ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉ ရက် ၂၀၁၂ ခုနှစ် 
  
ချင်းမိုင် (မဇ္ဈိမ) ။        ။ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ ကလော၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တွင်းရှိ ကျေးရွာပေါင်း
 ၄ဝ ကျော်တွင် ကူးစက် ဝမ်းရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး 
ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာအချို့တွင် လည်း 
ဝက်သက်ရောဂါကြောင့် ကလေးငယ်များ သေဆုံးမှုရှိနေကြောင်း ရှမ်းပြည်နယ် 
ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ 
အသက် ၅ နှစ်အောက် ကလေးများတွင် 
အများဆုံးဖြစ်ပွားနေသည့် Rota Virus ခေါ်သည့် ကူးစက် ဝမ်းရောဂါသည် အဆိုပါ 
လေးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ဇန်နဝါရီလပိုင်းက စတင်ကာ 
ဖေဖေါ်ဝါရီလကုန်ပိုင်းထိ ပျံ့နှံနေလျက်ရှိပြီး ရောဂါကြောင့် သေဆုံးသူ 
စုစုပေါင်း ၁၀ ဦးကျော်ထိ ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး 
ဦးစီးဌာနနှင့် တိုက်နယ် ဆေးရုံ မှတ်တမ်းများအရ သိရသည်။ 
“အများဆုံးဖြစ်နေတာကတော့
 ဖယ်ခုံနဲ့ ဆီဆိုင်မြို့နယ်တွေမှာပါ။ ရောဂါ လက္ခဏာ ပြတာက အရည်ဝမ်းတွေသွား 
တယ်။ အားအင်တွေ ချိနဲ့ကုန်တယ်။ ၅ နှစ်အောက်မှာ အဖြစ်များတယ်။ 
ကျနော်တို့အခေါ်အရတော့ Rota Virus ပေါ့။ သေဆုံးတဲ့ ကလေးတွေ ကတော့ ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ ဝေးတဲ့နေရာက ကလေးတွေပါ” ဟု ပြည်နယ် ဦးစီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ 
ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲ၊ လဲုင်းပေး၊ လဲုင်းခါး၊ နောင်တန် ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၅ ရွာခန့်တွင် ဖြစ်ပွားနေလျက် ရှိသည်။ အလားတူ ပင်လောင်းမြို့နယ်ရှိ ထီရီး၊ ထီကျစ်၊ ခြဲုင်း ကျေးရွာများ အပါအဝင် ရွာပေါင်း ၁ဝ
 ရွာနှင့် ဆီဆိုင်မြို့နယ်တွင်လည်း ၁၅ ရွာကျော် ဖြစ်ပွားနေသလို 
ကလောမြို့နယ်တွင်လည်း ဖြစ်ပွားလျက် ရှိကြောင်း ဆီဆိုင် 
မြို့နယ်ကျန်းမာရေးဌာန မှတ်တမ်းများအရ သိရသည်။ 
ဝမ်းရောဂါ 
ဖြစ်ပွားနေသည့် နေရာများသို့ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနအောက်ရှိ 
ဆေးဝန်ထမ်းများ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် 
ဆေးပေးခန်းများမှ ဆေးအဖွဲ့များက ဖေဖေါ်ဝါရီလလယ်ပိုင်းမှ စတင် ကာ 
ရေတွင်းရေကန်များကို ပိုးသတ်ဆေး ဖျန်းခြင်းများ လုပ်ဆောင်ခဲ့သလို 
ဒေသခံများအနေဖြင့် တကိုယ်ရေ သန့်ရှင်းမှု၊ ရေများ ကျိုချက်သောက်သုံးရန်နှင့်
 ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရန် ဟောပြောမှုများကို စတင် 
လုပ်ဆောင်ခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။
ဒေသခံများအနေဖြင့်
 ငွေကြေးအခက်ခဲကြောင့် ဆေးဝယ်သုံးစွဲနိုင်သူ နည်းပါးသလို ဆေးရုံ 
ဆေးပေးခန်းများနှင့်လည်း အလှမ်းကွာဝေးသဖြင့် ကလေးငယ်အချို့မှာ အသက် 
ဆုံးပါးခဲ့ရကြောင်း ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း 
အတွင်း ဆေးဝါးအကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“ရွာတွေက 
ဆေးပေးခန်းတွေနဲ့ ဝေးတယ်။ မြို့တက်ပြီး ဆေးဝယ်မယ်ဆိုတော့လည်း ဝင်ငွေတွေက 
မရှိကြဘူး။ တနေ့လုပ် တနေ့စား ရုန်းကန်နေရသူတွေဆိုတော့ဗျာ။ ရွာမှာရှိတဲ့ဗိန္ဓော ဆေးတွေနဲ့ပဲ ဖြစ်သလို ကုနေကြတာ။ အမှန်ဆို ဒီလိုရောဂါတွေက ဆေးထိုး၊ 
ဆေးသောက်ရုံနဲ့ ပျောက်နိုင်တဲ့ရောဂါတွေ။ ကလေးတွေက မသေဆုံးသင့်ဘဲ သေကြရတာ” ဟု သူက မဇ္ဈိမကို ပြောသည်။ 
ဆီဆိုင်မြို့နယ်အတွင်းက
 ပအိုဝ်းလူမျိုးအများစု နေထိုင်ရာ တွူးကျန့်၊ လွယ်တဖရီး ကျေးရွာမှ 
ကလေးများတွင် ဝက်သက်ရောဂါ ကူးစက်နေပြီး တွူးကျန့် ရွာတွင် ကလေးငယ် ၃၄ ဦး 
ဖြစ်ပွားပြီး ထိုအထဲမှ ဖေဖေါ်ဝါရီ ၂ဝ နှင့် ၂၁ ရက်နေ့က နှစ်ရက်အတွင်း ၅ 
နှစ်အောက် ကလေးငယ် ၉ ဦး သေဆုံးခဲ့ကြောင်း ဆီဆိုင်မြို့နယ် ဆေးရုံကြီးထံမှ 
သိရသည်။ လွယ်တဖရီး ရွာတွင်မူ ရောဂါဖြစ်ပွားသူ ၃ ဦးသာ ရှိကြောင်း သိရသည်။ 
“ကလေးတွေက
 ဝက်သက်ရောဂါနဲ့ သေတယ်ဆိုတာ သေပြီးမှပဲ အဲဒီရွာကလူတွေ ပြောပြချက်အရ သိရတာ။ 
အဲဒီရွာ မှာ ဝက်သက်ရောဂါ ဖြစ်နေတာတော့ မှန်တယ်။ ဖြစ်တဲ့ ကလေးတွေရဲ့ 
အရေပြားပေါ်မှာ အနီစက်တွေ ဖြစ်တယ်။ ခက်တာက အဲဒီရွာတွေက တိုက်နယ်ဆေးရုံတွေ၊ 
ဆေးပေးခန်းတွေနဲ့ ဝေးတယ်ဗျ။ သေပြီးတဲ့ နှစ်ရက် နောက်ပိုင်း
တော့ ထပ်သေတာ မရှိပါဘူး” ဟု ကူးစက်ရောဂါကု ဆရာဝန်တဦး က မဇ္ဈိမကို ပြောသည်။ 
ဝက်သက်ရောဂါ
 ကူးစက်ဖြစ်ပွားနေသည့် တွူးကျန့် ကျေးရွာသို့ ဖေဖေါ်ဝါရီ ၂၅၊ ၂၆ ရက်နေ့များက
 ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဝင်းဇော်လှိုင် ဦးဆောင်သည့်
 ကျန်းမာရေးအဖွဲ့များက ကွင်းဆင်းလေ့လာခဲ့ကြပြီး ဒေသခံများ အရေးပေါ် 
လိုအပ်နေသည့် ဝက်သက် ကာကွယ်ဆေးများကို စီစဉ်ပေးခဲ့သလို ရောဂါကာကွယ်ရေး 
အတွက်လည်း ဟောပြောမှုများ ပြုလုပ်ခဲ့သည် ဟုသိရသည်။ 
Rota Virus အမျိုးစား ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးအသိ နိမ့်ကျပြီး ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများတွင် နှစ်စဉ် ကလေးငယ် ၅ သိန်းခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် ဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းမှ ၅ သန်းထိရှိပြီး ထိုအထဲကမှ ၁ သိန်းမှ ၁ သိန်းနှစ်သောင်းခန့်သည် ဝမ်းရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
 
 
No comments:
Post a Comment