“ကျောက်မီးသွေးပြာတွေရော ဖုံမှုန့်တွေပါရှုနေရတာ။
Tuesday, June 14, 2011
တီကျစ်၊ ဇွန် ၁၄ ၊၂၀၁၁ (YPI) - ဂေါ်ဖီစိုက်ခင်းတွေကြားထဲမှာ သုံးဖာလုံပတ်လည်လောက်ရှိပြီး

ပေ ၂၀၀ လောက်နက်တဲ့ ကျောက်မီးသွေးတွင်းကြီးက နေရာယူထားတယ်။ အဲသည့်တွင်းကြီးနဲ့ မလှမ်းမကမ်းမှာတွင်းထဲကထွက်လာတဲ့ ကျောက်မီးသွေးမဟုတ်တဲ့ မြေစာခဲပုံကြီးက တောင်ပူစာတစ်လုံးလောက်ရှိတယ်။
`အဲဒီမြေစာပုံအောက်မှာ ကျွန်တော့်လယ်တွေရှိတယ်´ လို့ အသက် ၅၄ နှစ်အရွယ် လိုင်ခါးရွာသား ဂျန်ဖာစိုင်းက မြေစာပုံကြီးကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောပါတယ်။
မြေစာပုံကြီးဟာ ကျေးရွာထဲကလူနေအိမ်တွေထက်ကို သုံးလေးဆလောက်မြင့်တက်နေတယ်။
ယခင်ကသည်နေရာတွေအကုန်လုံးဟာလယ်စိုက်ကွင်းတွေ၊ ဥယျာဉ်ခြံမြေတွေဖြစ်ခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကစပြီး သည်လယ်ကွင်းတွေထဲမှာ ကျောက်မီးသွေးစတင်တူးဖေါ်ခဲ့ကြတယ်။ ရရှိတဲ့ကျောက်မီးသွေးတွေကိုတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအတွက် အသုံးပြုပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်း စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့လယ်မြေတွေနဲ့ ရွှေ့ပြောင်းခဲ့တဲ့ ရွာတွေအတွက် လျော်ကြေးပေးခဲ့ပေမယ့် အမှန်တစ်ကယ်တန်ဖိုးထက် များစွာနည်းပါးတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။
`လျော်ကြေးလေးနည်းနည်းပါးပါးတော့ပေးတာပေါ့။ အိမ်ဆောက်ဖို့မလောက်ဘူး´ လို့ အသက် ၆၂ နှစ်အရွယ် တောင်ပို့လရွာသား ဦးဂွေကပြောတယ်။
၎င်းကျေးရွာဟာ အိမ်ခြေ ၂၀ ကျော်သာရှိပြီး တစ်ရွာလုံးပြောင်းအရွှေ့ခံခဲ့ကြရပါတယ်။
အိမ်တစ်လုံးကို ငွေကျပ်တစ်သိန်းနဲ့ လယ်တစ်ဧကကို ကျပ်တစ်သောင်းသာပေးခဲ့တယ်လို့ ရွာသားတွေကပြောကြပါတယ်။
တောင်ပို့လကျေးရွာလိုပဲ ပြောင်းရွှေ့ခံခဲ့ရတဲ့ လိုင်ခါးရွာသား ဂျန်ဖာစိုင်းကလည်း `လျော်ကြေးပေးပြီးတော့ ဘာမှလှည့်မကြည့်တော့ဘူး။ တစ်အိမ်တည်းပြောင်းတာမဟုတ်ဘဲ ရွာလုံးကျွတ်ပြောင်းရတော့ တစ်ရွာလုံးလိုလိုဒုက္ခရောက်ကြရတယ်။ မိုးရွာတာ ရွှံ့တွေက ဒူးခေါင်းလောက်နဲ့။ အိမ်တွေရွှေ့ ပစ္စည်းတွေရွှေ့။ ၀ါးတစ်လုံးနိုင်ရင် ၀ါးတစ်လုံးသယ် ။ ကလေးတွေဆိုရင် သက်ကယ်တစ်ချက်နိုင်ရင် သက်ကယ်တစ်ချပ်သယ်ပဲ´ လို့ ၄င်းတို့ပြောင်းရွှေ့ခဲ့ရပုံကို ပြန်ပြောင်းပြောပြပါတယ်။
တီကျစ်ကျောက်မီးသွေးတွင်းကိုဗဟိုပြုပြီး ငါးမိုင်ပတ်လည်မှာ ကျေးရွာပေါင်း ၂၅ ရွာရှိပြီး ခန့်မှန်းလူဦးရေ ၁၂,၀၀၀ ကျော်နေထိုင်တယ်လို့ အစိုးရရဲ့တရားဝင်စာရင်းတွေကဖော်ပြပါတယ်။
တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ အင်းလေးကန်ရဲ့ အနောက်တောင်ဖက် ၁၃ မိုင်အကွာ၊ ကလောမြို့ရဲ့တောင်ဖက် ၂၂ မိုင်အကွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ မှာတည်ရှိပြီး တစ်နှစ်ကို ကျောက်မီးသွေးတန်ပေါင်း ၆၄၀,၀၀၀ အသုံးပြုလျှက်ရှိတယ်လို့ ပအို့ဝ်လူငယ်အစည်းအရုံးက ရေးသားထုတ်ပြန်ခဲ့တဲ့ အဆိပ်သင့်မိုးတိမ်များအမည်ရ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တီကျစ်ကျောက်မီးသွေးတွင်းစီမံကိန်းကို ၂၀၀၂ ခုနှစ်မှာ လယ်ယာမြေတွေနဲ့ ဒေသခံကျေးရွာတွေကိုဖယ်ရှားပြီး စတင်အကောင်အထည်ဖော်ခဲ့တာပါ။
စီမံကိန်းစတုန်းက အမှတ်(၃) မြန်မာ့သတ္တုလုပ်ငန်းဌာန၊ တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုကော်ပိုရေးရှင်း (China National Heavy Machinery Corporation – CHMC)၊ ရွှေသံလွင်ကုမ္ပဏီ၊ အရှေ့ဖျားဖွံ့ဖြိုးရေးကုမ္ပဏီ၊ ဧဒင်အုပ်စုကုမ္ပဏီ၊ အေ၀မ်းကုမ္ပဏီနှင့် အထူးဒေသ(၆) စီးပွားရေးလုပ်ငန်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။
တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကထွက်ရှိလာတဲ့လျှပ်စစ်ဓါတ်အားတွေကို တီကျစ်နဲ့ မိုင်၄၀ အကွာမှာဆောက်လုပ်နေတဲ့ ပင်းပက် သံမဏိစက်ရုံကို အများဆုံး ပို့ဆောင်ပေးတာဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်း ကပြောင်းကပြန်
တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေး စက် ရုံကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားပုံသဏ္ဍာန်တွေ ပျက်စီးပြောင်းလဲ ခဲ့တဲ့အပြင် ၄င်းဒေသရဲ့သဘာဝပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်ဖြစ်စေခဲ့ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါ ဖြစ်လာတဲ့အတွက် ဒေသခံတွေဟာ သူတို့ရဲ့ ရှေ့ရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
ကျေးရွာတွေရွှေ့ပြောင်းခံလိုက်ရသလို စိုက်ပျိုးစားသောက်စရာ လယ်မြေတွေလည်း အသိမ်းခံလိုက်ရတာကြောင့် ကျပန်းအလုပ်နဲ့ တောင်ပေါ်တက်ပြီးထင်းခုတ်တဲ့အလုပ်တွေဟာ

ဒေသခံရွာသားတွေရဲ့ဝင်ငွေရှာတဲ့ အဓိကလုပ်ငန်းတွေဖြစ်လာပါတယ်။
`လူကြီးတွေတောင်သစ်ပင်ကိုခုတ်ပြီးမီခိုနေရတော့ လူငယ်တွေပိုဆိုးတယ်။ အလုပ်မရှိအကိုင်မရှိဖြစ်ပြီး ပညာလည်းမတတ်တဲ့အခါကျတော့ အလုပ်လည်းရှာရတာခက်တယ်။ တစ်ချို့က ကုန်တင်ကားနောက်လိုက်ရင်းနဲ့ လုပ်ကိုင်စားသောက်ရတာတွေဖြစ်လာတယ်´ လို့ ၄င်းဒေသကိုသွားရောက်လေ့လာပြီး အဆိပ်သင့်မိုးတိမ်များ အစီရင်ခံစာကိုရေးသားရာမှာပါဝင်ခဲ့တဲ့ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ဓါတုဗေဒဘွဲ့ရတစ်ဦးကကပြောပါတယ်။
စိုက်ပျိုးစားသောက်စရာ မြေယာတွေနည်းသွားတာကြောင် ဒေသခံတွေရဲ့ဝင်ငွေကျဆင်းလာပြီး ကလေးငယ်တွေကို ကျောင်းမထားနိုင်တဲ့သူတွေတဖြည်းဖြည်းနဲ့များလာတယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။
`မိဘတွေက၀င်ငွေနည်းတော့ ကျောင်းမအပ်နိုင်ဘူးလေ။ ကျောင်းအပ်တော့ ကျောင်းဝင်ကြေးတွေဘာတွေ ပေးရသေးတယ်။ အလကားအပ်လို့ရတာမှမဟုတ်တာ။ ကျောင်းဝင်ကြေးမရှိ၊ စာအုပ်ဖိုးမရှိ၊ ကျောင်းဝတ်စုံမရှိ အဲဒီလိုတွေ´ လို့ လယ် ၁၀ ဧကအသိမ်းခံလိုက်ရတဲ့ တီကျစ်ရွာသားခွန်မောင်သိန်းက ပြောပြတယ်။
အလုပ်အကိုင်ပျောက်သွားရတဲ့ ဒေသခံအများစုဟာ သူတို့ရဲ့လယ်မြေတွေပေါ်မှာတည်ဆောက်ထားတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာအလုပ်လုပ်လိုကြပေမယ့် သူတို့ရဲ့ပညာအရည်အချင်းမပြည့်စုံမှုကြောင့် အလုပ်အကိုင်မရရှိခဲ့ကြပါဘူး။ တစ်ယောက်စနှစ်ယောက်စလောက်သာ ၄င်းစက်ရုံမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့်ရရှိခဲ့ကြပါတယ်။
`သူတို့ကပညာတတ်မှခေါ်တာကိုး။ လက်ရှိနေတဲ့ပြည်သူတွေက ပညာတတ်မပြောနဲ့ ၁၀ တန်းတွေ အထက်တန်းအဆင့်တောင်မအောင်တဲ့သူတွေအများကြီးပဲ´ လို့ ခွန်မောင်သိန်းက သူတို့ရဲ့အခက်အခဲကိုပြောပါတယ်။
လူမှုစီးပွား အကုန်ပျက်ပြား
ရွှေ့ပြောင်းခံခဲ့ရတဲ့တောင်ပို့လကျေးရွာနဲ့တီကျစ်ကျေးရွာကြားထဲမှာ ကျောက်မီးသွေးတွင်းကြီးနဲ့အတူ

ကျောက်မီးသွေးတွင်းကထွက်လာတဲ့ ကျောက်မီးသွေးမြေစာခဲပုံကြီးက တောင်ကြီးတစ်လုံးလိုခြားသွားပါတယ်။
ကျောင်းသားကလေးငယ်တွေ ကျောင်းသွားရတဲ့အခါ အဲသည့်မြေစာတောင်ပုံကြီးကို ဖြတ်သန်းသွားရပြီး အဲဒီလမ်းတစ်လျှောက်မှာလည်းမြေစာခဲသယ်ယူစွန့်ပစ်နေတဲ့ ကုန်တင်ကားကြီးတွေဥဒဟိုသွားလာနေတာကြောင့် အန္တရာယ်အလွန်ဖြစ်မှာ ရွာသားတွေစိုးရိမ်ကြပါတယ်။
`ကျောင်းသားတွေကျောင်းသွားကျောင်းပြန်အဲဒီ(မြေစာပုံ)နားမှာခိုကပ်နေကြတယ်။ ဆော့နေကြတာလေ။ မိုးရွာရင် (မြေစာပုံ) ပြိုကျမှာ အဲဒီတစ်ခုတော့စိုးရိမ်တယ်´ လို့ လိုင်ခါးကျေးရွာသား ဂျန်ဖာစိုင်းကပြောတယ်။
တူးဖော်ပြီးသား ကျောက်မီးသွေးတွေကို ဓါတ်အားပေးစက်ရုံကိုမပို့ခင် ကျေးရွာချင်းဆက်သွယ်သွားလာတဲ့ လမ်းတွေဘေးမှာပုံထားတာတွေ့ရတယ်။ ကျောက်မီးသွေးတွေက နေအပူရှိန်နဲ့အလိုလိုမီးတောက်လောင်နေတယ်။ ဖြတ်သွားဖြတ်လာတွေက မီးတောက်နေတဲ့ကျောက်မီးသွေးတွေကိုမနင်းမိအောင်သတိထားပြီးသွားလာရတယ်။
ကျောက်မီးသွေးတွင်းတစ်ဝိုက်မှာ ဖုံတထောင်းထောင်းထနေပြီး အနီးနားကကျေးရွာတွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာရော သီးနှံစိုက်ခင်းတွေပေါ်မှာပါ မြေစာမှုန့်ဖုံတွေတွေ့ရပါတယ်။

ကျောက်မီးသွေးမိုင်းတွင်းစတင်တူးဖော်စဉ်က မိုင်းခွဲရတာကြောင့် မြေကြီးတွေတုန်ခါပြီး တီကျစ်ရွာမှာတည်ထားတဲ့ ရှေးဟောင်းစေတီတစ်ဆူပြိုသွားခဲ့ပါတယ်။ ၄င်းစေတီလေးမှာနှစ်စဉ်နှစ်တိုင်း ဘုရားပွဲကျင်းပလေ့ရှိပါတယ်။ ယခုချိန်မှာတော့ ဘုရားမရှိတော့တာကြောင့် ၄င်းဘုရားပွဲလည်းမကျင်းပရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
`တန်ခူးသီတင်းကျွတ်ဆိုရင် ပဌာန်းရွတ်ပွဲတို့ ဆီမီးတစ်ထောင်တို့လုပ်တယ်။ ဘုရားပွဲကို အကြောင်းပြုပြီး ဆွေမျိုးတွေ နှစ်စဉ်နှစ်တိုင်းပြန်ဆုံရတာလေ။ အခုတော့စေတီလည်းမရှိတော့ဘူး။ စိတ်ဆိုးတော့ရောဘာတတ်နိုင်မှာလည်း ။ သူတို့လက်ခုပ်ထဲကရေတွေပဲလေ´ လို့ အသက် ၄၅ နှစ်အရွယ် တီကျစ်ရွာသားစိုက်ပျိုးရေးသမားတစ်ဦးက စေတီပြိုသွားတာနဲ့ပတ်သက်ပြီး သူ့ခံစားချက်ကိုဖွင့်ဟတယ်။
ကျောက်မီးသွေးတွင်းတာဝန်ယူထားတဲ့ကုမ္ပဏီက ပြိုသွားတဲ့စေတီကို ပြန်လည်တည်ဆောက်ပေးမယ်ဆိုပေမယ့် ယနေ့အချိန်ထိပြန်လည်တည်ဆောက်ပေးခြင်း မရှိသေးပါဘူး။ ပြိုကျသွားတဲ့စေတီနေရာကို လူတွေမ၀င်နိုင်အောင် ၀ါးကတ်နဲ့ ရာဇမတ်ကာထားတာတွေ့ရတယ်။
တီကျစ်လျှပ်စစ်ဓါတ်အားပေးစက်ရုံကနေ ဒေသခံကျေးရွာအချို့ကို လျှပ်စစ်ဓါတ်အားထောက်ပံ့ပေးထားပေမယ့်လည်း ၄င်းစက်ရုံကြောင့် ဒေသခံတွေဆုံးရှုံးမှုကပိုကြီးမားတယ်လို့ ဆိုကြပါတယ်။
`လျှပ်စစ်ပေးတာလည်း အလကားပေးတာမှမဟုတ်တာ။ မီတာတစ်လုံး နှစ်သိန်းခွဲဆိုလည်း ကိုယ့်ဖာသာပေးရတာပဲ။ ဒီရွာဆိုရင် လယ်လည်းပျက်၊ ရွာလည်းရွှေ့ရ။ ပညာရေးလည်းနောက်ကျ၊ ကျန်းမာရေးလည်းထိခိုက်တယ်´ လို့ တီကျစ်ကျေးရွာသား ခွန်မောင်သိန်းကပြောပါတယ်။
အသိမ်းမခံရဘဲကျန်ခဲ့တဲ့ သူပိုင်တဲ့လယ်ကွက်လေးထဲကိုရေသွင်းရတာခက်ခဲလာတာကြောင့် သီးနှံဖြစ်ထွန်းမှုကျဆင်းလာတာတွေ့ရတယ်။ သူစိုက်ပျိုးထားတဲ့ ပိုးကိုက်နေတဲ့ဂေါ်ဖီပင်တွေပေါ်မှာ မြေစာမှုန့်တွေတင်နေပြီး လယ်ကွက်မြေတွေပက်ကြားအက်နေတယ်။
သဘာ၀၀န်းကျင်နဲ့ ကျန်းမာရေး
မြန်မာနိုင်ငံမှာ အဓိကတူးဖော်နေတဲ့ကျောက်မီးသွေးတွင်းသိုက်ကြီး ၁၆ ခုရှိနေပြီး ကျောက်မီးသွေးတန်သန်းပေါင်း ၂၆၀ နီးပါးထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ဖော်ပြထားချက်အရ တီကျစ်ကျောက်မီးသွေးတွင်းဟာ ပဉ္စမအများဆုံးထုတ်လုပ်နိုင်တဲ့ကျောက်မီးသွေးတွင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အကြီးဆုံး ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းအတွင်း တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာထည့်သွင်းထားပြီး ဓါတ်အား ၄၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။ ဒ်ီကျောက်မီးသွေး တွင်းကနေ တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၁၇၀၀ နဲ့ ၂၀၀၀ အကြားတူးဖော်ထုတ်လုပ်ပါတယ်။ ၄င်းကျောက်မီးသွေးတွေကို အသုံးပြုတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကနေ တစ်ရက်ကို ကျောက်မီးသွေးပြာမှုန့် တန် ၁၀၀ ကနေ ၁၅၀ ကြားထုတ်လွှတ်တယ်လို့သိရပါတယ်။
ဓါတ်အားပေးစက်ရုံက မီးရှို့ပြီးတဲ့ကျောက်မီးသွေးပြာမှုန့်တွေကို စွန့်ထုတ်တဲ့အခါ ပြာမှုန့်တွေဟာ ကောင်းကင်ပေါ်မှာ လွင့်မျောနေပြီး အနီးအနားကျေးရွာတွေကို ပျံ့လွင့်ရောက်ရောက်ရှိလာပါတယ်။ ကျောက်မီးသွေးမီးရှို့တဲ့အခါမှာလည်း မီးလောင်ညှော်နံ့ဟာ အလွန်ပြင်းထန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အထူးသဖြင့် ဓါတ်အားပေးစက်ရုံနဲ့ ကပ်လျက်တည်ရှိနေတဲ့ တောင်ပို့လ၊ သာယာကုန်းနဲ့ ပြင်သာကျေးရွာတွေဟာ ကျောက်မီးသွေးပြာမှုန့်တွေရဲ့ဒါဏ်နဲ့ညှော်နံ့ကို အများဆုံးခံရပါတယ်။
`ကျန်းမာရေးအတွက်ထိခိုက်တာ ကျောက်မီးသွေးပြာတွေရော ဖုံမှုန့်တွေပါရှုနေရတာ။ ကြာရင်ဒီဘက်ပိုင်းမှာနေတဲ့သူတွေက အဆုတ်ရောဂါတွေဖြစ်ပြီးတော့ အသက်တိုလိမ့်မယ်´ လို့ တီကျစ်ရွာသားခွန်မောင်သိန်းက သူ့ရဲ့ထင်မြင်ချက်ကိုပြောပြတယ်။
တီကျစ်ကျောက်မီးသွေးမိုင်းကထွက်တဲ့မီးခိုးတွေ၊ ဖုံမှုန့်တွေနဲ့ ရေဆိုးရေညစ်တွေကြောင့် ၄င်းဒေသတစ်ဝိုက်မှာနေထိုင်တဲ့သူအချို့ အရေပြားယားယံတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာရတယ်လို့လည်း ၄င်းဒေသကိုအစီရင်ခံစာရေးဖို့သွားရောက် လေ့လာခဲ့တဲ့သူတွေနဲ့ ရွာသားအချို့ကပြောကြပါတယ်။
`အရေပြားယားယံတာလည်း စက်ရုံကထွက်လာတဲ့မီးခိုးကတစ်ဆင့် ရွာချတဲ့မိုးရေကို ချိုးတယ်သုံးတယ်၊ သောက်တယ်။ အဲဒီကတစ်ဆင့်ပြီးတော့မှ အရေပြားတွေယားယံလာတယ်။ တခြားနေရာတွေမှာမဖြစ်ဘူး။ စက်ရုံနဲ့နီးတဲ့နားမှာပဲဖြစ်ကြတာ´ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ဓါတုဗေဒဘွဲ့ရက ၄င်းရဲ့တွေ့ရှိချက်ကိုပြောပြတယ်။
အသိမ်းမခံရဘဲကျန်ခဲ့တဲ့ လယ်မြေအနည်းငယ်မှာစိုက်ပျိုးထားတဲ့ သီးနှံတွေဟာလည်း ကျောက်မီးသွေးပြာမှုန့်တွေနဲ့ မြေစာမှုန့်တွေကြောင့် သီးနှံအထွက်လျော့လာတယ်လို့ ဒေသခံစိုက်ပျိုးရေးလုပ်နေသူတွေကပြောကြပါတယ်။
ကျောက်မီးသွေးတွင်းကစွန့်ထုတ်လိုက်တဲ့ ရေဆိုးရေညစ်တွေကလည်း စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ဆိုကြပါတယ်။
ရေစုပ်စက်တွေနဲ့စုပ်ထုတ်လိုက်တဲ့ မိုင်းတွင်းကထွက်တဲ့ရေတွေဟာ တီကျစ်ရွာအနောက်ဖက်ကို စီးဆင်းသွားပြီး အင်းလေးကန်ထဲကိုစီးဝင်တဲ့ ဘီလူးချောင်းထဲကို စီးဝင်ပါတယ်။ မိုင်းတွင်းကထွက်လာတဲ့ရေတွေစီးဆင်းလာတဲ့ ချောင်းရိုးကျဉ်းလေးထဲကရေတွေဟာ မီးခိုးရောင်သမ်းနေတာတွေ့ရတယ်။
၎င်းဒေသတစ်ဝိုက်မှာ ဂေါ်ဖီ၊ ကြက်သွန်၊ အာလူးနဲ့ စပါးတွေကို အဓိကထားစိုက်ကြပြီး တခြားရာသီပေါ်သီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။
`ကျောက်မီးသွေးတွင်းကထွက်တဲ့ရေတွေကို ဆယ်ခေါင်းရွာဘက်တွေ တီကျစ်ရွာတွေမှာသုံးကြတယ်။ ကျွန်တော့်တို့အမြင်နဲ့ပြောရရင်တော့ ကျောက်မီးသွေးက အနည်အနှစ်တွေပါလာတော့ လယ်ကန်သင်းမှာ အနှစ်တွေတက်လာတယ်။ အပင်တွေအားသာမှုအများကြီးကွာသွားတယ်။ သိပ်မဖြစ်ထွန်းဘူး´ လိုင်ခါးကျေးရွာသား ဂျန်ဖာစိုင်းကပြောတယ်။
ကျောက်မီးသွေးတွင်းကထွက်လာတဲ့ မြေကျစ်စာပုံကြီးကြောင့် တောင်ကျချောင်း ရေစီးရေလာပိတ်ဆို့သလိုဖြစ်ပြီး တောင်ပို့လရွာအနီးမှာ ရေကန်ကြီးနှစ်ကန်ဖြစ်လာပါတယ်။ ၄င်းရေကန်ကြီးကြောင့်လယ်ယာမြေအများအပြားလည်း နစ်မြုပ်ကုန်ပါတယ်။ ရေကန်ကြီးထဲမှာ သေဆုံးနေတဲ့ ထင်းရှုးပင်တွေလည်းတွေ့ရတယ်။
ကျောက်မီးသွေးမိုင်းတွင်းကြောင့် မြေအောက်ရေကြောတွေ အပြောင်းအလဲဖြစ်ကုန်တယ်လို့လည်း ဆိုကြပါတယ်။ ဓါတ်အားပေးစက်ရုံနဲ့ကပ်လျက်တည်ရှိတဲ့ သာယာကုန်းကျေးရွာမြောက်ဘက်က ရေကန်ကြီးဟာ ကျောက်မီးသွေးမိုင်းတူးပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ခမ်းခြောက်သွားပါတယ်။ ယခင်က ငါးတွေအများအပြားရှိခဲ့တဲ့ရေကန်ကြီးထဲမှာ ကျောက်တုံးတွေပဲကျန်နေတာတွေ့ရတယ်။
အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဒေသခံရွာသားတွေကလည်း တောင်ပေါ်တက်ပြီး သစ်ခုတ်၊ ထင်းခုတ်အလုပ်တွေလုပ်ကိုင်လာတာကြောင့် ၄င်းဒေသမှာ သစ်တောတွေ အလျင်အမြန်ပြုန်းတီးလာပြီး အနာဂတ်မှာ ရေထွက်ရင်းမြစ်တွေကိုပါ ထိခိုက်လာမှာစိုးရိမ်ရတယ်လို့ ၄င်းဒေသကိုသွားရောက်လေ့လာပြီး အဆိပ်သင့်မိုးတိမ်များ အစီရင်ခံစာကိုရေးသားရာမှာပါဝင်ခဲ့တဲ့ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
၎င်းကပဲ တီကျစ်ကျောက်မီးသွေးတွင်းနဲ့ပတ်သက်ပြီး ၄င်းရဲ့အမြင်ကိုအခုလိုပြောပြပါတယ်။
`လူဦးရေတွေလည်း တစ်ဖြည်းဖြည်းပိုများလာတယ်။ စိုက်ပျိုးစရာမြေတွေလည်းမရှိတော့ဘူးဆိုတော့ သူတို့ဘ၀ အာမခံချက်လည်းမရှိဘူးဖြစ်နေတယ်။ လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်ဆုံးရှုံးတယ်။ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ ပြောမယ်ဆိုရင်တော့ ပုံစံတစ်မျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်တာ(ခံနေရတာ)ပါပဲ´။ ။
မှတ်ချက် - "Yangon Press International" Facebook မှ ကူးယူဖေါ်ပြခြင်းဖြစ်သည်။

No comments:
Post a Comment