အပြစ်မဲ့ သားအဖကို နအဖတပ်က သေနတ်ဖြင့် ပစ်သတ်


ခွန်ထောင်းဒို ခမ်းကူ
နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၀ ခုနှစ်။

ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု သေင်းဖြီနာ(စိန်းဖရီးနာ)ရွာနေ ဦးထွက်သောမိန္ဒ (ခ) မောင်ကျာနှင့် ၄ နှစ်အရွယ် သမီးနန်းဖြူ ကို ဆီဆိုင်မြို့အခြေစိုက် ခလရ ၄၂၃ တပ်ရင်းမှ ဗိုလ်မှူးဇော်လင်းထွန်း ဦးစီးသော အင်အား ၂၀ ကျော်ရှိစစ်ကြောင်းမှ၂၀ -၉- ၂၀၁၀ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။

ဖြစ်စဉ်မှာ ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု သေင်းဖြီနာ(စိန်းဖရီးနာ) ရွာနေ ထွက်သောမိန္ဒ(ခ)မောင်ကျာနှင့် ၄ နှစ်အရွယ်သမီးနန်းဖြူသည် ၂၀-၉-၂၀၁၀ ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီအချိန် တောင်ယာခုတ်ထွင်ရှင်းလင်းနေစဉ် ခြံတောင်ဘက်စပ်တွင် သေနတ်ပစ်သံ ကြားသဖြင့် ဦးထွက်သောမိန္ဒ(ခ)မောင်ကျာမှ အပြေးအလွားသွားကြည့်ရာ ဆီဆိုင်မြို့အခြေစိုက် ခလရ ၄၂၃ တပ်ရင်းမှ ဗိုလ်မှူးဇော်လင်းထွန်း ဦးစီးသော အင်အား ၂၀ ကျော်ရှိစစ်ကြောင်းက ဦးထွက်သောမိန္ဒ(ခ)မောင်ကျာ၏ သမီးနန်းဖြူ ဘယ်ဘက် လက်မောင်းတံတောင်ဆစ်ပြတ်လုနီးပါး သေနတ်ဒဏ်ရာနှင့် ပစ်ခံရသည်ကို တွေ့ရှိရသဖြင့် ဖခင်ဖြစ်သူမှ သမီးကိုပွေ့ချီလိုက်စဉ်မှာ ဖခင်ဖြစ်သူကို ညာဘက်ခါးမှ ဘယ်ဘက်သို့ ဖေါက် ထွက်သွားသည့်ကျည်ဆံဖြင့် နောက်ထပ်၎င်းစစ်တပ်မှပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာပြင်း ထန်စွာရရှိသည်။ ၎င်းတို့သားအဖနှစ်ယောက်ကို သေနတ်ဒဏ်ရာဖြင့် ဒီအတိုင်းပစ်ထားပြီး စစ်တပ်မှ ထွက်သွားလိုက်သည်။

၂၁-၉-၂၀၁၀ ရက်နေ့ နံက်စောစောအချိန်တွင် ထွက်သောမိန္ဒ(ခ)မောင်ကျာသည် ဆီဆိုင်မြို့ ပြည့်သူ့ဆေးရုံသို့တက်သည်။ သေင်းဖြီနာ(စိန်းဖရီးနာ)ရွာမှ ရပ်မိရပ်ဖများ လိုက်လာကြရာ ခလရ ၄၂၃ တပ်ရင်းမှ ဗိုလ်မှူးဇော်လင်းထွန်းက ရွာသားများကို ‘မင်းတို့လည်း ဒီလိုအဖြစ်မျိုးနှင့်ကြုံတွေ့ချင်လို့လား၊ မင်းတို့ဘာလာလုပ်ကြဒါလဲ သွား အားလုံးပြန်ကြ သေချင်းဆိုးမျိုးတွေ ဒီမှာမတွေ့ဘူးလား’ ဟုသေနတ်နှင့်ချိန်ပြီးဆဲဆိုလိုက်သည်။

ထွက်သောမိန္ဒ(ခ)မောင်ကျာ၏ ဒဏ်ရာကိုဆီဆိုင်မြို့ဆေးရုံတွင် ကုသရန်အတွက် ဆေး ဝါးနှင့် ဆရာဝန်များ မလုံလောက်သည်ကတစ်ကြောင်း ရှိသည့်ဆရာဝန်များက စစ်တပ်ကို ကြောက်နေရသည် ကတစ်ကြောင်းဖြင့် ၂၁-၉-၂၀၁၀ ညနေ ၄း၀၀ နာရီအချိန်တွင် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့လိုက်ရသည်။

သို့သော် ညာဘက်ခါးမှ ဘယ်ဘက်ခါးသို့ ဖေါက်ထွက်သွားသော သေနတ်ဒဏ်ရာ ပြင်းထန်မှုနှင့် ဆေးဝါးများမလုံလောက်သဖြင့် အချိန်မှီမကုသနိုင်ခြင်းကြောင့် ၂၂-၉-၂၀၁၀ ရက်နေ့၌ ထွက်သောမိန္ဒ (ခ) မောင်ကျာ ၄၁ နှစ်သည် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကွယ်လွန်သွားသည်။

ထွက်သောမိန္ဒ(ခ)မောင်ကျာ၏ အသုဘနှင့် ၎င်း၏သမီးဆေးဖို့ဝါးခကို ခလရ ၄၂၃ မှ ထိုသတင်းများ မထွက်ရန်ဟု ကျပ်ငွေတစ်သိန်းခွဲသာပေးပြီး နှုတ်ပိတ်လိုက်သည်။

ထွက်သောမိန္ဒ(ခ)မောင်ကျာ၏သမီး နန်းဖြူ ၄ နှစ်သည် ညာဘက်လက်တံတောင် ဆစ်ဒဏ်ရာကို ယခုချိန်အထိကုသနေဆဲဖြစ်သည်။

ထွက်သောမိန္ဒ(ခ)မောင်ကျာသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် P.N.O ၏ ကျေးရွာ အုပ်ချုပ်ရေးကော်မီတီတွင် အဖွဲ့ဝင်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် P.N.O ဘက်မှ အာမခံချက်မပေးနိုင် တစ်စုံတစ်ရာဘာမှလုပ်မပေးနိုင်ကြောင်း သိရသည်။

ထွက်သောမိန္ဒ(ခ)မောင်ကျာသည် ၂၀၀၉ ခုနှစ်တွင် ဒုံညိုးရွာ၏ ရွာသူကြီးဖြစ်ခဲ့ပါသည်။ ခလရ ၄၂၃ တပ်မှ ဗိုလ်မှူးဇော်လင်းထွန်း ဦးစီးစစ်ကြောင်းများက သူပုန်နှင့်ဆက်သွယ်သည်ဟု စွပ်စွဲပြီး ဒုံညိုးရွာ တစ်ရွာလုံးရှိရွာသားများကို အတင်းအဓမ္မမောင်းထုတ်၊ ရွာသားများပိုင်ကျွဲနွားများကိုပစ်သတ်၊ ပစ္စည်းများကိုလုယူပြီး ရွာသူကြီးဖြစ်သော ဦးးထွက်သောမိန္ဒ(ခ)မောင်ကျာကို ဓားနှင့်မွန်းခြင်း ခုတ်ခြင်းခံခဲ့ရဖူးသည်။ ဒုံညိုးရွာသည်လည်းပျက် စီးသွားခဲ့ရပါသည်။

No comments: