ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများထုတ်ပြန်ခြင်း

ဇူလိုင် ၁၄၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၄)။ ။၁၀ရက်၊ ဂျူလိုင်၊ ၂၀၀၉ နေ့စွဲဖြင့်ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ လက်ရှိစစ်အစိုးရ၏ ကယန်းတိုင်းရင်းသားများ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေမှုအပေါ် အမြင်သဘောထားတစ်ရပ်ကို ထုတ်ပြန်ကြေညာ ခဲ့ရာ အောက်ပါအတိုင်း အပြည့်အစုံ ဖေါ်ပြအပ်ပါသည်။


ကယန်းပြည်သူလူထု၏ ဘဝလုံခြုံမှု ထိခိုက်နေခြင်း ၊ လျစ်လျူရှုခံနေရခြင်းနှင့် စပ်လျဉ်းးသည့်
သတင်းအချက်အလက်များအပေါ် ကယန်းမျိုးဆက်သစ်လူငယ်၏ အမြင်သဘောထားလတ်တလော ဖြစ်ရပ်များ

ဇွန်လ (၁၈) ရက်နေ့တွင် ကယန်းဒေသ၏ ဖယ်ခုံမြို့အရှေ့ဘက်ကမ်း လွိုင်စတီကျေးရွာအနီး ပတ်ဝန်းကျင်တွင် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) ၏ ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦးခန့် ရောက်ရှိလှုပ်ရှား နေကြောင်း နအဖ ထောက်လှမ်းရေးမှ သတင်းရရှိခဲ့ပြီး ဖယ်ခုံမြို့အခြေစိုက် စကခ(၇)မှစစ်ဆင်ရေး တစ်ရပ်ပြု လုပ်ခဲ့သဖြင့် အပြန်လှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုစစ်ဆင်ရေးအား ခလရ(၃၃၆)၏ တပ်ရင်းမှူး ဗိုလ်မှူးနိုင်ဦးက စစ် ကြောင်းမှူးအဖြစ် ဦးဆောင်ခဲ့ပြီး (၃၃၆)၊ (၄၂၁)နှင့် (၄၂၂) ခြေလျင်တပ်ရင်းတို့မှ တပ်သား(၇၀)ခန့် ပါဝင် ခဲ့သည်။ တိုက်ပွဲ အတွင်း နှစ်ဖက်လုံး အကျအဆုံးနှင့် ဒဏ်ရာရသူများရှိခဲ့ပြီး နအဖမှ ရလလဖ ခွဲထွက်အဖွဲ့၏ တပ်သားအချို့ကို ဖမ်းဆီးရမိကြောင်း သိရပါသည်။

ထိုတိုက်ပွဲအပြီးတွင် ထိုအနီးနားတဝိုက်ရှိ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ၊ လွိုင်စတီကျေးရွာ နှင့် ပေါင်းလောင်းရွာ အပါအဝင် နန်းဟီးကျေးရွာအုပ်စု အတွင်း စကခ(၇)မှ G-2 ဖြစ်သူ ဗိုလ်မှူးကြီး ကျော်စန်းဝင်း စစ်ကြောင်းမှူးအဖြစ် ဦးဆောင်သော ခလရ(၃၃၆)နှင့် ခလရ (၄၂၁)မှ တပ်သား (၄၀)ခန့်သည် နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ကျေးရွာနေလူထုများအား လိုက်လံ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရလလဖ ခွဲထွက်အဖွဲ့မှ တပ်သားများ မိမိတို့ရွာအနီးနားတွင် နေရာယူ၊ သွားလာ၊ လှုပ်ရှားနေသည်ကို နအဖ၏တပ် များအား တစ်စုံတစ်ရာ သတင်းမပေးခဲ့မှုကို အကြောင်းပြပြီး လွိုင်စတီကျေးရွာနှင့် ပေါင်းလောင်းကျေးရွာမှ ရွာသူ ရွာသားများအား ဖမ်းဆီး၊ ရိုက်နှက်ခြင်းများနှင့် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။

ယောကျာင်္းဖြစ်သော ရွာသားများအား နံနက် (၈)နာရီမှ ည(၈)နာရီအထိ လမ်းပေါ်တွင် ပြားပြားဝပ် မှောက်အိပ်ခိုင်း ထားကာ တဦးချင်းဆွဲထုတ်၍ သေနတ်၊ တုတ်များဖြင့် ထုထောင်းရိုက်နက်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးများကို
အိမ် တစ်လုံးထဲတွင် သော့ခတ်ပိတ်ထားခဲ့ပါသည်။ ရွာအတွင်းရှိ အိမ်များကိုလည်း တစ်အိမ်တက်တအိမ်ဆင်း မွေနှောက် ရှာဖွေကာ တွေ့ရှိသော ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို သိမ်းယူသွားခဲ့သည်။ ထိုမျှမကပဲ မွေးမြူထားသော ကြက်၊ ဝက်၊ ကျွဲ၊ နွား များကို သတ်ဖြတ်ယူသွားပြီး ဈေးဆိုင်များရှိ ဘီယာ၊ အရက်စသည့် အစားအသောက် ပစ္စည်းများကို နအဖ တပ်သားများ အလိုကျ သိမ်းယူစားသောက်ခဲ့ကြသည်။

ထိုလူမဆန်သော လုပ်ရပ်များကို ကျေးရွာလူထုက နန်းဟီးကျေးရွာအုပ်စု၏ ရယက ဥက္ကဌဖြစ်သူ ဦးမောင်ထွန်း အား တိုင်တန်းခဲ့ပြီး ရယကဥက္ကဌမှ ထိုလုပ်ရပ်များကို ဆက်လက်မပြုလုပ်ကြပါရန် နအဖ စစ်တပ်သားများအား လာရောက် ပန်ကြားရာ ရယကဥက္ကဌ ဦးမောင်ထွန်းကို ခြေလက်တွင် ကြိုးတုတ်ပြီး ဦးခေါင်းမြေစိုက်ပုံစံဖြင့် လူကို ပြောင်းပြန်ချိတ် ကာ ထုထောင်းရိုက်နှက်ခဲ့သည်။ ၎င်းအပြင် လွိုင်စတီကျေးရွာမှ ဦးမောင်တန်အား သူပုန်များကို လက်ခံကျွေးမွေးခဲ့ သည်ဟု စွပ်စွဲပြီးထောင်ဒဏ် (၁၀)နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်ပေးမည်ဟု အာဏာပိုင်များမှ ပြောဆိုပြီး ခလရ (၃၃၆)တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

ယနေ့အထိ ဖယ်ခုံမြို့အခြေစိုက် ခလရ (၃၃၆)တပ်ရင်း၌ နန်းဟီးကျေးရွာအုပ်စု ရယကဥက္ကဌ ဦးမောင်ထွန်း၊ ဦးမောင်တန်နှစ်ဦး အပါအဝင် ပေါင်းလောင်းရွာနှင့် လွိုင်စတီကျေးရွာမှ ရွာသား (၁၈)ဦးခန့်အား ဖမ်းဆီးစစ်ဆေး ပြီး နေ့စဉ်ရက်ဆက်ညှင်းပန်း နှိပ်စက်နေဆဲပင်ဖြစ်သည်။

ထိုကဲ့သို့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဟု အကြောင်းပြပြီး တိုက်ပွဲဖြစ်ပွားခဲ့သော (၁၈)ရက်နေ့မှ (၂၄)ရက် နေ့ အထိ ပေါ်တာဆွဲခြင်းများ၊ နှိပ်စက်ညှင်းပန်းခြင်းများအား ဖယ်ခုံမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ
ဖယ်ခုံမြို့ မြောက်ဘက်ပိုင်း ကုန်းဆုံရွာ စသည်တို့တွင် နအဖတပ်များမှ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး နောက်ပိုင်း (၃၀)ရက် နေ့အထိလည်း အချို့ရွာများတွင် ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ နောက်ပိုင်းတွင်မူ ထိုဒေသ တဝိုက်ရှိ ကျေး ရွားပေါင်း (၁၀)ရွာကျော်တွင် နအဖတပ်များ ဆက်လက်တပ်စွဲထားပြီး ရွားသားများ၏ သွားလာမှုများကို တင်းကြပ်စွာ ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။

အထက်ပါ အဖြစ်ပျက်များကြောင့် ထိတ်လန့်ခြောက်ခြားသွားခဲ့ပြီး ပေါင်းလောင်းနှင့် လွိုင်စတီရွာမှ ထွက်ပြေးတိမ်း ရှောင်သွားသည့် မိသားစုလည်းအများပြားပင်ရှိခဲ့ပြီး အခြားဒေသရှိ ကယန်းလူထုများသည်လည်း စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်နေဆဲပင်ဖြစ်သည်။

ဒေသတွင်း အဖွဲ့အစည်းများ၏ တုန့်ပြန်မှုများ ကင်းမဲ့ခြင်း

တိုက်ပွဲများနှင့် နောက်ဆက်တွဲ လူမဆန်စွာညှင်းပန်းနှိပ်စက်ခြင်းများ ဖြစ်ပွားခဲ့သည့် ဒေသသည် (၁၉၉၄)ခုနှစ် တွင် စစ်အစိုးရနှင့် စတင်အပစ်ခတ်ရပ်စဲထားသော ကယန်းပြည်သစ်ပါတီ၏ ထိန်းချုပ်ဒေသပင်ဖြစ်သည်။ သို့သော်လည်း ကယန်းပြည်သစ်ပါတီအနေနှင့် ထိုဖြစ်ရပ်များအပေါ်တွင် စစ်အစိုးရနှင့်သော်လည်းကောင်း၊ ပြည်သူလူထုနှင့်သော် လည်းကောင်း တစ်စုံတစ်ရာ ဆွေးနွေးခြင်း၊ ကူညီဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များသည်လည်းတစ်စုံတစ်ရာပင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မမြင်တွေ့ ရပေ။ ထိုဒေသအတွင်းလှုပ်ရှားနေသော ကုလသမဂ္ဂလက်အောက်ခံ အသင်းအဖွဲ့များဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)၊ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ (UNICEF)စသည့် အသင်း အဖွဲ့များလည်း တစ်စုံတစ်ရာ ကူညီပေးခြင်း၊ မှတ်တမ်းတင် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်ခဲ့ချေ။

မိမိတို့လူငယ်၏ အမြင်သဘောထား

ယနေ့ကယန်းဒေသတစ်ခုလုံးသည် နအဖစစ်အစိုးရမှပြောဆိုနေသည့်တရားဥပဒေစိုးမိုးမှုနှင့် အေးချမ်းတည်ငြိမ်မှု လုံးဝမရှိပေ။ ယခုအဖြစ်ပျက်များသည် နအဖစစ်အစိုးရမှ တိုင်းရင်းသားလူမျိုးများအပေါ်တွင် လူမျိုးပြုန်းသတ်ဖြတ် မှုကို အစီစဉ်ရှိရှိ ဆောင်ရွက်နေသည့် ဥပမာ သာဓကပင်ဖြစ်သည်။ နိုင်ငံတော်တာဝန်ကြီး(၃)ရပ်တွင် နအဖ စစ်အစိုးရ မှ ကြွေးကြော်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟူသောအချက်နှင့် ဆန့်ကျင်ဘက်သာ ဖြစ်သည်။

ကယန်းဒေသတစ်ခုလုံးသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကယန်းအမျိုးသားကာကွယ်ရေးအဖွဲ့ (KNG) စသည့်အဖွဲ့အစည်းများသည် စစ်အစိုးရနှင့်(၁၉၉၂)နောက်ပိုင်းတွင် အပစ်ခတ်ရပ်စဲထားပြီးဖြစ်ရာ ငြိမ်းချမ်းရေး နယ်မြေ အဖြစ် နအဖစစ်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါ်ဆိုလာခဲ့ကြသည်။ သို့သော်ယခုဖြစ်ရပ် များသည် ငြိမ်း ချမ်းရေး၏ လက္ခဏာများမဟုတ်သည်မှာ အသေချာပင်။

ကုလသမဂ္ဂလက်အောက်ခံအသင်းအဖွဲ့များ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs)နှင့် ဘာသာ ရေးအသင်းအဖွဲ့များမှ တရားဝင်သွားလာလှုပ်ရှားကာ လူထုကူညီထောက်ပံ့ရေး အစီစဉ်များကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြောဆိုလေ့ရှိသော်လည်း ယခုဖြစ်ရပ်များအပေါ်တွင် တာဝန်ယူမှုကင်းမဲ့ခဲ့ကြသည်။

ထို့ကြောင့် ယနေ့ကယန်းလူထုတစ်ရပ်လုံးသည် လုံခြုံမှုကင်းမဲ့သော အခြေနေဆိုးအောက်တွင် လူအခွင့်အရေးချိုး ဖောက်မှုများကိုသာ နေ့စဉ်ခံစားရင်း ကျီးလန့်စာစားဘဝဖြင့်ပင် အသက်ရှင်နေရကြရသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။

နအဖ စစ်အစိုးရမှ ယခုကဲ့သို့ ရက်စက်မှုများဖြင့် လူထုအပေါ်တွင် ပြုမူဆက်ဆံနေခြင်းသည် လူထု၏မုန်းတီးမှုကို ဖန်တီးရယူခြင်းပင် ဖြစ်သည်။ လာမည့် (၂၀၁၀)တွင် ကျင်းပမည်ဟုပြောဆိုထားသော နအဖ၏ ရွှေးကောက်ပွဲနှင့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် လူထု၏အယုံကြည်ကင်းမဲ့မှုသည်သာ များပြားလာခဲ့ပြီဖြစ်သည်။ စစ်အစိုး ရ၏ အစိုးရလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် သာမာန်လူထုများ အကြားရှိ အမြင်တိမ်းစောင်းမှု သည်လည်း ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ထိပ်တိုက်ရန်လိုမှုများ ဖြစ်ပေါ်လာမည်မှာ အသေ ချာပင်။

ယခုအဖြစ်အပျက်အပါဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်ရေးချိုးဖောက်မှုများသည်
နိုင်ငံ တော်အာဏာအား မတရားရယူထားသော နအဖ စစ်အစိုးရတွင် တာဝန်အရှိဆုံးဖြစ်ပြီး စနစ်ဆိုး၏အဓိက တရားခံ ပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းသော ကာလတွင် နအဖ စစ်အစိုးရနှင့်အပေါင်းပါ များအား လူ ထုရှေ့တွင် တရားစီရင်ခြင်းကို ခံစားရပေလိမ့်မည်။

လူထုအား တိုက်တွန်းချက်

ယခုအဖြစ်အပျက်အား ဥပမာထားပြီး လေ့လာမှုပြုသောအခါ လူထုအခွင့်အရေးအတွက် အကာကွယ်ပေးမည့်အဖွဲ့ အစည်းများ ယနေ့ကာလတွင် မရှိကြောင်းအထင်ရှားပင် မြင်တွေ့နေရပါသည်။ ထို့ကြောင့် လူထုအခွင့်ရေးကို
ကာကွယ်ရန် လူထုကိုယ်တိုင်ပင် တာဝန်သိသိဆောင်ရွက်ရပေတော့မည်။

အရေးကြီးသည်မှာ စည်းလုံးညီညွတ်မှု၊ နားလည်မှုနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုများတည်ဆောက်ရန် လိုအပ် ပါသည်။ ယခုအဖြစ်ပျက်များကဲ့သို့သော နာကျဉ်းဖွယ်ရာကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန် အမှန်တရားအား ဖော်ထုတ်ပြီး အမှန်တရားအတွက် ရှေ့လျောက်အနာဂါတ်တွင် အသက်ပေး ရပ်တည်သွားကြရန် လိုအပ်နေပြီ ဖြစ်သည်။


သတင်းနှင့် ပြန်ကြားရေး
ကယန်းမျိုးဆက်သစ်လူငယ်

(၁၀ရက်၊ ဂျူလိုင်၊ ၂၀၀၉)

No comments: