မြန်မာစစ်အစိုးရ ၂၀၁၄ ခုမှာ ညူကလီးယားလက်နက် ထုတ်လုပ်နိုင်မည် ခန့်မှန်း

သြဂုတ်လ ၅ ရက်၊ ၂၀၀၉
လွတ်လပ်တဲ့ အာရှအသံ

မြန်မာစစ်အစိုးရအနေနဲ့ လက်ရှိအနေအထားအတိုင်း ညူကလီးယားစီမံကိန်းကို အကောင်အထည်ဖေါ်မည်ဆိုရင် ၂၀၁၄ ခုနှစ်မှာ ညူကလီးယားလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ သြစတြေးလျပညာရှင်ပါမောက္ခ Desmond Ball နဲ့ သြစတြေးလျသတင်းစာဆရာ Mr.Phil Thornton က မကြာခင်က ဖေါ်ထုတ်ရေးသားလိုက်ပါတယ်။ မြန်မာစစ်ဖက်နဲ့ အရပ်ဖက်က ထွက်ပြေးလာ နှစ်ဦးကို သီးခြားမေးမြန်းစုံစမ်းအပြီး ၂ နှစ်အကြာမှာ အခုလိုရေးသားလိုက်တာလို့ သိရပါတယ်။

ရုရှားအစိုးရက ကူညီထားသည့် အနုမြူသုနေသနဌာနတွင် တာဝန်ထမ်းဆောင်မည့် မြန်မာ့အမှုထမ်းများကို ရုရှားဘာသာသင်ကြားပေးရန် စေလွတ်ထားသော ရုရှားလူမျိုး ၄၀ ထဲမှ တစ်ဦးဖြစ်ကြောင်း မေမြို့ဒေသခံများက ပြောကြားသော ရုရှားအမျိုးသမီး စက်ဘီးစီးလာသည်ကို မေမြို့လမ်းတစ်ခုတွင် တွေ့ရပုံ။ (Photo: RFA/Tyler Chapman)

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဖေါ်ထုတ်ရေးသားခဲ့သူနှစ်ဦးထဲက သတင်းစာဆရာ Phil Thornton ကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဟုတ်ကဲ့ Mr. Phil Thornton ခင်ဗျား။ မြန်မာပြည်ထဲက ထွက်ပြေးလာတဲ့သူနှစ်ယောက်ကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့သူတစ်ဦးအနေနဲ့ မြန်မာစစ်အစိုးရက ညူကလီးယားလက်နက် ထုတ်နိုင်တဲ့ စက်ရုံဆောက်နေတယ်ဆိုတဲ့ ကောက်ချက်ကို ဘယ်လိုဆွဲခဲ့ပါသလဲဗျ။

ကျနော်တို့ ထွက်ပြေးလာတဲ့သူနှစ်ဦးကို သီးခြားစီတွေ့မေးခဲ့တာပါ။ တစ်ယောက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ သင်တန်းတက်ခဲ့တဲ့ စစ်တပ်က ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒီကိစ္စတွေကို အတွင်းကျကျသိထားတဲ့ ထူးထရိတ်ဒင်းက စာရင်းကိုင်တစ်ယောက် ဖြစ်ပါတယ်။

အစတော့ သူတို့ပြောတာတွေကို ကျနော်တို့သံသယရှိပါတယ်။ မြန်မာနိုင်ငံမှာက ပြည်သူတွေကို လျှပ်စစ်မီး ၂၄ နာရီပေးနိုင်ဖို့ကို အခက်အခဲဖြစ်နေတာဆိုတော့ ညူကလီးယားစက်ရုံ ကိစ္စတွေကို ပြောလာတော့ သံသယဖြစ်ကြတာပါ။

ဟုတ်ကဲ့၊ Mr. Thornton တို့ ဒီ Sydney Morning Herald နဲ့ Bangkok Post တွေမှာ ရေးထားချက်အရဆိုရင် ပထမဆုံးတွေ့ပြီး မေးခဲ့တဲ့သူက ဗိုလ်ကြီးမိုးကြိုးလို့ အမည်ဝှက်ပေးထားတဲ့ ရုရှားပြန်စစ်ဗိုလ်တစ်ဦးလို့ ဆိုပါတယ်။ သူ့အကြောင်းပြောပြပါလားခင်ဗျ။

ဟုတ်ပါတယ်။ မိုးကြိုးဆိုတာ သူ့လုံခြုံရေးအတွက် ပြောင်းထားတဲ့နာမည်ဝှက်ပါ။ သူက ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင် ရွေးပြီး မော်စကိုမှာ ညူကလီးယား အင်ဂျင်နီးယားရင်းပညာ တက်လာတဲ့ ဗိုလ်ကြီးတဦးပါ။ အဲဒီမှာ ၂ နှစ်တက်ပြီး မြန်မာပြည်ပြန်ရောက်တော့ ညူကလီးယားတပ်ရင်းမှာ တာဝန်ပေးခံရပါတယ်။ ဒီကနေ သူသင်လာခဲ့တာတွေကနေ ပြန်တာဝန်ယူရတဲ့သဘောပါ။

ကျနော်တို့ နှစ်ယောက်ထဲက ပါမောက္ခ ဘောလ်က ညူကလီးယားသင်တန်းနဲ့ စက်ရုံတွေအကြောင်း ပိုပြီး အသေးစိတ်အချက်အလက်တွေ မေးမြန်း မှတ်တမ်းယူခဲ့ပါတယ်။ သူက ညူကလီးယားနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ ပညာရှင်ဆိုတော့ သူက ပိုပြီး ထွက်ဆိုချက်တွေကို မှတ်သားဝေဖန်ပါတယ်။ ဟုတ်မဟုတ် သုံးသပ်ပါတယ်။ သူက ဒီအချက်အလက်တွေကို ထောက်ပြီး မြန်မာနိုင်ငံဟာ ညူကလီးယားလက်နက် ထုတ်နိုင်ဖို့ ပြင်နေတယ်။ ဘယ်အချိန် လက်နက်ထုတ်နိုင်မယ်ဆိုတာကို သုံးသပ်တာပါ။

ကျနော့်အတွက်ကတော့ မြန်မာစစ်အစိုးရအနေနဲ့ အခု ဒီလူနှစ်ဦးက ပြောဆိုချက်တွေထဲက ၁၀ ရာခိုင်နှုန်းပဲ မှန်းထားဦး။ အရပ်သုံးဖြစ်ဖြစ် စစ်သုံးဖြစ်ဖြစ် ညူကလီးယားစက်ရုံ ထောင်တယ်ဆိုရင် ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာလို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က ဆိုင်ကလုံးနာဂစ်တိုက်တော့ မြန်မာစစ်အစိုးရဆီမှာ အမျိုးသားအရေးပေါ် လုံခြုံရေးစနစ်မရှိတာ တွေ့နိုင်ပါတယ်။ ဒီလို ကယ်ဆယ်ရေးတွေကိုတောင် အမျိုးသားလုံခြုံရေးအဖြစ် မဆောင်ရွက်နိုင်ရင် ညူကလီးယားလို ကိစ္စမျိုးမှာ ဘေးအန္တရာယ်ဖြစ်လာရင် ဒါဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိစ္စဖြစ်လို့ပါပဲ။

ဟုတ်ကဲ့။ ထွက်ပြေးလာသူ ၂ ယောက်ထဲက ထူးထရိတ်ဒင်းက စာရင်းတွေကို ကိုင်တွယ်ရသူ ကိုတင်မင်းလို့ နာမည်ဝှက်ပေးထားသူဆီကတော့ ဘယ်လိုအချက်အလက်တွေရလဲ ပြောပါဦးခင်ဗျ။

သူကတော့ ပစ္စည်းတွေ ဘယ်လိုသယ်ယူတယ်၊ ပစ္စည်းတွေ ဘယ်လိုမှာယူတယ်၊ ဆောက်တယ် စတဲ့ နောက်ခံအခြေအနေကို ယေဘုယျ ခြုံပြောနိုင်ပါတယ်။ ဘယ်လိုဝယ်တယ် ဘယ်ကနေ ငွေးကြေးရတယ်ဆိုတာမျိုးတွေကို ပြောနိုင်ပါတယ်။ သူ့ထွက်ဆိုချက်တွေနဲ့ စောစောက ဗိုလ်ကြီး ထွက်ဆိုချက်တွေကို ဆက်စပ်ကြည့်ရင် အဖြေမှန်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ပိတ်ထားတဲ့နိုင်ငံဆိုတော့ အတိအကျစစ်ဆေးနိုင်ဖို့ ခက်ခဲပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ညူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်ထိုးထားတဲ့နိုင်ငံပါ။ ဘယ်လို ညူကလီးယားကိစ္စမျိုးလုပ်လုပ် ကုလသမဂ္ဂ အိုင်အေအီးအေကို အစီရင်ခံရမှာပါ။ ဒါဟာ စိုးရိမ်စရာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ သတင်းစာ ၂ စောင်မှာ ရေးသားချက်အရ မြန်မာစစ်အစိုးရဟာ ၂၀၁၄ ခုနှစ်မှာ ညူကလီးယားလက်နက် ထုတ်နိုင်မဲ့အဆင့်ရောက်မယ်လို့ ဆိုထားပါတယ်။ ဒီကောက်ချက်ကတော့ ဘယ်လိုဆွဲပါသလဲ။ ထွက်ပြေးလာတဲ့သူတွေဆီက တိုက်ရိုက်ပြောတဲ့ အချက်ပါလားဗျ။

ဒါ ကျနော်တို့ရတဲ့ ထွက်ပြေးလာတဲ့သူတွေပြောတဲ့ သတင်းအချက်အလက်တွေ၊ အချိန်ကာလတွေအပေါ်မှာ သုံးသပ်ပြီး ဒေါက်တာဘောလ်က အကဲဖြတ်တာ ဖြစ်ပါတယ်။

ကျနော်တို့ကို ပြောပြချက်တွေသာ မှန်ခဲ့ရင် မြန်မာနိုင်ငံဟာ ဒီအချိန်မှာ ညူကလီးယားလက်နက်ထုတ်နိုင်မဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒါကတော့ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ညူကလီးယားလက်နက် ထုတ်လုပ်နိုင်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား နှစ်ဦးထဲက သတင်းစာဆရာ Mr. Phil Thornton ကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

No comments: