တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်ရေး မဟာမိတ်ဖွဲ့


 ရွေးကောက်ပွဲ အလွန်တွင် စစ်အစိုးရက တိုက်ခိုက်လာ နိုင်သည်ဟု ယူဆပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း ၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီတရပ်ကို ယမန်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကော်မတီကို ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ ဟု အမည်ပေးထားပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ် မူတူးစေးဖိုး၊ ဒု- ဥက္ကဋ္ဌအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လည်းကောင်း၊ မွန်ပြည်သစ် ပါတီ(NMSP) မှ နိုင်ဟံသာက အတွင်းရေးမှူး - ၁ အဖြစ်လည်းကောင်း အစည်းအဝေး ကျင်းပပြီး တာဝန်ခန့်အပ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးထံမှ သိရှိရသည်။

ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

အစည်းအဝေးကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်၌ စတင်ကျင်းပခဲ့ပြီး NMSP မှ နိုင်ဟံသာ ကို ယင်းကော်မတီ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် စစ်အစိုးရ တိုက်ခိုက်လာပါက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကြား စစ်ရေးအရကူညီရန် မျှော်မှန်းထားသည်ဟု ပြောဆိုသည်။

ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ကိစ္စကို ဆွေးနွေးလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ တိုင်းရင်းသားအဖွဲ့များက ပြောဆိုကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ညီညွတ်သော မဟာမိတ်တပ်ပေါင်း စု တစု ဖွဲ့စည်းပြီးမှတွေ့ဆုံလျှင် ပိုမိုသင့်လျှော်မည်ဖြစ်သည်ဟု ပြောဆိုကြကြောင်း၊ အမည်မဖော်လိုသူ အစည်းအဝေး တက်ရောက်ခဲ့သူက ဧရာဝတီသို့ပြောသည်။

NMSP နှင့် နီးစပ်သူတဦးက ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ အမေရိကန် ကွန်ဂရက် အမတ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံခဲ့သည်ဟု ပြောသည်။

အစည်းအဝေးတက်ရောက်ခဲ့သူက“မိမိတို့သည် အကြမ်းဖက် အဖွဲ့အစည်းများမဟုတ်၊ မိမိတို့၏ လက်နက်ကိုင် တော်လှန် ရေး သည် မိမိတို့ လူမျိုးကို စစ်အစိုးရလက်အောက် ရောက်မသွားစေရန် ကာကွယ်ခြင်းသာဖြစ်သည်”ဟု ပြောဆိုကြောင်း သိရှိရသည်။

ဧရာဝတီမှ ရရှိခဲ့သော NMSP ၏ မှတ်တမ်းများအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက ၎င်းတို့ကို တိုက်ခိုက်လာနိုင်သည်၊ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စစ်လက်နက် အထောက်အပံ့ များနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းများလိုအပ်သည် ဟု ပါရှိသည်။

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ဖိအားပေးခဲ့ပြီး ဖွဲ့စည်းရန် ငြင်းဆန်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ SSA- N နှင့် UWSA တို့ကို ရွေးကောက်ပွဲအပြီးတွင် တိုက်ခိုက် ချေမှုန်းဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုသည်။

UWSA မှ အမည်မဖော်လိုသူ အရာရှိတဦးက ၎င်းတို့က စစ်ကို မလိုလားကြောင်း၊ သို့သော်လည်း စစ်အစိုးရက ၎င်းတို့ကို တိုက်ခိုက်မှုများပြုလုပ်လာပါက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ဧရာဝတီသို့ပြောသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆန်နေဆဲဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) မှ တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) နှုတ်ခမ်းမွေးလည်း စစ်ရေး မဟာမိတ် ဖွဲ့စည်းသည့် အစည်း အဝေး သို့ တက်ရောက်ခဲ့သည်ဟု နီးစပ်သူတဦးက ပြောဆိုသည်။

No comments: