အမြင်ဆောင်းပါး | ခွန်သန်းအောင်
သြဂုတ်လ ၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်
“ပအိုဝ်း တအိုဝ်းထဲရှိဖို့လိုသည်“ ဆိုသည့် စကားအရ၊ စာအရ ခဏခဏ ကြားဖူးမှတ်ဖူးသည်။ သို့သော် ထိုစကား ဆိုသောသူသည် ပအိုဝ်းစာမူ တမူဖြစ်ရေးကို တွေးဖူးပါသလား။ စဉ်းစားဖူးပါသလား။
ပအိုဝ်းလူမျိုးတို့သည် သမိုင်းအစဉ်အလာအရ ရှေးယခင်ခေတ်အဆက်ဆက်က ရှင်သန် ရပ်တည်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း စသောဒေသများတွင် အသီးသီးနေထိုင်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းဖြစ်စေ၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ မည်သည့်တိုင်းနှင့်ပြည်နယ်ဒေသတွင်မဆို နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားလူမျိုးအားလုံးတို့သည် ပြောဆိုအသုံးပြုသော ပအိုဝ်းဘာသာစကားနှင့် ပအိုဝ်းလူမျိုးတို့၏ယဉ်ကျေးမှုသည် အတူတူပင်ဖြစ်ကြသည်။
လူမျိုးတစ်မျိုးတွင် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့သည် ထိုလူမျိုးတို့၏ ရှင်သန် ရပ်တည်ရေးအတွက် အသက်သွေးကြောဖြစ်သည်။ မည်သို့ပင်လူမျိုးတစ်မျိုးအဖြစ် ရှိနေစေကာမူ ဘာသာစကားနှင့်ယဉ်ကျေးမှုမရှိလျှင် ကာလရှည်ရပ်တည်ရှင်သန်နိုင်ရန် သမိုင်းကြောင်းလှမည် မဟုတ်သလို စာပေမရှိလူမျိုးသည်လည်း အမြစ်မတွယ်သည့်သစ်ပင်ကဲ့သို့ လွယ်ကူစွာသစ်ကိုင်းခြောက်ပင် ဖြစ်သွားနိုင်သည်။ သစ်ပင်တစ်ပင်ရှင်သန်ရေးအတွက် အစာရှာ၊ ရေစုပ်မြစ်သည် အဓိကဖြစ်သည်။
ထို့အတူ နေရောင်နှင့်လေထုများ စုပ်ယူရရှိရန်အတွက် အရွက်အညွတ်များသည် ပဓာနဖြစ်သည်။ ရေစုပ်သော အမြစ်များရှိမှသာ အရွက်အညွတ်များသည် စိမ်းစိုနိုင်မည်ဖြစ်သည်။ ရွက်ညွတ်များ စိမ်းစိုမှသာ နေရောင်နှင့်လေထု စုပ်ယူသောအလုပ်ကို သူလုပ်နိုင်မည်ဖြစ်သည်။ နေရောင်၊ လေထု၊ ရေ၊ မြေတို့ကို ထပ်တူထပ်မျှ စုပ်ယူမှုရှိမှာသာလျှင် ထိုသစ်ပင် ရေရှည်ရှင်သန်နိုင်မည်ဖြစ်သည်။
ပအိုဝ်းလူမျိုးတို့သည် ကိုယ်ပိုင်စာပေနှင့်ဘာသာစကား ရှိပြီးဖြစ်သည်။ ပအိုဝ်းလူမျိုးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု အ၀တ်အစားနှင့် ရိုးရာထုံးစံဓလေ့များရှိပြီး လူမျိုးတစ်မျိုးဖြစ်သည်။ ထိုရှိနေပြီးသော လူမျိုး၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအ၀တ်အစားနှင့် ရိုးရာထုံးတမ်းဓလေ့တို့သည် ပအိုဝ်းလူမျိုးတို့ သမိုင်းအစဉ်အဆက် ရှင်သန်သွားရန် ပအိုဝ်းလူမျိုးတို့၏ အခြေအမြစ်ဖြစ်သည်ဟု ဆိုရရင်လည်း မှားမည်မဟုတ်။
လူမျိုးတစ်မျိုးတွင် ရှိနေပြီးသော လူမျိုးရေးစိတ်ဓါတ်၊ လူမျိုးခံယူချက်တည်းဟူသော “ငါသည်ပအိုဝ်းလူမျိုးဖြစ်သည်“ ဆိုသည့် လူမျိုးသွေးခံယူချက်သည် လူတစ်ယောက်ကို အတင်းအဓမ္မ ခံယူခိုင်း၍ ရနိုင်သည့်အရာ ဟုတ်မည်မထင်။ အခြားလူမျိုးတစ်မျိုးကို မိမိလူမျိုးအဖြစ် ခံယူခိုင်း၍ ရနိုင်မည်မဟုတ်သလို မိမိလူမျိုးသည်လည်း အခြားလူမျိုးအဖြစ် ခံယူနိုင်လိမ့်မည်မဟုတ်ပါ။ ဤတွင် ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓါတ်သည် ဤကမ္ဘာတွင် အဘယ်မှာ ရှာတွေ့နိုင်မည်နည်း။
ဤသို့ ကိုယ့်ပအိုဝ်းလူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားသောစိတ်ဓါတ်၊ ငါသည်ပအိုဝ်းဟု ခံယူနေပြီး စိတ်ဓါတ်တွေ ခိုင်မြဲစွာ အမြစ်တွယ်နေသည့် ခမ်းဒေါမ်က ဖူးဝေးရော၊ ခမ်းကောင်ကဖူးဝေး ပါ နားလည်းရန် လိုအပ်သည့် အရေးကြီးဆုံးအချက် တစ်ချက်ဖြစ်သည်။ ထိုစိတ်ဓါတ်တွေ တူညီနေလို့ ဖူးဝေးခမ်းဒေါမ်၊ ဖူးဝေးခမ်းကောင်တို့ ပအိုဝ်းလူမျိုးအဖြစ် ခံယူနေကြခြင်းဖြစ်သည်ဟု ထင်သည်။ ထိုတူညီမှုရှိနေပြီးသောအရာကို ကျွန်တော်တို့တွေ တန်ဖိုးထားတတ်ရန် လိုအပ်သည်။ ထိုတူညီမှု ရှိနေပြီးသောအရာကို ကျွန်တော်တို့တွေ အင်အားပြုတတ်ရန် လိုအပ်သည်။
ဖူးဝေးခမ်းဒေါမ်၊ ဖူးဝေးခမ်းကောင်တို့သည် စိတ်ဓါတ်အရင်းခံလည်းပအိုဝ်း၊ ပြောဆိုသည့်ဘာသာ စကားလည်းပအိုဝ်း၊ ရိုးရာယဉ်ကျေးမှု အ၀တ်အစားလည်းပအိုဝ်း စသောအချက်များမှာ အထူးပြောစရာမလို တူညီနေကြပြီး ဖြစ်သည်။ သို့သော် ပအိုဝ်းတို့မှာ ပြောဆိုသည့်ဘာသာစကားတွင် တူညီပြီး ထိုစကားလုံးများကို စာဖြင့် အရေးအသားတွင် အနည်းငယ်သာ ကွာနေသည့် ဖူးဝေးခမ်းကောင်စာမူနှင့် ဖူးဝေးခမ်းဒေါမ်စာမူကို ယနေ့ထိတိုင် ပအိုဝ်းတမျိုးသားလုံးအတွက် စာမူတမူဖြစ်ရေး စွမ်းဆောင်နိုင်ခြင်း မရှိသေးပါ။
ယခုအခါ ပအိုဝ်းအမျိုးသားများ လူကြီးပိုင်းနှင့် လူငယ်ပိုင်းတို့မှာရော ကိုယ်ကျိုးမငဲ့ အမျိုးသားရေးအတွက် တက်ကြွစွာလှုပ်ရှားသူ အတော်အသင့်ရှိပါသည်။ အချို့ ၀ါရင့်ပုဂ္ဂိုလ်ကြီးများသည် နှစ်ပေါင်းများစွာ ကြာမြှင့်အောင် ဖြတ်သန်းလှုပ်ရှားလာသူများလည်း ရှိကြပါသည်။ ပအိုဝ်းအမျိုးသားရေးအတွက်အလုပ် လုပ်သည်ဟု တော်တော်များများက ပြောဆိုကြပါသည်။ မည်သို့သော အမျိုးသားရေးနည်း။ ပအိုဝ်းတမျိုးသားလုံးအတွက် စာမူတစ်မူ ဖြစ်ရေးထက် ပိုအရေးကြီးနေပါသလော့။
ဖူးဝေးခမ်းကောင်နှင့် ဖူးဝေးခမ်းဒေါမ် စာမူတစ်မူဖြစ်ရေးသည် ဖြစ်လိုသည့် စိတ်ဆန္ဒမရှိ၍ မဖြစ်တာလား။ ဖြစ်လိုသောစိတ်ဆန္ဒရှိပြီး မဖြစ်နိုင်တာလား။ မည်သို့သော အခက်အခဲကြောင့်နည်း။ အကယ်၍ ဖြစ်လိုသော စိတ်ဆန္ဒရှိမည်ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိပါ။ အဘယ်ကြောင့် ဖြစ်လိုသောစိတ်ဆန္ဒ မရှိရပါသနည်း။ သင်တို့သည် ပအိုဝ်းအမျိုးသားများ မဟုတ်လို့ပါသလား။ သင်တို့သည် ပအိုဝ်းအမျိုးသားများ စည်းလုံးမှုကို မလိုလားတာလား။ သင်တို့သည် မည်သို့သော အမျိုးသားရေးကို လုပ်နေပါသနည်း။ ဖူးဝေးခမ်းကောင်စာနှင့် ဖူးဝေးခမ်းဒေါမ်စာသည် အများအပြား ကွာဟခြင်းလည်း မဟုတ်ပါ။ အနည်းအကျဉ်းသာဖြစ်သည်။
ပအိုဝ်းဘာသာစကားအသံ အဆင့် ၆ ဆင့်တွင် ၂ လုံးမြောက်၊ ၄ လုံးမြောက်၊ ၆ လုံးမြောက်တို့၌ ထူးခြားသော အမဲုင်များ ပါရှိသည်ကိုလည်း ဖူးဝေးခမ်းကောင်စာမူနှင့် ဖူးဝေးခမ်းဒေါမ်စာမူတို့တွင် အတူတူပင်ဖြစ်သည်။ အမဲုင်၏ ပုံသဏ္ဍာန်နှင့် အခေါ်အဝေါ်သာကွာ ခြင်းဖြစ်သည်။ ကျန်အခြားမှာ (ဟထိုး)၊ (၀ဆွဲ) သုံးခြင်းနှင့် မသုံးခြင်းသာ ကွာသည်။
”ပျက်ရင်အစဉ် ပြင်ရင်ခဏ” စကားတွင် “ပျက်ရင်အစဉ်“ ဆိုသည့် စကားအတိုင်း စာမူနှစ်မူအတိုင်း ထားသွားပါက မြေး၊ မြစ်၊ ဘီ၊ ဘင် နောင်မျိုးဆက်ပေါင်းများစွာအထိ ရှိသွားနေမည် ဖြစ်သည်။ နောင်လူငယ်များ ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်သောအခါတွင် ပအိုဝ်းတမျိုးသားလုံး ပါဝင်ဆောင်ရွက်ရေး၊ စာနှစ်မူ တစ်မူဖြစ်ရေးက အဟန့်အတားအဖြစ် ရှိနေဦးမည်ဖြစ်သည်။ ”ပြင်ရင်ခဏ” ဆိုသည့် စကားပမာ ဤတစ်နှစ် ဤတစ်ခေတ်တွင် လုပ်ဆောင်ထားပါမှ နောင်မျိုးဆက်များ စည်းလုံးမူသည် သေချာမည်ဖြစ်သည်။ စာနှစ်မူ တစ်မူဖြစ်ရေး အဟန့်အတား ရှိတော့မည်မဟုတ်ပေ။
ယနေ့ နယ်ဒေသအသီးသီးမှ ခမ်းပေါင်,စွုမ်;ပအိုဝ်းလူငယ်များသည် အားလုံး ပူးပေါင်းလက်တွဲ လုပ်ဆောင်ခြင်းကို အားသန်နေကြပါသည်။ ထိုသို့ခမ်းကောင်နှင့် ခမ်းဒေါမ်လူငယ်များ လက်တွဲလုပ်ဆောင်သောအခါတိုင်း ထွက်လာမည့် ထုတ်ပြန်ချက်များ၊ ကြေညာချက်များ၊ လူမျိုးကိုယ်စားပြု ဘုံသဘောတူညီချက်များကို မည်သို့သော စာပေဖြင့် ထုတ်ပြန်ရပါသနည်း။ ခမ်းကောင်စာဖြင့် ထုတ်သော် ခမ်းဒေါမ်အတွက် မပါသလို၊ ခမ်းဒေါမ်စာဖြင့်ထုတ်သော် ခမ်းကောင်အတွက် မပါသလို အခက်အခဲများ ကြုံတွေ့နေရပါသည်။
ထို့ကြောင့် မည်သို့သော သမိုင်းကြောင်းများ ဖြစ်စေကာမူ မာန်မာနအတ္တများကို ဖြေလျော့ပြီး ပအိုဝ်းအမျိုးသား၏ အနာဂတ်ရှေ့ရေးကို ကြိုမြင်သင့်သည်ဟု ထင်ပါသည်။ သင်တစ်ယောက် တစ်ဖွဲ့ ၏ မာန်မာနအတ္တကြောင့် ပအိုဝ်းလူမျိုးများ နောက်ကျကျန်နေရသည့် အဖြစ်မျိုး မဖြစ်သင့်ပါ။
ပအိုဝ်း တမျိုးသားလုံးအတွက် စာတစ်မူဖြစ်ရေးကို ပအိုဝ်းတမျိုးသားလုံးက လိုလားကြသည်။ ဤစာမူ တစ်မူဖြစ်ရေးကို နောင်ဆယ်နှစ်ကြာသောအခါမှ စလုပ်နိုင်မည်ဆိုပါက စာမူ၏ဖွံ့ဖြိုးတိုးတက်မှုသည် နောင်ဆယ်နှစ်မှ သုညက စရမည်ဖြစ်သည်။ စာမူ တစ်မူဖြစ်ရေးကို ယခုအချိန်ခါ အကောင်အထည်ဖော် လုဆောင်နိုင်မှ နောင်တချိန်တွင် စာပေတိုးတက်မှု အသင့်အသင့်သာ ရှိနေမည်။ ထို့ကြောင့် စာမူတစ်မူဖြစ်ရေးကို ကျွန်တော်တို့ အားလုံး ယနေ့စတင် အရေးဆို လုပ်ဆောင်သင့်ပြီဟု ထင်ပါသည်။
ယခုအချိန်တွင် ဖူးဝေးခမ်းကောင်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူများနှင့် ဖူးဝေးခမ်းဒေါမ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူများတို့ အချင်းချင်းညှိနိုင်းရန် သင့်လျော်သည့်အချိန်ဖြစ် သည်ဟု ယူဆသည်။ အတူညှိနိုင်းလုပ်ဆောင်သွားပါမှ အနာဂတ် ပအိုဝ်းစာမူ တစ်မူ ဖြစ်လာနိုင်မည် ဖြစ်သည်။ ဖူးဝေးခမ်းကောင် ဖူးဝေးခမ်းဒေါမ် ပအိုဝ်းစာပေယဉ်နှင့်ကျေးမှု တာဝန်ထမ်းဆောင်သော ပဂ္ဂိုလ်များသည် ပအိုဝ်းအမျိုးသားရေးကို ချစ်မြတ်နိုးသော ပုဂ္ဂိုလ်များဖြစ်ပါက ပအိုဝ်းစာတမူ တစ်မူဖြစ်ရေးကို စွမ်းဆောင်ရန် အထူးလိုအပ်ပါသည်။
အနာဂတ်ပအိုဝ်းလူငယ်များ လွောင်းဗူးရေးကို ရှေ့တန်းတင်ပြီး စာမူ တစ်မူဖြစ်ရေးကို ဖူးဝေးခမ်းကောင်၊ ဖူးဝေးခမ်းဒေါမ်တို့ အတူဝိုင်းဝန်းကြိုးစားလုပ်ဆောင်ကြမှသာ ပအိုဝ်းလူမျိုး တစ်မျိုး စာတစ်မူ ဖြစ်လာနိုင်မည် ဖြစ်သည်။ စကားဖြင့်သာ ပအိုဝ်းတစ်အိုဝ်းထဲရှိရမည်ဟု သေလောက်အောင် ရေရွတ်လည်း ဖြစ်လာနိုင်သည့်အရာ မဟုတ်ပါ။ ယခုအချိန်မှစ၍ ထလုပ်ကြပါကုန်လော့။
No comments:
Post a Comment