တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စ ပအိုဝ်းညီလာခံကော်မတီမှာ ပြောကြား

ပအိုဝ်းအဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ပအိုဝ်းညီလာခံကျင်းပနိုင်ငံရေး အစည်းအဝေးတရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ကျင်းပနေတယ်လို့ သိရပါတယ်။

ပအိုဝ်းညီလာခံကျင်းပဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကျင်းပရေးအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးခွန်တင်ဆွေဦးက အခုလို ပြောပြပါတယ်။

ဦးခွန်တင်ဆွေဦး။ ။ "အဖွဲ့အစည်းအမျိုးမျိုးရှိနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းတွေကို ကျွန်တော်တို့က ဒီနိုင်ငံထဲက ကျင်းပပြီးတော့ ပအိုဝ်းအမျိုးသားတွေအားလုံး တပေါင်းတစုတည်း တဖွဲ့တစည်းတည်းဖြစ်လာနိုင်အောင် ပအိုဝ်းအမျိုးသားအဖွဲ့အစည်း အားလုံးရဲ့ကိုယ်စား ပြောကြားနိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ဖို့အတွက်ကို ကျွန်တော်တို့က ကြိုးစားတာ ဖြစ်ပါတယ်ခင်ဗျ။"

သူဟာကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ရုံးအဖွဲ့မှူးလည်းဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ မိမိတို့အမျိုးသားအရေးနဲ့ တိုင်းရင်းသားအရေးတွေကို တာဝန်သိသိ နားလည်မှုရှိရှိနဲ့ ဆောက်ရွက်နေကြတဲ့အကြောင်းကိုလည်း သူကပြောပါတယ်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ပအိုဝ်းလက်နက်ကိုအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်သူရိန်ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ပအိုဝ်းပါတီအဖွဲ့အစည်းတွေ အပါအ၀င်၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ အလုပ်သမားအဖွဲ့နဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူအခွင့်အရေး ရရှိရေးတွေကို ဆောက်ရွက်သွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အလုပ်သမားရေးရာ တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ပအိုဝ်းအမျိုးသား ဦးခွန်မြင့်ထွန်းကလည်း အခုကြိုးပမ်းချက်ဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတစ်ခုတည်းအတွက် လုပ်ဆောင်တာမဟုတ်တဲ့အကြောင်း အခုလို ပြောပါတယ်။

ဦးခွန်မြင့်ထွန်း။ ။ "တော်လှန်ရေးအင်းအားစုတွေက ကိုယ့်အချင်းချင်း စုစည်းညီညွတ်မှု လိုအပ်ပါတယ်။ ကျွန်တော်တို့ ပအိုဝ်း ပအိုဝ်းချင်းညီညွတ်ဖို့ လိုတယ်၊ ကရင် ကရင်အချင်းချင်း ညီညွတ်ဖို့ လိုတယ်၊ ကချင် ကချင် အချင်းချင်း ညီညွတ်ဖို့ လိုတယ်၊ ရှမ်း ရှမ်း အချင်းချင်း ညီညွတ်ဖို့ လိုတယ်၊ အဲဒီ ညီညွတ်မှုတွေ စုစည်းပြီးတောမှ တကဲ့ကို စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့အတွက်ကို ညီညွတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အမျိုးသားညီလာခံ ကျင်းပရေး ဆောင်ရွက်တယ် ဆိုတာက ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေ တစ်ခုတည်းရဲ့လွတ်မြောက်ရေး ကျွန်တော်တို့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ ပြည်ထောင်စုကြီးတစ်ခုရဲ့ လွတ်လပ်ရေးကို ရည်စူးပြီး ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့ အလေးအနက် ပြောကြားချင်ပါတယ်။"

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ပြောသွားတာ ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသား ညီလာခံကို လာမဲ့ စက်တင်ဘာလထဲမှာ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/thnic_pao_held_meeting-07202009124540.html


No comments: