ယင်းကြားတိုင်းရင်းသားများကို RCSS/SSA က တပ်သားအဓမ္မစုဆောင်း

ရှမ်းတောင်သား | အောက်တိုဘာ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



၂၀၁၄ အောက်တိုဘာလ ၁၉ ရက်နေ့တွင် နမ်းစန်မြို့နယ် နောင်ဟီးအုပ်စုကျေးရွာများကို ဆံခါ (တိုင်း) ရွာတွင် RCSS/SSA က အစည်းအဝေးခေါ်ဆိုရာမှ တက်ရောက်လာသော ယင်းကြားတိုင်းရင်းသား ရွာသားများ အယောက် (၃၀) ခန့်ကို ဖမ်းဆီးပြီး လဲချားမြို့တောင်ဘက်ရှိ လင်အွန်ရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးထားသည့် ရွာသား (၃၀) ဦးခန့်အနက် (၅) ဦးကို RCSS/SSA တပ်သားအဖြစ် အတင်းအဓမ္မဖမ်းသွားပြီး ကျန်လူများကို ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။

“RCSS အဖွဲ့မှ စိုင်းဆိုင်ဝမ်းက နောင်ဟီးအုပ်စု ကျေးရွာတွေကို ၁၅၊ ၁၀၊ ၂၀၁၄ ရက်နေ့ နောက်ဆုံးထားပြီးတော့ တစ်ရွာကို လူ (၂) ယောက်စီ ပို့လာပေးရမယ်ဆိုပြီးတော့ ရွာသူကြီးစီ စာပို့ထားတယ်။ ရွာသူကြီးက လူမပို့တော့ ၁၉၊ ၁၀၊ ၂၀၁၄ ရက်နေ့က ဆံခါ (တိုင်း) ရွာမှာ နောင်ဟီးအုပ်စုအတွင်းမှာရှိတဲ့ ရွာတွေကို အစည်းဝေးလိမ်ခေါ်ပြီးတော့ တက်ရောက်လာတဲ့လူတွေကို လင်ကွန်ရွာဘက်ကို ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

“RCSS က ကျွန်တော်တို့ဒေသမှာ စစရောက်လာတုန်းက ဆန်၊ ဆီ၊ ဆားတွေကအစ အလကားမတောင်းဘူး။ ငွေးပေးပြီး ၀ယ်တယ်။ နောက်တော့ အဲလိုမဟုတ်တော့ဘူး။ ဆန်ဆို တစ်ရွာကို ဘယ်နှစ်ပုံးပေးရမယ်။ လူဘယ်နှစ်ယောက်ပေးရမယ် စာနဲ့ရေးပြီး ရွာသူကြီးကို တောင်းလာတယ်” ဟု အဆိုပါ ရွာသားက ဆိုသည်။

လင်းခေးမြို့နယ်အတွင်းရှိ နမ်းတင့်ရွာ၊ နောင်တောင်ရွာ၊ နောင်ပေါက်ရွာ၊ တောင်ကီးရွာ၊ ၀မ်လွိုင်ဖွီးရွာများတွင်လည်း RCSS/SSA တပ်သားသစ်အဖြစ် တစ်ရွာကို လူ (၁၅) ယောက်ဖြင့် အောက်တိုဘာလ (၁၅) ရက်နောက်ဆုံးထားပြီး ပေးပို့ရမည်ဟု ဆိုသဖြင့် လူလတ်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အဆိုပါရွာများတွင် တပ်သားသစ် မရသဖြင့် သစ်ကြီးရွယ်အိုနှင့် အမျိုးသမီးများကို ဖမ်းဆီးပြီး လူလတ်ပိုင်းနှင့် ပြန်လာလဲခိုင်းသဖြင့် အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများလည်း အခြားမြို့ရွာများသို့ ပြောင်းရွေ့နေထိုင်ရကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် Myanmar Online News က ဖော်ပြထားသည်ကို တွေ့ရသည်။

RCSS/SSA သည် ယခင်က ဘိန်းဘုရင်ခွန်ဆာဦးဆောင်သော MTA တပ်ဖွဲ့များ လက်နက်ချပြီးနောက် ၁၉၉၈ ခန့်တွင် MTA တပ်မှူးဟောင်းတချို့က ပြန်လည်ထူထောင်ထားသည့် အဖွဲ့ဖြစ်သည်။ ၂၀၁၁-၂၀၁၂ ခုတွင် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသော အဖွဲ့လည်း ဖြစ်သည်။

No comments: