ပအိုဝ်းအဖွဲ့ PNLO အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့တွေ့ဆုံ

By နောင်ခမ်းခါ | ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၂ | တောင်ကြီးတိုင်မ်း

ပအိုဝ်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယနေ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက် ပဏာမ တွေ့ဆုံခဲ့ကြပါတယ်။


ပအိုဝ်းကိုယ်စားလှယ်နှင့် အစိုးရငြိမ်းချမ်းကိုယ်စားများ
ဓာတ်ပုံ - PYO

တွေ့ဆုံဆွေးနွေးပွဲမှာ အတွင်းရေးမှူး ခွန်မြင့်ထွန်း နဲ့ အတွင်းရေးမှူး ၁ ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်တို့ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ကိုယ်စားလှယ်များကတော့ အပစ်အခတ် ရပ်ဆဲရေး၊ ပအိုဝ်းအမျိုးသားများ နေထိုင်တဲ့ နေရာဒေသတွေမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ပြီး လွတ်လပ်စွာ သွားလာနိုင်ရေးနှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်များ ဖေါ်ဆောင်နိုင်ဖို့အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အပါအ၀င် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများ ပအိုဝ်းနိုင်ငံရေးခေါင်းဆောင်များ လွတ်လပ်စွာ သွားလာ တွေ့ဆုံဆွေးနွေးနိုင်ရေး စတဲ့အချက်အတွေ တောင်းဆိုချက်တွေ ဆွေးနွေးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ခွန်မြင့်ထွန်း ယခုလိုပြောပါတယ်။

"ကျနော်တို့ပအိုဝ်းအမျိုးသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိ ဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် ပအိုဝ်း အမျိုးသားများ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်လာဖို့အတွက်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အပါအ၀င် အခြားပအိုဝ်းနိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့။”

ဦးခွန်မြင့်ထွန်းမှ "အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ကျနော်တို့ ပဏာမ သဘောတူညီချက်ကို ရယူဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စု အစိုးရက တရားဝင် ကြေညာပေးဖို့ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတဲ့အချိန်ကနေ ရပ်ပေါင်း ၆၀ အတောအတွင်းမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီကနေတဆင့် နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။"

ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က အဓိကဆွးနွေးတင်ပြတဲ့ အချက်တွေထဲမှာ နေရာအနှံ့အပြားမှာ နေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသားများရဲ့ တန်းတူရေးအခွင့်အရေး အာမခံချက် ရရှိရေးပဲဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ မွန်ပြည်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ကရင်နီ (ကယား) ပြည် စတဲ့ နေရာဒေသတွေမှာ ပျံ့နှံနေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ အမျိုးသားတန်းတူရေးအခွင့်အရေးကို အခြေခံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲမှာ ၎င်းတို့ တင်ပြတောင်းဆိုတဲ့အချက်တချို့ကတော့ ၀န်ကြီးဦးအောင်မင်းက သူ့အနေဖြင့် သဘောတူလက်ခံလို့ မရပေမယ့် နိုင်ငံတော်သမ္မတဆီမှာ တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်းလဲ ခွန်မြင့်ထွန်းက ဆိုပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံရာမှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာတွေ မရှိခဲ့ပေမယ့်လဲ နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့ သဘောတူညီခဲ့ကြကြောင်းလဲ သိရပါတယ်။

No comments: