အပစ်ရပ် SSA ဥက္ကဌ HGF လက်ခံ၊ တပ်ဖွဲ့နှစ်ခြမ်းကွဲဖွယ်ရှိ

 
ဧပြီလ ၂၂ ရက်နေ့ မြောက်ပိုင်း အပစ်ရပ်သျှမ်းပြည်မတပ်တော် ဥက္ကဌ နှင့် EC ဆယ်ယောက်ကျော်က HGF အဖြစ်အသွင်ပြောင်းဖို့ ရပခ စစ်တိုင်းရုံးသို့ သွား၍ ခေါင်းငြိမ့် လက်ခံသဘောတူခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။



“ဟုတ်တယ်၊ ဥက္ကဌ စ၀်လွယ်မောဝ်နဲ့ အဖွဲ့ ၁၂ ယောက်သွားတယ်၊ နယ်မြေစောင့်တပ်ပြောင်းဖို့ စိန်ကျော့ဌာနချုပ်က စတင်လက်ခံ လိုက်ပြီ၊ လက်မခံတဲ့ တပ်မဟာတွေက ၀ လမ်းစဉ်အတိုင်းဆက်လိုက်မယ်ဆိုတော့  အနည်းဆုံးနှစ်ဖွဲ့ကွဲ သွားမယ့်သဘော၊ နအဖရဲ့ သပ်လျှိုဖြိုခွဲ စည်းရုံးမှုအောင်မြင်တယ် လို့ပြောရမယ်” - ဟု လားရှိုးရပ်မိရပ်ဖတဦးကပြော ပါသည်။

ဧပြီ ၂၂ ရက်က ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ တပ်မဟာ ၃ မှူး ဗိုလ်မှူးကြီးလှမြင့်၊ ဗဟိုအုပ်ချုပ်ရေးဌာန အကြီးအကဲ စ၀်ကောင်တိုင်း၊ ဒုတပ်မဟာ ၁ မှူး ဗိုလ်မှူးကြီးခေးတိုင်း၊ SSA - ဒုအတွင်းရေးမှူး ဗိုလ်မှူးစိုင်းအွမ်၊ ဗဟိုလုံခြုံရေးတပ်မှူး ဗိုလ်မှူးလိန်ဇင့်၊ ဗိုလ်မှူးအောင်မြင့်၊ ဗိုလ်မှူးသန်းဌေး နှင့် ဗိုလ်မှူးယွက်မောဝ်တို့ပါဝင်သော အဖွဲ့ ၁၂ ယောက်ကလားရှိုး အခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့်သွားရောက်တွေ့ဆုံကာနယ်မြေစောင့်တပ်အသွင်ပြောင်း မည့် အစီစဉ် သဘောတူ လက်ခံခဲ့၏။  HGF ၃ ရင်းစာအတွက်လည်း အင်အား တထောင်ကျော် စာရင်းပေးခဲ့ပြီးလက်နက် ငယ် ၁၅၀ ခန့်လည်းအပ်နှံခဲ့သည် ဟုဆို၏။

ဧပြီ ၂၃ ရက် အပစ်ရပ် SSA ဌာနချုပ် ဆိုင်ကျော့သို့ ဒု တိုင်းမှူးသွားပြီး HGF ပြည်သူ့စစ်အသွင်ပြောင်းပွဲအခန်းအား ပြုလုပ်ရန် လူသိ ရှင်ကြားထုတ်ဖေါ်ကြေငြာမည်ဟု အကြောင်းကြား ထားသော်လည်းဌာနချုပ်တွင်လုံခြုံရေးတာဝန်ယူ ထားသော တပ်မဟာ ၁ တပ်မှူး များက သွားခွင့်မြုပနိုင်သေးကြောင်း၊ အကယ်၍သွားခဲ့ပါကလက်နက်ကိုင်ပဋိပက္ခ ဖြစ်လာလျှင် မိမိတို့တာဝန်မဟုတ်ကြောင်းပြန်လည် အကြောင်းကြားသဖြင့် ဒုတိုင်းမှူးအစီအစဉ်ဖျက်သိမ်း လိုက်ရသည်ဟု သိရသည်။

BGF အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA သာမက လားရှိုးရှိ KIA နှင့် UWSA ဆက်ဆံရေးတာဝန်ခံများကလည်း သွားရောက် လက်ခံ သဘောတူခဲ့၏။ သို့သော် ၎င်း တို့ဗဟိုဌာချုပ်အသီးသီးထံ အစီရင်ခံတင်ပြသောအခါ (မိမိတို့ တင်ပြခဲ့ဖူးသော တောင်းဆိုချက် ၈-၉ ချက် များနှင့် မကိုက်ညီလျှင်) BGF ဖြစ်ရန် လက်မခံ/သဘောမတူနိုင် သေးဟု နအဖ ထံ အကြောင်းပြန်လိုက်ကြောင်း အခြား ဆို့စ်တခုက ဆိုပြန်သည်။

“၃၀/၄/၁၀ မဟုတ်ရင် ၁/၅/၁၀ ရက်မှာ ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ဒုတိုင်းမှူးဖြစ်ဖြစ် SSA ဌာနချုပ် ဆိုင်ကျော့ (စိန်ဂျော့) ကို သွားမလား၊ HGF အသွင်ပြောင်းအခမ်းအနားနဲ့ ထုတ်ပြန်ကြေငြာပြီး နိုင်ငံရေးအမြတ်ထုတ်မယ်ထင်တယ်။တိုင်းမှူး မဟုတ်ရင် ဒုတိုင်းမှူးကို တိုင် ဦးဆောင်ပြီး တပ်မဟာ ၃၊ တပ်မဟာ ၇ ဘက် ဆက်သွားမလားမပြောတတ်ဖူး၊ သူတို့ ပါလက်ခံရင်ပေါ့၊ လုံး ၀ လက်မခံနိုင်တဲ့ တပ်မဟာ ၁ ကတော့ ပြတ် သားတယ်” - ဟု ခိုင်လုံသည့်သတင်းရပ်ကွက် ကပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဒုဥက္ကဌ စ၀်ကိုင်ဖှာ့လည်း SSA ၏ ယခင်ဦးဆောင်ပါတီဖြစ်သည့် SSPP သျှမ်းပြည်တိုးတက်ရေးပါတီ အမည်နှင့် နအဖ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်မည် ဟုဆိုသည်။

မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော်အခြေအနေနှင့် ပတ်သက်၍ ဒေသခံမျိုးချစ်လူငယ် တဦးက ဆက်၍ -ယခု အခြေ အနေ အရ ဗိုလ်ချုပ်လွယ်မောဝ်နှင့်အဖွဲ့က နအဖ လက်အောက်ခံတပ်အဖြစ်ရောက်ရှိမည်၊ စ၀်ကိုင်ဖှ၏နိုင်ငံရေး ပါတီက ရွေးကောက် ပွဲဝင် မည်၊ လက်မခံသည့်တပ်မဟာများက ဥပဒေပြင်ပ မတရားအသင်း အဖွဲ့ဖြစ် သွားမည် - အနည်းဆုံး ၃ ဖွဲ့ ကွဲသွားနိုင်၏။ ဗိုလ်ချုပ် လွယ် မောဝ်ကြောင့် ၁၉၆၄ ညောင်ရွှေမဟာဒေ၀ီ စ၀်မယ့်နန်းဟိန်းခမ်းတည် ထောင် ခဲ့သည့် သျှမ်းပြည်တပ်မတော်သမိုင်းလည်း ရေစုန် မျှောရတော့မည်လောဟူ၍ သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြ ပါသည်။

ပြည်ထောင်စုမှခွဲထွက်ရန်ကြံစည်သည့်အမှုအပါဝင် စွဲချက်ပေါင်းများစွာဖြင့် နအဖ စစ်အုပ်စုက ထောင်ဒဏ် ၁၀၆ ပစ်ဒဏ် ပေးထားသည့် ခန္တီးအကျဉ်းထောင်ရောက် သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထဲန့်ကမူ ပြင်ပလောကရှိ သျှမ်းပြည် တပ်မတော်ခေါင်းဆောင် များ အား ‘ကိုယ်ကျိုးစွန့်ပြီး သျှမ်းပြည်တပ်မတော်၏ သမိုင်းကို ထိန်းသိမ်းစောင့် ရှောက်ရန် မိမိရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ခရီးဆက်ရန်’ အကြိမ်ကြိမ်မှာကြား ခဲ့သေးသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/810--ssa-hgf-

No comments: