By နောင်ခမ်းခါ | တောင်ကြီးတိုင်းမ် | စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၀ | ဗုဒ္ဓဟူးနေ့
စနေနေ့ အလုပ်ပိတ်ရက်ဖြစ်သဖြင့် မျက်နှာသစ် သွားတိုက်ပြီး၊ နံနက်ဆောင်းလေညင်းလေး ရှူရှိုက် ခံစားရန်နှင့် နံနက်ခင်းရဲ့ အေးမြတဲ့ရာသီဥတုကို ခံစားရန် အိပ်ယာမှ စောစောထဖြစ်ခဲ့သည်။ စောစောဆိုသော်လည်းပဲ (၇) နာရီချိန်ခန့် ရှိပြီဖြစ်၏။ နံနက်ခင်း အေးချမ်းလှသဖြင့် အိပ်ယာမှထပြီး နွေးထွေးတဲ့ အိမ်ရှေ့ နေရောင်ခြည် ဖြာကျသည့် နေရာတွင် ရေနွေးကြမ်းခွက် လေးမော့၍ စာအုပ်လေးထိုင်ဖတ်ဖြစ်ခဲ့သည်။
တချိန်းမှာပဲ စာထိုင်ဖတ်နေတဲ့ အချိန်ခိုက်မှာ မိမိနှင့်မလမ်းမကန်းနေရာတွင် မိမိ၏ ကလေးငယ်များကို ဟိုနေရာမှ ဒီနေရာသို့ ရွှေ့လျား၍ အစာရှာ ကျွေးမွေးနေသည့် ကြက်မကြီးနှင့် ၎င်း၏ ကလေးတစ်အုပ်ကြီးကိုကြည့်ရင်း စာဖတ်ရာ၌ အာရုံမရနိုင်တော့ပဲ ဟိုဟိုဒီဒီ အတွေးကြောများ ဆန့်ထွက်လေတော့၏။
ယင်းကြက်မကြီးသည် ကလေးငယ်တစ်အုပ်ကြီးကို ခေါ်ဆောင်၍ အစာရှာကျွေးရင်း သူနှင့် သူ၏ကလေးအနီးအနားတွင် ချဉ်းကပ်လာပြီး သူ့၏ကလေးငယ်များကို အန္တရယ်ပေး ဒုက္ခပေးမည့် ခွေး ကြောင် သို့မဟုတ် လူ မည်သည့်သတ္တ၀ါမဆို ချမ်းသာခွင့် မပေးပေ။ မိမိနေထိုင်သည့်အိမ်ရှေ့ကွင်းပြင်မှ မြက်ပင်များအကြားတွင် ကလေးငယ်များကို အစာရှာကျွေးနေစဉ် သူ့အနားတွင် ကပ်လာသည့် ခွေးမတစ်ကောင်ကို “ကူး ကူး ကဲ ကဲ” ဟု ကျယ်လောင်စွာ အသံပြုရင်း မနားတမ်း ပြေးခွပ်၍ တိုက်ခိုက်လိုက်၏။
ခွေးမကြီးမှာ ခွန်အားအရဖြစ်စေ ကိုယ်လုံးကိုယ်ထည်ဖြစ်စေ သူထက် အဆမတန်ကြီးမား၏၊ သူထက်များစွာ သာလွန်၏။ သို့သော် ကြက်မကြီးမှာ ခွေးမကြီးကို ကြောက်ရွံ့ပုံမပေါ်။ မိမိ၏အသက်အန္တရယ်ကို ကရုမစိုက်။ သူ့ကလေးကို လာရောက်အန္တရယ်ပေးသည့် ခွေးမကြီးကို မကြောက် မရွံ့ တိုက်ခိုက် မောင်းထုတ်လိုက်၏။ အစစအရာရာ သူ့ထက်အဆပေါင်းများစွာ သာလွန်သည့် ရန်သူကို သတ္တိရှိရှိနဲ့ ခုခံလိုက်တဲ့အတွက် သူ့ကလေးအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့၏။
ယင်းကြက်မကြီးမှာ ကြက်တို့၏သက်တမ်းအလိုက် တော်တော်အသက်ကြီးပုံရပြီး အတော်ပိန်နေ၏။ သူ၏ကလေးတအုပ်မှာလည်း နည်းသည်မဟုတ်၊ ၁၅ ကောင်အနည်းဆုံးရှိမည်ဟု ထင်၏။ သူ၏သန်မာသည့် ခြေထောက်ဖြင့် ဟိုနေရာ ဒီနေရာလိုက်ခွပ်ပြီး စားစရာတစ်ခုခုတွေ့တိုင်း ‘ဂွပ်..ဂွပ်..ဂွပ်’ ဆိုသည့် အသံလေးလုပ်ပြီး၊ မိခင်အသံကြားတိုင်း ကြက်ကလေးများလည်း သူဦး ကိုယ်ဦး မိခင်ထံတွင် အုပ်လိုက်ပြေးလာကြပြီး အစာလုကြ၏။
ကြက်မကြီးမှာ ဤကဲ့သို့များပြားလှသည့်ကလေးများရှိရာ တွေ့ရှိသည့်အစာတိုင်း သူကိုယ်တိုင်မစားရပဲ မိမိကလေးများကိုသာ ကျွေးနေရ၏။ ဤအတွက်ကြောင့် ကြက်မကြီးခမျာ မိမိဝမ်းအတွက် အစာဝအောင်မစားသုံးရပဲ ပိန်လှီနေပြီး အသက်ကြီးသလို ဖြစ်လိမ့်မည်ဟုလည်း စိတ်တွင်မှတ်ချက်ချမိ၏။
သို့သော်လည်း ကြက်မကြီးမှာ ပိန်ကပ်ပြီး အသက်ကြီးပုံ ပေါ်နေသော်လည်းပဲ သူ့ကလေးများအတွက် မနားမနေ ပြုစုလုပ်ကြွေးနေသည်ကို ထိုင်ကြည့်ရင်း မိမိစိတ်တွင် အတော်ပီတိဖြစ်ရ၏။ မိမိကလေးများအတွက် မခိုမကပ် စိတ်ရှည်လက်ရှည် မပင်မပန်း၊ တွက်လက်ပေါ့ပါးစွာ အစာအစားရှာဖွေ ကျွေးမွေးစောင့်ရှောက်နေသည်မှာ ကလေးငယ်များ အပေါ် မိခင်ရဲ့တာဝန် လွန်စွာကျေပွန်၏။
ကြက်ပေါက်စကလေးမှာလည်း များလှသည်ဖြစ်ရာ တစ်ကောင်နှင့် တစ်ကောင် အရောင်ကမတူကြ။ ဖြူ မဲ နီ ၀ါ စိမ်း ညို ပြာ အရောင်က စုံလွန်းလှ၏။ မိခင်ဘေးနားတွင် အသံလေး ‘ကု ကု ကိ ကိ’ လုပ်ပြီး ဟိုပေး ဒီပတ်၊ မိခင်ကျောကုန်းပေါ် ခုန်တက်လိုက် ခုန်ဆင်းလိုက်နှင့် စော့ကစားရင်း အစာစားကြ၏။ သူတို့ခမျာ လွန်စွာအပစ်ကင်းပြီး ချစ်စရာအလွန်ကောင်းလှ၏။ ၎င်းတို့အား တာဝန်ကျေပွန်ပြီး ယုယတတ်သည့် မိခင်အနားတွင် မှီခိုနေထိုင် စားသောက်ရဖြင့် သူတို့ဘ၀သည် အပူအပင်ကင်းပြီး လွန်စွာပျော်ပါးကြသည်ကို မြင်၍ စိတ်၌ ကြည်နူးနေမိ၏။
ကြက်မကြီးမှာ မတူကွဲပြား ခြားနားသည့်အရောင် ကိုယ်စီရှိကြသည့် မိမိ၏ ကလေးငယ်များ အပေါ် တစ်ကောင်အပေါ်မှ အခြားတစ်ကောင်ပေါ်ထက် သာလွန်သည့်မေတ္တာ မတူညီသည့် ပေးကမ်းစောင့်ရှောက်မှု ခြားနားသည့်မျက်နှာသာပေးမှု စသည့်အမွေးအမျှင် အသားအရောင် အခြေခံသည့် ခွဲခြားမှုများ မရှိပဲ မိမိကလေးများအားလုံးအပေါ် သာတူညီမျတဲ့ အကြင်နာတရားနဲ့ အယုအယတွေ ပေးကမ်းနေသည်ကိုလည်း ချီးကျူးစရာပင်။
ကြက်ကလေးများမှာ လွန်စွာငယ်ရွယ် နုနယ်နေသေးသည်ဖြစ်ရာ ဆောင်းလေအေးလေး၏ တိုက်ခတ်မှုကို ကာကွယ်ရန်နှင့် မိမိကိုယ်ကိုနွေးထွေစေသည့် အတောင်ပံနှင့် အမွေးအမျှင်များ မစုံလင်သေးပေ။ နံနက်ပိုင်းဆောင်းလေနှင့် နှင်းငွေ့များ၏ အအေးဓာတ်ကြောင့် အေးချမ်းလှသဖြင့်၊ ကြက်မကြီးမှာ မိမိ၏ကလေးများနွေးထွေးမှုရရန်အလို့ငှာ အစာရှာခြင်း အလုပ်ကိုခဏရပ်၍ ခြေနှစ်ချောင်းနှင့် အတောင်ပံနှစ်ဖက်ကို ညင်သာစွာ ကားဆန့်ပြီး ကြက်ကလေးများလည်း တစ်ကောင်မျှမကျန် မိခင်ကြီး၏အတောင်ပံနှင့် ရင်အုပ်ကြားတွင် ပြေးဝင်နားခိုကြကုန်၏။
ဤကဲ့သို့ မိမိကလေးငယ်များကို ပြုစု စောင့်ရှောက်သည့် မိခင်အမှုပြုနေသည့် ကြက်မကြီး၏ နံနက်ခင်းဘ၀ တဒင်္ကလေးကို ကြည့်ရင်းဖြင့် မိမိစိတ်ကူးအတွင်းတွင် ကောက်ချက်များ ချလိုက်မိ၏။
ကြက်မကြီးမှာ မိခင်၏တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရင်း မိမိကလေးငယ်များ အတွက် ပြုအပ်သည့်အမှုကိစ္စများကို တစ်ခုမှမကျန် တာဝန်ယူဆောင်ရွက်ပေး၏။ မိမိကလေးငယ်များ၏ အသက်ဘေးကို ပေးလာသည့် မည်သည့်အန္တရယ်မဆို ခုခံကာကွယ်မှု ပေးပြီး အတတ်နိုင်ဆုံး မိမိကလေးငယ်များ၏ ဘ၀လုံခြုံမှုကို တာဝန်ယူ၏။ မိမိ၏ကလေးငယ်များ အသက်ရှင်ရေး ကြီးထွားသန်မာလာရေးအတွက် မိမိကိုယ်ကိုယ် ၀မ်းပြည့်ဖို့အရေးကို နောက်ချန်ထား၍ မိမိကလေးငယ်များကို အပင်ပန်းခံပြီး အစာရှာဖွေ ကျွေးမွေး၏။ ဆောင်းလေအေး၏ တိုက်ခတ်မှုဒဏ်ကိုခံပြီး မိမိ၏ကလေးများကို အနွေးဓာတ်ပေး၏။ အားလုံးသော မိမိကလေးငယ်များအပေါ် သာတူညီမျသည့် မေတ္တာတရားများ ကြင်နာမှုများ ပေးဆောင်၏။
လောကကြီးထဲသို့ မွေးဖွားလိုက်သည့် ကြက်ကလေးများကို တစ်ကောင်မှ စွန့်ပစ်မထားရပဲ ကျွေးမွေး စောင့်ရှောက်ဖို့ မိမိမှာ တာဝန်ရှိသည်ဟု ကြက်မကြီးခမျာ သိရှိထားဟန်ရှိ၏။
မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့ မိမိကလေးငယ်များအပေါ် ပြုအပ်သည့် ပြုထိုက်သည့် ပြုသင့်သည့် ၀တ္တရားများ တာဝန်များ ကျေပြွန်စွာထမ်းဆောင်နေသည့်ကြက်မကြီးနည်းတူ အခြားသောသတ္တ၀ါများလည်း လောကတွင် ပြုအပ်သည့်အမှုကိစ္စများ ကျေပြွန်စွာ ပြုနိုင်ကြပါကုန်....။

No comments:
Post a Comment