ဘန်ကောက်ရောက်ပအိုဝ်းမိသားများမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဟိုပုံးမြို့) အား ဂုဏ်ပြုကြိုဆို

ခွန်စိမ်းမောင် (တောင်ကြီး)၊ ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၄ ခု |တောင်ကြီးတိုင်းမ်



ထိုင်းနိုင်ငံ သူရိန်ဒါရာရာဇဖတ်တက္ကသိုလ် နိုင်ငံတကာရိုးရာယဉ်ကျေးမှုပွဲတော် မှ The Most Informative ဆုရရှိသည့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဟိုပုံးမြို့) အဖွဲ့၏ ကြိုဆိုဂုဏ်ပြုပွဲကို ဘန်ကောက် န၀မင်လမ်းသွယ် (၆၀) ၀ပ်ဘန်တွေး ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“နိုင်ငံပေါင်းများစွာကြား မြန်မာနိုင်ငံကိုယ့်စားပြု ပအိုဝ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကနဲ့ နှီးနှော်ဖလှယ်ခွင့် ရသည့်အတွက် ဘန်ကောက်ရောက်နေတဲ့ ပအိုဝ်းတိုင်းရင်းသားများကလည်း ၀မ်းသာစွာဖြင့် ဂုဏ်ပြုချင်ကြတယ်” ဟု ဘန်ကောက်ရောက်ကြိုဆိုဂုဏ်ပြုပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဟိုပုံးမြို့) အဖွဲ့၏ ယဉ်ကျေးမှုပွဲတော်မှာ အသုံးပြုခဲ့သည့် ရှင်လောင်းပွဲ အကပစ္စည်းများကိုလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ယိုင်းမြို့ ကော့အေးပအိုဝ်းရွာပြတိုက်မှာ ထားဖို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

ပြီးတော့ ကျန်နေတဲ့ ယဉ်ကျေးမှုအကရဲ့ အထောက်အကူပြု ပစ္စည်းများကိုလည်း ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုရေးကိစ္စရပ်များ အကျိုးဆောင်သည့် ပအိုဝ်းဓမ္မာရုံ ဖြစ်မြောက်ရေး အဖွဲ့အား မေတ္တာလက်ဆောင်အဖြစ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဟိုပုံးမြို့) ၏ အဖွဲ့ခေါင်းဆောင် ဦးခွန်မောင်ဖြူမှ ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

“ဒီနေ့ ကျနော်တို့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်ကျောင်းတက်နေတဲ့ ပအိုဝ်းရဟန်းများလည်း စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပအိုဝ်းအလုပ်သမားများနဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခွင့်ရတယ်။ ပြီးတော့ အခု ထိုင်းမှာ နိုင်ငံရေး အခြေအနေ မတည်ငြိမ်တဲ့ကြားက ကျင်းပပေးတဲ့ပအိုဝ်းဓမ္မာရုံ ဖြစ်မြောက်ရေးအဖွဲ့နဲ့ တက်ရောက်လာကြတဲ့ ပအိုဝ်းတိုင်းရင်းသားများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဟိုပုံးမြို့) ခွန်မောင်ကံ မှ ပြောပါတယ်။

(၉) ကြိမ်မြောက် Surin International Folklore Festival ပွဲတော်တွင် နိုင်ငံပေါင်း (၂၀) နိုင်ငံနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်ပေါင်း (၄၀၀) ကျော်ပါဝင်ပြီး ထိုင်းနိုင်ငံရှိ ဆူရင်ခရိုင်၊ အမ်နတ်စရွန်ခရိုင်၊ ဆည်းဆာခက်ခရိုင်၊ ဆာရဘူရီခရိုင် (၄) ခု အသီးသီး သွားရောက်ဖျော်ဖြေခဲ့ကြောင်းလည်း သိရပါတယ်။



1 comment:

admin@paomagazine said...

Congaratution for Pao's organization