ပအိုဝ်းဘယ်လဲ ပအိုဝ်းဘာလဲ (ဆောင်းပါးအဆက်၊ အမှတ် - ၃)
စာရေးသူ စာဖာအောင် နှင့် ဗွေစင်ပေတို့သည် ယခုတလော မဆုံဖြစ်သည်က တကြောင်း သက်ဆိုင်ရာ ပအိုဝ်းအဖွဲ့အစည်းလူကြီးများ အလုပ်များနေ၍ မဆုံဖြစ်ခဲ့ကြသည်က တကြောင်း နောက်ထပ်အကြောင်းအရာတရပ်အပေါ် စာမရေးနိုင်သေးခဲ့ပေ၊ သို့သော် ယခု (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့သို့ ရောက်ရှိလာသောအခါ ဗွေစင်ပေက ပြည်ထောင်စုနေ့နှင့် ပတ်သက်၍၎င်း၊ ပအိုဝ်းအမျိုးသားတို့ ဆက်စပ်မှုနှင့်ပတ်သက်သည့်အကြောင်းအရာအပေါ်၎င်း အမြင်ဆောင်းပါး ဆက်လက်ရေးသားသင့်ကြောင်း တင်ပြလာသည့်အပေါ် ယခုဆောင်းပါးကို ရေးသားဖြစ်ခဲ့လေသည်။
မြန်မာပြည်ဟု ယနေ့ခေါ်တွင်နေသော တိုင်းပြည်ကို ဗြိတိသျှကိုလိုနီ နယ်ချဲ့လက်အောက်မှ လွတ်မြောက်စေပြီး လွတ်လပ်သည့်နိုင်ငံတနိုင်ငံအဖြစ် ရောက်ရှိစေရေးတွင် ပင်လုံစာချုပ်သည် အဓိကဖြစ်ပေသည်။ ပင်လုံကျောက်တိုင်ရှိ “ပြည်မ-တောင်တန်း ပူးပေါင်းအထိမ်းအမှတ်” ဟု စာတမ်းရေးထိုးထားခြင်းမှာ လွန်စွာမှ သဘာဝကျလှပေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ပြည်ထောင်စုရှမ်းပြည် (Federated Shan States) ၏ နယ်ရှင်စော်ဘွားများသည် အချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ညီညွတ်ရေး တည်ဆောက်ခဲ့ကြသည်။
ထို့ကြောင့် ဖေဖော်ဝါရီလ (၇) ရက်နေ့ကို ရှမ်းပြည်နယ်နေ့၊ ရှမ်းပြည်အမျိုးသားများနေ့ (သို့မဟုတ်) ရှမ်းအမျိုးသားနေ့ဟူ၍ ကျင်းပနေခြင်းဖြစ်ပေသည်။ ချင်းနှင့် ကချင်တို့သည်လည်း မိမိတို့၏ သီးခြားလက္ခဏာဆောင်၊ နယ်မြေ၊ တောင်တန်းဒေသများကို ကိုယ်စားပြု၍ လာရောက်ပူးပေါင်းကြပြီး တောင်တန်းဒေသညီညွတ်ရေးကို ပဏာမ ရရှိခဲ့ကြခြင်း ဖြစ်ပေသည်။
ယင်းသတင်းကို ရရှိသော ပြည်မခေါ် (ဗြိတိသျှ) ဘုရင်ခံ တိုက်ရိုက်အုပ်ချုပ်သော ရခိုင်၊ မွန်၊ ကရင်နှင့် ဗမာ ပူးပေါင်းနယ်မြေ၏ အစိုးရဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးအဖွဲ့အချို့နှင့် ပင်လုံမြို့သို့ ရောက်ရှိခဲ့ပေသည်။ အကြေအလည်ဆွေးနွေးကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များကို ယုံကြည်စိတ်ချသည့်အပေါ်၊ ချင်း၊ ကချင် နှင့် ရှမ်းကိုယ်စားလှယ်များက စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။
သို့ဖြစ်၍ ပင်လုံစာချုပ်၏ ကြီးမားသော အားနည်းချက် (၂) ရပ်မှာ
၁။ ပြည်မအစိုးရအနေနှင့် ဗိုလ်ချုပ်တဦးသာ လက်မှတ်ရေးထိုးပြီး ကျန်ဝန်ကြီးများပါဝင် လက်မှတ်ရေးခြင်း မရှိခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်လုပ်ကြံခံရပြီးသောအခါ လက်ဆင့်ကမ်းတာဝန်ခံမည့် ပုဂ္ဂိုလ်မရှိတော့ခြင်း ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်အစိုးရကိုယ်စားလှယ် ဘော့တွန်မလေ ကိုယ်တိုင် ပင်လုံညီလာခံသို့ တက်ရောက်လေ့လာနေသော်လည်း သက်သေအဖြစ် လက်မှတ်ရေးထိုးခြင်း မရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပင်လုံစာချုပ်နောက်ဆက်တွဲများကို အင်္ဂလန်အစိုးရက ပတ်သက်မှု တာဝန်ခံမှု မရှိတော့ပေ။
၂။ ပင်လုံစာချုပ်တွင် စာချုပ်ကို မည်သို့မည်ပုံအကောင်အထည်ဖော်ရမည်ကို ထည့်သွင်းချုပ်ဆိုထားခြင်း မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကျဆုံးပြီးနောက် ပင်လုံစာချုပ်အကောင်အထည်ဖော်မှု မရှိခဲ့ပေ။ ထို့နည်းတူ ပြည်ထောင်စု စစ်စစ်လည်း မပေါ်ပေါက်နိုင်တော့ဘဲ ၁၉၄၇ ဖွဲ့စည်းပုံအရ ဖားတပိုင်း ငါးတပိုင်း ပြည်ထောင်စုပုံစံသာ ပေါ်ပေါက်ခဲ့ရသည်။
အဓိကမှာ “တန်းတူရေး” အခြေခံမှု ပျောက်ဆုံးနေပြီး ပြည်မဟူသော နယ်မြေအစုအဖွဲ့က ပြည်ထောင်စု တခုလုံး၏ အာဏာကို ရယူထားလိုက်သည့်အတွက် ထိုစဉ်က ပြည်နယ်များမှာ လက်အောက်ခံ ပြည်နယ်များဘဝသို့ ကျရောက်ခဲ့ရခြင်း ဖြစ်ပေသည်။
နောက်နောင် အလျဉ်းသင့်မှသာ ပင်လုံနှင့် ပတ်သက်၍ ဝိဝါဒ ကွဲပြားနေမှုများအပေါ် အကျယ်တဝင့် တင်ပြပါဦးမသည်။ ပင်လုံစိတ်ဓါတ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်များ စသည်ဖြင့် အဖွဲ့အစည်းအသီးသီး ခေါင်းဆောင်အသီးသီးက အဓိပ္ပါယ်ဖွင့်ဆိုမှုများ အသီးသီးရှိနေကြသော်လည်း ကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရပေသည်။
ယခု အမှတ် (၃) ဆောင်းပါးအနေနှင့် ပအိုဝ်လူမျိုးများ၏ ပင်လုံနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုကိုသာ ဦးစားပေး ဖော်ပြရန်ဖြစ်ပေသည်။ ထိုစဉ်က ပင်လုံကွန်ဖရင့်သို့ ပါင်တက်ရောက်သူများတွင် ပအိုဝ်းဦးလှဖေ ခေါ် သထုံဦးလှဖေလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ KNU ကိုယ်စားလှယ်အဖွဲ့နှင့် လေ့လာသူအဖြစ် ပါဝင်တက်ရောက်ကြောင်း သိရသည်။
တရားဝင်တက်ရောက်သူမှာ တရားသူကြီး ဦးဖြူ ပင် ဖြစ်သည်။ ဆီဆိုင်လူထု၏ ကိုယ်စားလှယ်အဖြစ်၎င်း စော်ဘွား၏ကိုယ်စားလှယ်အဖြစ်၎င်း ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဆီဆိုင်မြို့စား စဝ်ခွန်ကြည်သည် သထုံလေး (ခေါ်) ဆီဆိုင်မြို့၏ အဆက်ဆက်သော အုပ်စိုးသူ စော်ဘွားမျိုးနွယ်ဖြစ်သည်။ သူသည် ခေတ်ပညာတတ်၍ အမျှော်အမြင်ကြီးမားသူ ဖြစ်သည်။ ၄င်းရေးသားခဲ့သော “ရှမ်းပြည်အမှားတော်ပုံ” စာတန်းသည် အထူးလေ့လာသင့်သော၊ သင်ခန်းစာယူသင့်သော စာတမ်းဖြစ်သည်။
လက်ရှိကာလသည် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးနှင့်၊ အသစ်ပြန်လည်ရေးဆွဲရေး ကိစ္စရပ်များအတွက် စဉ်းစားတွေးခေါ်ချက်များနှင့် ပြိုင်ဆိုင်ရေးဆွဲမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ဖွဲ့စည်းပုံနှင့် မူပေါ်လစီများ ရေးဆွဲရာတွင် ပအိုဝ်းလူမျိုးတို့၏ ပူးပေါင်းရေးဆွဲ လုပ်ဆောင်ခွင့်၊ အကောင်အထည်ဖော်ခွင့်တို့တွင် ပါဝင်နိုင်မှသာ ပအိုဝ်းတို့၏ အမျိုးသားရေး၊ နိုင်ငံရေးအတွက် အခွင့်အလမ်းဖန်တီးနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရေးဆွဲသည်ဖြစ်စေ၊ ဖွဲ့စည်းပုံဥပဒေ အသစ်တဖန် ပြန်လည်ရေးဆွဲသည်ဖြစ်စေ ပအိုဝ်းအမျိုးသားများသည် တခြားလူမျိုးများနှင့် နည်းတူ မည်သို့မည်ပုံ ရေးဆွဲပါဝင်လုပ်ဆောင်နိုင်ခွင့်ကို ကြိုးစားဖန်တီးသင့်ပေသည်။
အနာဂတ် ပြည်ထောင်စုတည်ဆောက်ရေးမှာ စစ်မှန်သောပြည်ထောင်စုတရပ် ပေါ်ပေါက်နိုင်ရေးအတွက် တတတ်တအား ပူးပေါင်းဦးဆောင်ရေးဆွဲနိုင်မှသာလျှင် နိုင်ငံရေးဦးဆောင်မှုမှာ တန်းတူညီမျှမှုအတွက် လမ်းစဖြစ်ပါပေလိမ့်မည်။ ပြည်ထောင်စုထဲက ပအိုဝ်းသည် တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်လွတ်လပ်မှု စသော အခြေခံရပ်များဖြင့် ရပ်တည်နိုင်ပြီလော။ မရပ်တည်နိုင်သေးပါ။ တချို့လူမျိုးများသည်လည်း မရပ်တည်နိုင်သေးပါ။ သို့သော် ပအိုဝ်းတို့သည် နှစ်ထပ်ကွမ်း (နှစ်ဆဖြစ်သော) ဆုံးရှုံးမှုများဖြစ်သော တန်းတူညီမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်တို့အတွက် နှစ်ဆ၊ သုံးဆ ထပ်မံ၍ အမှန်တကယ် ကြိုးစားကြပါဦးလော။ ထိုမှသာလျှင် ပြည်ထောင်စုထဲမှ ပအိုဝ်းသည် စစ်မှန်သောပြည်ထောင်စု အတွက် အားဆေးဖြစ်စေသော လူမျိုးတမျိုးဖြစ်သည်ဟု မြင်စေချင်လှသည်။
ယခုကာလသည် နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး နှင့် အခြားသောအဖွဲ့အစည်းများသည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားချဉ်းကပ်လာနေကြသည်မှာ အလွန်ပင်အားရစရာအချက် ဖြစ်ပေသည်။ သို့သော် အလွာစုံ ပူးပေါင်းပါဝင်မှု မရှိခြင်းအပေါ် အောင်မြင်မှုအတွက် ခက်ခဲနှောင့်နှေးစေပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအတွက် အသီးသီးကြိုးပမ်းနေကြသော အချိန်ကာလတွင် ပအိုဝ်းလူမျိုးများ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍမှာ မှေးမှိန်နေသည်ကို တွေ့ရပေသည်။ အကယ်၍သာ ပအိုဝ်းလူမျိုးတို့၏ အနာဂါတ်ဖက်ဒရယ် တည်ဆောက်ရေးတွင် အခန်းကဏ္ဍပူးပေါင်းပါဝင်မှု မရှိပါက သမိုင်းတရပ်တွင် ပအိုဝ်းအမျိုးသားများ၏ သမိုင်းတရားခံအဖြစ်၊ သို့တည်းမဟုတ် တခြားသော တိုင်းရင်းသားလူမျိုးများ၏ လစ်လျှူရှုချင်စရာ ဖြစ်နေပါက ငြိမ်းချမ်းဝပြောသော ပြည်ထောင်စုအသစ် အသစ်အဖြစ် ဖန်တီးခြင်းနှင့် အနာဂတ်လူငယ်များ ဦးဆောင်ခြင်းအတွက် အဟန့်အတား ဖြစ်နေပေသည်။
မည်သို့ပင်ဖြစ်စေကာမူ ပအိုဝ်းအမျိုးသားတို့သည် ကိုယ့်ကံကြမ္မာကို ကိုယ်သာ ဖန်တီးရပါမည်။ အတူတကွနေထိုင်လျက်ရှိသော လူမျိုးများကလည်း ပအိုဝ်းတို့၏ ကံကြမ္မာ အနာဂါတ်ကို ဦးစားပေးဖန်တီးနိုင်မည် မဟုတ်သေးသည့်အပြင်၊ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်သော လူမျိုးမှာလည်း ပအိုဝ်းအရေးနှင့်ပတ်သက်ပါက ဖန်တီးဆောင်ရွက်ပေးမှုများ အမှန်တကယ်မရှိနေပါ။
ထို့ကြောင့် ပအိုဝ်းတို့အတွက် လိုအပ်သော ပြည်ထောင်စုတည်ဆောက်ရန်မှာလည်း ပအိုဝ်းတို့ကိုယ်တိုင် လိုချင်သော၊ အပ်စပ်သော၊ လူထုအတွက်အသုံးဝင်သော ကိုယ်ပိုင် ပအိုဝ်းတို့ ဖွဲ့စည်းပုံလည်း ရေးဆွဲအသက်ဝင်စေမှုအပြင် ပိုမိုကျယ်ပြန့်မှုအတွက် ကြိုးပမ်းရပေမည်။
ပအိုဝ်းတို့၏ သမိုင်းတွင် ပြည်ထောင်စုအတွက် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ကြိုးပမ်းပါဝင်ခဲ့သည်ကို တွေ့ရပေမည်။ ထို့နည်းတူစွာပင် လက်ရှိအနာဂါတ်တွင် ပင်လုံကဲ့သို့သော (သို့မဟုတ်) ပင်လုံစာချုပ်ထက် သာပြီး လက်ရှိခေတ်နှင့် ဆက်စပ်သော ပြည်ထောင်စုစိတ်ဓါတ်နှင့်စာချုပ် ရှိနေသင့်ပြီ မဟုတ်ပါလား။
“နီပအိုဝ်;ယို ထွိုင်;မာ,လွခန်းထာ,မာ,မွိုင်ဖုံ;ဟွေ;”
စါင်းဖါအောင်
နှင့်
ဗွေစာင်ပေ
No comments:
Post a Comment