ဒေသခံအား အသိမပေးဘဲ မြေဧက ထောင်ကျော် သိမ်းဆည်းသွားနိုင်ဟု လူငယ်အဖွဲ့ကဆို

ရေးသားသူ - ကူးဒူ၊ နှောင်းလှိုင် 05 ဇန်န၀ါရီလ 2012 | ကန္တာရ၀တီတိုင်းမ်

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်ရှိ ပကျဲရွာဟောင်းတွင် ဘိလပ်မြေစက်ရုံ ဆောက်လုပ်ရေးအတွက် ကုမ္ပဏီမှ ကျေးရွာဒေသခံများအား အသိပေးခြင်း မရှိဘဲမြေယာများ သိမ်းဆည်းသွားနိုင်သည်ဟု ကရင်နီလူငယ်အဖွဲ့က ဆိုသည်။

ဘိလပ်မြေစက်ရုံ ဆောက်လုပ်ရန် တရုတ်ကုမ္ပဏီတခုမှ အစိုးရအာဏာပိုင်များထံမှ လုပ်ပိုင်ခွင့်များ ရရှိထားပြီး ခန့်မှန်းခြေ မြေဧက ၁၂၀၀ ခန့်ကို သိမ်းဆည်းသွားနိုင်ကြောင်း ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO က ပြောသည်။

“အဲဒီရွာမှာ အိမ်ဟောင်း၊ ရွာဟောင်း ဖြစ်သွားပြီ။ ဒါပေမယ့် ကွင်းတော့ ရှိတယ်။ အဲဒီနေရာကို သူတို့ သိမ်းပြီး သူတို့ ကုမ္ပဏီနဲ့ ဆက်စပ်ပြီး ဘိလပ်မြေစက်ရုံ ထောင်ဖို့လုပ်တယ်” ဟု KNYO ဥက္ကဌ ထွေးရယ်က ပြောသည်။

မြေယာသိမ်းဆည်းမည့် နေရာသည် ကုန်းပြင်မြင့်ဖြစ်ပြီး လက်ရှိ ဒေသခံများက တောင်ယာများ လုပ်ကိုင်စားသောက်လျက်ရှိကြသည်။ ပကျဲရွာသစ်၊ ချိကယ်အုပ်စုနှင့် နွားလဘို့ရွာစသည့် ဒေသခံများက တောင်ယာများ သွားရောက်လုပ်ကိုင်ကြပြီး မြေပဲ၊ ပဲစေ့ငုံ၊ ပဲပုပ်၊ ပြောင်းဖူးနှင့် အဓိက စပါးတို့ကို စိုက်ပျိုးကြသည်။

“ခုထက်ထိတော့ မသိမ်းသေးဘူး။ အစိုးရက လိုက်ပြီးတော့မှ မြေသိမ်းတယ်။ ကုမ္ပဏီတွေ ချပေးတယ်ဆိုတာက ဒါသူတို့ရဲ့ အစိုးရ အကျိုးစီးပွားဆိုပေမယ့်လည်း ဒါက အဓိက နစ်နာသွားတာကတော့ လူထုတွေပဲလေ” ဟု ဒေသခံ တဦးက ပြောသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရတပ်များ သိမ်းယူခဲ့သော မြေယာများမှာ ဘောလခဲ၌ ဧက ၆၀၊ ဖရူဆို၌ ဧက ၅၀၊ ဒီးမော့ဆို၊ ငွေတောင်၌ ဧက ၈၀ နှင့် လွိုင်ကော်မြို့နယ်၌ စက်မှုဇုံတို့ ပါဝင်ကြောင်း KNYO က ဆိုသည်။

၂၀၁၁ ခုနှစ်တွင် ဖရူဆိုမြို့နယ် လောဂျာ၊ မားပရိုရှေ့နှင့် ဒေါလောခူကျေးရွာတို့မှ စပါး၊ ပြောင်းဖူး၊ နှမ်းနှင့် ပြောင်းကောက် စသည့် သီးနှံများကို နှစ်စဉ်နှစ်တိုင်း စားဝတ်နေရေးအတွက် စိုက်ပျိုးနေသည့် လယ်ယာမြေ ဧက ၂၇၀၀ ကို စစ်လေ့ကျင့်ရေးကွင်း ဆောက်လုပ်ရန် အစိုးရမှ သိမ်းယူလိုက်ပြီး ဖြစ်သည်။

No comments: