နားဘောင်စိုက်ကွင်း PNO အဖွဲ့အစည်းမှ သိမ်းယူထားသောမြေတစ်ချို့ ပြန်ပေး

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီး-ကျောက်တလုံးလမ်းမဘေး နားဘောင်ဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )မှ ဖွံ့ဖြိုးရေးစိုက်ကွင်းအဖြစ် သိမ်းယူထားသောမြေယာကို မြေသိမ်းခံရသည့်မြေယာပိုင်ရှင် လယ်သမားလေးဦးအတွက် ပေ ၈၀ x ၆၀ မြေကွက်နှစ်ကွက်စီကို အသွင်းပြောင်းပြည်သူ့စစ် (PNA) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်လာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် PNO ပအိုဝ်းအမျိုးသားရေးရုံးချုပ်၌ မြေကွက်စာချုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြေယာသိမ်းယူခြင်းခံရသော မြေပိုင်ရှင်များ မှန်ကန်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အစားထိုးပြန်လည်ပေးအပ်မည့်မြေကွက်များအား သဘောတူလက်ခံကြောင်း ထောက်ခံစာတင်ပြရပြီး နားဘောင်ဒေသမြေယာသမိုင်းနှင့် ဒေသခံများညှိနိုင်းသဘောတူညီချက်စာချုပ်ဖြင့် မြေသိမ်းခံရသူလယ်သမားများအား တောင်ကြီး-ကျောက်တလုံး လမ်းမဘေးရှိ နားဘောင်ဈေးတောင်ဘက်တွင် ပေ ၈၀ x ၆၀ နှစ်ကွက်စီကို ပြန်လည်ပေးအပ်သွားကြောင်း မြေယာသိမ်းခံရသူ လုံးဝါးရွာနေ ကိုကျော်မင်းက ပြောသည်။

“ကျွန်တော်တို့က စိတ်ချမ်းသာချင်ပါပြီ။ အဖွဲ့အစည်းကိုလည်း ခေါင်းမကိုက်စေချင်တော့ဘူး။ ဒါကြောင့် ပြန်ရသလောက်ကို ကျေနပ်ပြီး နှစ်ဖက်ကြေအေးစေချင်တယ်။ နောက်လည်း အရှုတ်အရှင်း မရှိစေချင်ဘူး။ ဒီစာချုပ်ထဲမှာလည်း မြေကွက်ကို လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာရောင်းပိုင်ခွင့် လုပ်ပိုင်ခွင့်များ ပေးထားပါတယ်။ ယခုပေါက်ဈေးအနေနှင့်လည်း သိန်းနှစ်ရာအထက်သာရှိတယ်။ ဘယ်လိုဘဲဖြစ်ပါစေ ကျေနပ်ပါတယ်” ဟု မြေဧက ၇ ဧက သိမ်းခံရသူ ထီဟန်းဆွေးရွာနေ ကိုမောင်ကျင်က ပြောသည်။

“တစ်ချို့လူများလည်း သဘောတူကျေနပ် လက်ခံမည်ဆိုလျှင်လည်း ဆက်လက်လုပ်ပေးသွားမယ်လို့လည်း ဒုတိယဗိုလ်မှူးကြီးခွန်လာနဲ့ ဗိုလ်မှူးတင်ထွဋ်က ပြောထားသေးတယ်၊ ကျွန်တော်တို့က PNO ကိုဘဲ အားကိုးပါတယ်။ ဒါကြောင့် အရင်အတိုင်းပဲ ရှိနေမှာပါ” ဟု မြေဧက ၂ ဧက အသိမ်းခံရသူ ကိုကျော်မင်းက ပြောသည်။

မြေယာပြန်လည်ရရှိသူ လေးဦးမှာ ကိုမောင်ကျင် ၊ ကိုကျော်မင်း၊ ဦးမောင်စံနှင့် ဒေါ်နန်းခယ်တို့ ဖြစ်ကြောင်း သိရသည်။

No comments: