တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ပထမအဆင့်အဖြစ် “ကျနော်တို့ PNLO နဲ့ အစိုးရတို့ကြားမှာ အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရယူမယ်။ တပြည်လုံး အတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင် ကြေညာပေးဖို့၊ တပြည်လုံး အပစ်အခတ် ရပ်စဲတဲ့ အချိန်က နေစပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံရေး အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့၊ အဲဒီကနေ တဆင့် နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး
ပြုလုပ်ဖို့ဆိုပြီး တောင်းဆိုတယ်” ဟု ဦးခွန်မြင့်ထွန်း က ပြောသည်။

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးနိုင်ရန်အတွက် ပအိုးဝ်အမျိုးသား နိုင်ငံရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်နိုင်ရန် အတွက် ပြည်တွင်းအခြစိုက် ပအိုးဝ်အမျိုးသားအဖွဲ့ PNO အပါအဝင် ပအိုးဝ်နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရရှိရန်နှင့် ပအိုးဝ် ရဟန်းသံဃာနှင့် လူမှုအသင်းအဖွဲ့များ ဒေသခံ လူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခွင့် ရှိရန် တောင်းဆိုချက်များတွင် ပါဝင်သည်။

အလားတူ အစိုးရသစ်လက်ထက် ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု အပေါ် PNLO က ကြိုဆိုကြောင်းနှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ပအိုးဝ်လက်နက်ကိုင် တပ်နှင့် ဆက်နွယ်ပြီး ဖမ်းဆီးထားသူများကိုလည်း လွှတ်ပေးရန် နှုတ်အားဖြင့် တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ဦးခွန်မြင့်ထွန်း အပြောအရ သိရသည်။

PNLO ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) မှ ခွဲထွက် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေလျက် ရှိသည်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ တွင် ပအိုးဝ်အမျိုးသားအဖွဲ့ PNO မှ တင်သွင်းဆွေးနွေးခဲ့သည့် မှတ်တမ်းတွင် မြန်မာတနိုင်ငံလုံးတွင် ပအိုးဝ်လူမျိုး ၂ သန်းကျော် နေထိုင်ကြောင်း သိရသည်။

တနင်္ဂနွေနေ့က မီးရထားဝန်ကြီး ဦးအောင်မင်းက ချင်းမိုင်မြို့တွင်ပင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS အဖွဲ့နှင့်လည်း သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အဖွဲ့တာဝန်ရှိသူများနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ် ခဲ့ကြောင်း DPNS မှ ဆွေးနွေးပွဲတွင် ပါဝင်သူ ဦးဇော်ဇော်ထွန်း ကပြောသည်။

“ကျနော်တို့က အခုအလွတ်သဘော ဆွေးနွေးပြောဆိုတာလောက်ပဲ ရှိပါတယ်။ တောင်းဆိုချက်တွေ ဘာတွေ မရှိသေးပါဘူး။ နောက်ထပ် ဆွေးနွေးဖို့တော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကရော ကျနော်တို့အနေနဲ့ရော တိတိကျကျ သတ်မှတ်ချက် တော့မရှိသေးပါဘူး။ ဒါပေမယ့် အချိန်မရွေး ပြန်တွေ့နိုင်တဲ့ လမ်းစဖွင့်တဲ့ အနေအထား
တော့ ရှိပါပြီ” ဟု ဦးဇော်ဇော်ထွန်း က မဇ္ဈိမကို ပြောသည်။

တိုင်းပြည် အေးချမ်းစေရန်အတွက် မြန်မာအစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုများ အင်တိုက်အားတိုက်ဖြင့် ဆက်လက်အကောင်ထည်ဖေါ် ဆောင်ရွက်ရန်၊ နိုင်ငံတွင်း အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရေးနှင့် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ပြန်လာလိုသူများ တရားဝင် ပြန်နိုင်စေရန် အစိုးရအနေဖြင့် ဖန်တီးပေးရန်တို့ကို DPNS က တိုက်တွန်းခဲ့ကြောင်း သိရသည်။

1 comment:

HkunPa.O said...

ဒီသတင်းမှာ PNLO ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) မှ ခွဲထွက် တည်ထောင်ခဲ့ပြီး ဆိုတဲ့အချက်ဟာ လုံးဝ မှားယွင်းနေတယ်။ မတော်တဆ မှားတာလား။ သိသိချည်းနဲ့ မှားတာလားဆိုတာ။ ရေးတဲ့သူကိုယ်တိုင်သိမှာပါ၊ PNLO ဟာ။ PYO, PPLO နဲ့  ရလလဖ ကနေ ခွဲထွက်လာတဲ့ အဖွဲ့ တွေ အပါအ၀င် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ပအိုဝ်းတွေ ညီလာခံကျင်းပပြီး ဖွဲ့ စည်းခဲ့တဲ့အဖွဲ့ အစည်းပါ။ PNLO ဟာ ဟိုးအရင်တုန်းက ရှိခဲ့တဲ့ အမည်နဲ့ တူပေမယ့် အများကြီးကွာခြားပါတယ်။ ဒါကို စာဖတ်သူထင်ယောင်ထင်မှားဖြစ်အောင်။
PNLO ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) မှ ခွဲထွက် တည်ထောင်ခဲ့တယ်လို့  သုံးစွဲခြင်းဟာ။ မတော်တဆမှားတာမဖြစ်နိုင်ဘူး။ ရည်ရွယ်ချက်နဲ့ တမင်ကို မှားရေးတဲ့။ သတင်းလိမ်လို့  ကျနော်ယုံကြည်တယ်။

ခွန်ထွန်းတောက်
အဖွဲ့ ဝင်
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု