ပြိုင်ဘက်ကင်းတဲ့ တို့ဖိုးဖွားရဲ့ လေ့ကျင့်ခန်း

၂၂ နိုဝင်ဘာ ၂၀၁၀ ၊ တနင်္လာနေ့

လွန်စွာခင်မင်ရင်နှီးကြတဲ့ သူငယ်ချင်းလေးယောက်က အံ့သြစရာကောင်းတဲ့ ပုံပြင်ကို တလှည့်စီ ပြောဖြစ်ကြသည်။


ပထမလူ။  ။ သူငယ်ချင်းတို့ ….. အရာတစ်ခုခု သို့မဟုတ် ကိစ္စတစ်ခုခုကို ငယ်ငယ်ကတည်းက စပြီး နေ့တိုင်းပုံမှန်ကိုင်တွယ် လေ့ကျင့်မှုရှိရင် အဲဒီအရာတွေ ကြီးပြင်းလာတဲ့အခါလည်း ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲမရှိတော့ဘူးလို့ လူတွေပြောတာ ကြားဖူး နားဝရှိတယ် …… ။

ဒုတိယလူ။  ။ အေ… သိပ်ဟုတ်တာပေါ့၊ ဒီမှာ သူငယ်ချင်းတို့၊ အသက် ၁၀၀ နီးပါး ရှိနေပြီဖြစ်တဲ့ ငါ့အဖိုးကြီးက သူ့နွားကလေး မွေးခါစ ကတည်းက မနက်ပိုင်းတခါ ညနေပိုင်းတခါ သူနေ့တိုင်းချီပွေ့နေတော့၊ သူ့နွားကလေးက အခုဆိုရင် နွားထီးကြီးဖြစ်နေပြီ၊ လည်းစွဲဖို့ ခိုင်းစားနေပြီ၊ မနက်တစ်ခါ ညနေပိုင်းတစ်ခါ သူပုံမှန်ချီပွေ့နေတုန်းပဲ၊ ပေါ့ပေါ့လေးပဲတဲ့ … တော်တော်အံ့သြဖို့ကောင်းတယ်။

တတိယလူ။ ။ အော … ဟုတ်လား။ ငါ့အဖွားကြီးလဲ ဒီလိုပဲ မိတ်ဆွေတို့ရေး … ၊ ငါတို့အိမ်နောက်ဖေးက သူစိုက်ထားတဲ့ အုန်းပင်ကလေးတွေရှိတယ်။ အဲဒီအုန်းပင်တွေကို စိုက်ခါစကတည်းက မနက်တခါ ညနေတခါ သူနေ့တိုင်းခုန်ကျော်နေတော့၊ စိုက်ခါစတုန်းက ဒူးလောက်သာ အမြင့်ရှိတဲ့ အဲဒီအုန်းပင်တွေက အခုဆိုရင် ငါတို့အိမ်ထက် ပေ ၅၀ လောက် မြင့်နေပြီ၊ ပုံမှန်အတိုင်းပဲ မနက်ပိုင်းတခါ ညနေပိုင်းတစ်ခါ သူခုန်ကျော်နေတုန်းပဲ သူငယ်ချင်း၊ တော်တော်အံ့သြဖို့ကောင်းတယ် …. ။

စတုတ္ထလူ။  ။ အေ..  ဖြစ်မယ် … ၊ ငါ့အဖိုးဆိုလဲ အဲဒီလိုပုံစံမျိုးပဲ သူငယ်ချင်းတို့ .. ။ သူမွေးခါစ ကတည်းက ယနေ့အချိန်ထိ နေ့စဉ်ပုံမှန် လုံးဝအစာမစား ရေမသောက်ပဲ နေထိုင်ခဲ့တဲ့ အလေ့အကျင့်တွေ ရနေတော့၊ အခုချိန်ဆို သူ့အသက်က ၉၀ ကျော်ပြီ အစာမစား ရေမသောက်ပဲနဲ့ အသက်ရှင်နေနိုင်တုန်းပဲ သူငယ်ချင်းတို့၊ ငါလဲ အဲဒါကို အံ့သြနေတာ …… ။

ပထမလူ။ ။ ဟေ့လူ .. မင်းတို့ အဖိုးကြီး အဖွားကြီးတွေက မဟုတ်သေးဘူးထင်တယ်။

ထိုကဲ့သို့သော သူရဲကောင်း အဖိုးကြီး အဖွားကြီးတွေ ပိုင်ဆိုင်နိုင်ကြပါစေသား … :)
--------------------------------------------------------
မှတ်ရန်။ ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ် လူရွယ်များကြား ပျော်ရွှင်စရာ ရယ်မောစရာအဖြစ် ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း ရေးသား တင်ပြထားပါသည်။

No comments: