RCSS/SSA ထောင်မိုင်း နှင်းမိ၍ ရွာသားနှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ထွက်ဇောတိက | အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

၂၀၁၄ အောက်တိုဘာလ (၁ရ) ရက်နေ့ မနက်ပိုင်း (၈) နာရီအချိန်တွင် မောက်မယ်မြို့နယ်၊ ကန္တူကြီးကျေးရွာအုပ်စု၊ နမ်းပတက်ရွာနေ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦး ရွာအနောက်ဘက်တွင် တောင်ယာသွားစဉ် ထောင်မိုင်းနှင်းမိပြီး နန်းထွဉ်း ပွဲချင်းသေးဆုံးပြီး၊ နန်းအုံးရွှေ က ဒဏ်ရာပြင်းထန်သဖြင့် ညနေပိုင်း ၄ နာရီ မိနစ် ၃၀ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့်အမျိုးသမီး (၂) ဦးဖြစ်သော မွိုးနွတ်နှင့် နန်းမွံတို့နှစ်ဦးက ဒဏ်ရာရခဲ့သော်လည်း အသက်အန္တာရယ် စိုးရိမ်သည့်အခြေအနေ မရှိပေ။

“ရှမ်းတပ်က (RCSS/ SSA) က နေရာတကာမှာ မြေမြုပ်မိုင်းတွေ လိုက်ထောင်တော့ ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ တောင်ယာလုပ်စားပြီးတော့ နွေးထွေးတဲ့ ကျွန်တော်တို့ဘ၀ကို အကြမ်းဖျက်နည်းနဲ့ သူတို့လာဖျက်စီးလိုက်တယ်။ အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ ကျွဲ၊ နွားတွေလည်း ကျွန်တော်တို့ မလွတ်ရဲတော့ဘူး။ သူတို့က အဲလိုမြေမြုပ်မိုင်းတွေ လိုက်ထောင်တော့ ကျွန်တော်တို့လူသားတွေမကဘူး တိရိစ္ဆာန်ပါ လွတ်လပ်စွာ သွားလာတာကို ခြိမ်းခြောက်လာတယ်” ဟု ကန္တူကြီးကျေးရွာအုပ်စု၊ ရွာသားတစ်ဦးက ဆိုသည်။

ယခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် ဟိုနမ်းကျေးရွာအုပ်စု၊ နမ်းယန်းရွားသားပိုင် ကျွဲ (၃) ကောင်ကို RCSS/SSA ထောင်ထားသည့် မြေမြုပ်မိုင်း နှင်းမိသဖြင့် တစ်ကောင်က ပွဲချင်းပြီးသေးဆုံးကာ ကျန်နှစ်ကောင်က ဒဏ်ရာများဖြင့် နောက်ရက်မှ သေဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာလ (၆) ရက်နေ့တွင်လည်း ထီဟန်းခြွီဘုန်းကြီးကျောင်း ဆရာတော်ကို ပင့်ဖိတ်ရန် ဟိုနမ်းမှ တက်လာသော ရွာသားကားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်သဖြင့် ကားပေါ်စီးလာသော ရွာသားများအနက် တစ်ဦးပွဲပြီးသေဆုံးကာ ကျန်သုံးဦးက ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု သိရသည်။ တချိန်တည်းတွင် ဆိုင်ခေါဝ်ရွာသားတစ်ဦးက ထီဖက်နမ်ရွာသို့ ဆိုင်ကယ်ဖြင့် သွားစဉ် RCSS/SSA ၏ ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။

မောက်မယ်မြို့နယ်၊ ကန္တူကြီးကျေးရွာအုပ်စု၊ နမ်းပတက်ရွာသည် အစိုးရတပ်မတော်နှင့် ငြိမ်းချမ်းရေးယူပြီးအပစ်ရပ်သဘောတူထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသောကျေးရွာများအနက် တစ်ရွာအပါအ၀င် ဖြစ်သည်။

No comments: