ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

 စောရန်နိုင် | Saturday, 28 May 2011

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။


၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသ၌
နယ်ခြားစောင့် တပ် စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

1 comment:

ME said...

ဓာတ်ပုံကြီးက ဆိုင်းဘုတ်ထဲမှာတော့ အလံသစ်နဲ့ ဆိုင်းဘုတ်ပေါ်မှာတော့ အလံဟောင်းတွေပါလား.. အဲ့လို အလံအသစ်နဲ့အဟောင်း အတူတူတင်တာ ခုမှပဲတွေ့ဖူးတယ်ဗျာ...

မီဒီယာလွတ်လပ်ခွင့်ရှိမရှိတော့မသိဘူး မီဒီယာတွေက အဲ့လို သတင်းဓာတ်ပုံရဖို့ မလိုက်နိုင်တိုင်း ဖိုတိုလျှော့နေမယ်ဆိုရင်တော့ အနာဂါတ်သတင်းလောကအတွက် ဆိုးရိမ်စရာပဲ