တောင်ကြီး ရွှေညောင် ရေဘေး လူ ၁,၇၀၀ ကယ်ဆယ်ရေးစခန်း ရောက်

အေးလဲ့ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ရွှေညောင် ဒေသများတွင်
တောင်ကျရေကြီးမှု ယခင်အပတ်တွင် ဖြစ်ခဲ့ရာ ရေဘေးဒုက္ခသည် ၁,၇၀၀ ခန့်
ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။

သောကြာနေ့ကစတင်ပြီး ၃ ရက်ကြာ ရွာသွန်းသည့်မိုးကြောင့် တောင်ကျရေကြီး
ရေလျှံမှုဖြစ်ကာ ရွှေညောင်မြို့တွင် အိမ်ခြေ ၂၃၈ အိမ်မှ ရေဘေးဒုက္ခသည် ၉၉၁ ဦးနှင့် ညောင်ရွှေမြို့နယ်မှ အိမ်ခြေပေါင်း ၁၂၄ ရှိ ရေဘေးဒုက္ခသည် ၇၀၀ တို့ကို ကယ်ဆယ်ရေးစခန်း နှစ်ခုဖွင့်ကာ ကူညီနေရသည်။

ရေဘေး ဒုက္ခသည်များ အတွက် မြို့နယ် ရေဘေး ကူညီရေးအဖွဲ့နှင့် တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း ကူညီနေသည်။ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ထမင်းထုပ်နှင့် ဆေးဝါး အပါအဝင် ကျပ်ငွေ ၃ သိန်းခွဲဖိုး ကူညီခဲ့သည်ဟု NLD ၏ တောင်ကြီးမြို့နယ် NLD ပါတီဝင် ဒေါ်ခင်မို့မို့အေးက ဆိုသည်။

အလားတူ သြဂုတ်လ ၂၀ ရက်နေ့က တောင်ကြီးမြို့ပေါ်ရှိ ချမ်းမြသာစည် ရပ်ကွက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် မြေပြိုခြင်း၊ လူနေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ခဲ့ခြင်းကြောင့် ရေဘေး ဒုက္ခသည်များကို နဂါးပွက် ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းထားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဇူလိုင်လနှင့် သြဂုတ်လ ၂ လအတွင်း ရခိုင်ပြည်နယ်ရှိ ၇ မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မြို့နယ်တချို့၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း အစရှိသည့် မြို့နယ်များတွင် မြစ်ရေ၊ ချောင်းရေများ
ရေလျှံကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

No comments: