လူမျိုးနှစ်မျိုးကြား တိုက်ပွဲမဟုတ်ပါ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
အောက်တိုဘာ ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် RCSS/SSA လက်နက်ကိုင်အဖွဲ့နှင့် PNLO/PNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု သိရသည်။ ထိုတိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်နှစ်နှာမှုများ ရှိခဲ့သည်ဟု သိရသည်။ PNLO တပ်ဖွဲ့မှ တပ်သားနှစ်ဦး ကျဆုံးကာ ကားနှင့်အဆောင်းအဦးများကို လက်နက်ကြီးများထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ RCSS/SSA ဘက်မှ ငါးဦးကျဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ စုစုပေါင်း ၂၂ ဦးကျခန့် ဆုံးမည်ဟု သိရသည်။

ထို RCSS/SSA တပ်ဖွဲ့မှ ကျဆုံးသောတပ်သားများအထဲတွင် ပအိုဝ်းလူမျိုးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းနယ်တွင် နေထိုင်သောပအိုဝ်းတိုင်းရင်းသားသည် RCSS မှ မဝင်မနေရစနစ်ဖြင့် အတင်းအဓမ္မစုဆောင်းခံရခြင်းကြောင်း ဖြစ်သည်ဟု သိရသည်။

ထိုနယ်မြေ၏ သမိုင်းသည် ယခင်က ရလလဖ လက်ထက်တွင်လည်း RCSS/SSA နှင့် အငြင်းပွား တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်သည်။ ၎င်းနယ်မြေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အတူတကွနေထိုင်သွားလာနေသော နေရာဒေသလည်း ဖြစ်သည်။

၎င်းကို ပြန်လည်သုံးသပ်ရလျှင် ပအိုဝ်းဒုတိယတော်လှန်ရေး တည်ထောင်သော ဗိုလ်ချုပ်စံသိန်း၏ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့မှ ရလလဖခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ဟုဆိုပြီး ပြောင်းလဲကာ တော်လှန်ရေးဆက်လက် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရလလဖ အဖွဲ့ဥက္ကဌ ဦးတာကလယ်ဖြစ်လာသောအခါ RCSS/SSA အဖွဲ့နှင့် မဟာမိတ်ဖြစ်လာခဲ့သည်။

၂ဝဝ၇ ခုနှစ်တွင် ဗိုလ်မှူးခွန်သူရိန်နှင့် လက်အောက်ငယ်သားများအချို့က ရလလဖအဖွဲ့နှင့် နိုင်ငံရေး စစ်ရေးအမြင်များ မတူညီမှုကြောင့် ရလလဖ အဖွဲ့မှ ခွဲထွက်ကာ ဗိုလ်မှူးခွန်ဥက္ကာဦးဆောင်းသည့် ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ့ (PPLO)၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ပအိုဝ်းလူငယ်အဖွဲ့နှင့် အမျိုးသမီးအဖွဲ့အစည်းများအပါအ၀င် အခြားတသီးပုဂ္ဂလနိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပေါင်းစပ်စုစည်းကာ ၂၀၀၉ ခုနှစ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ယခုအခြေအနေသည် RCSS/SSA တပ်မတော်ဘက်တွင်လည်း ပအိုဝ်းတိုင်းရင်းသားများ ပါဝင်နေပြီး PNLO/PNLA တပ်မတော်တွင်လည်း ရှမ်းတိုင်းရင်းသားများ ပါဝင်နေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ်း ပြည်နယ်တွင် နေထိုင်နေသော တိုင်းရင်းသားလူမျိုးငယ် ၅၃ မျိုးရှိသောကြောင့် ဒေသအလိုက် မှီတင်းနေထိုင်မှုနှင့် အတူတကွယှဉ်တွဲနေထိုင်သောကြောင့် ဖြစ်သည်။

နိုင်ငံတော်နှင့် အပစ်ခတ်ရပ်စဲရေး မယူခင်တွင် အချင်းချင်းတိုက်ပွဲးဖြစ်ပွားမှု နယ်မြေပြဿနာ အငြင်းပွားမှု မရှိခဲ့သော်လည်း ယခုတွင် နိုင်ငံတော်နှင့် နှစ်ဘက်သဘောတူထားသည့်နောက်ပိုင်းတွင် အငြင်းပွားမှု ဖြစ်ရသည်ကို တွေ့ရသည်။ ၎င်းအပေါ် ပအိုဝ်းနှင့် ရှမ်း တိုက်ပွဲဖြစ်ပွားသည်ဟု မီဒီယာမှလည်းကောင်း အသုံးအနှုန်းတစ်ချို့ သော်လည်းကောင်း ပြောဆိုလာကြသည်။

အမှန်အာဖြင့် ထိုဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ပအိုဝ်းနှင့်ရှမ်းအကြား တိုက်ပွဲမဟုတ်ပေ။ RCSS/SSA လက်နက်ကိုင်အဖွဲ့နှင့် PNLO/PNLA လက်နက်ကိုင်အဖွဲ့အကြား ဖြစ်ပွားသည့် တိုက်ပွဲသာ ဖြစ်သည်။ လူမျိုးနှစ်မျိုးအကြား ဖြစ်ပွားသည့် ပြဿနာမဟုတ်သည်ကို နားလည်သင့်ပါသည်။

ယခုတိုက်ပွဲဖြစ်ပွားရာနေရာတွင် ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်နေသော ဒေသဖြစ်ပြီး စစ်ဘေးဒဏ်ဘေးကို ပအိုဝ်းတိုင်းရင်းသားပြည်သူများကသာ ကြုံတွေ့ခံစားရသည်က များပါသည်။ ရှမ်းပြည်နယ်သမိုင်းနှင့် တောင်ကြီးမြို့ စူလာမုနိဘုရားသမိုင်းတွင် ပအိုဝ်းတိုင်းရင်းသားများက စောလျင်စွာ နေထိုင်လာသည်ကိုလည်း သက်သေအထောက်ထားများနှင့်အတူ လေ့လာတွေ့ရှိနိုင်ပါသည်။

သို့သော်လည်း ပအိုဝ်းတိုင်းရင်းသားများသည် များသောအားဖြင့် တောင်သူလယ်သမားဘဝနှင့် စားဝတ်နေရေးအတွက် အဓိက အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများကို တောင်သူဟု ခေါ်ဝေါ်သုံးနှုန်းထားပါသည်။

ရှမ်းပြည်နယ်တွင် နေထိုင်နေသောပအိုဝ်းတိုင်းရင်းသားများသည် အောက်ပြည်သထုံမှ ပြောင်းရွေ့နေထိုင်သောပအိုဝ်းများ ရှိသလို နဂိုမူလ ရှမ်းပြည်တွင် နေထိုင်နေသော ပအိုဝ်းလူမျိုးလည်း ရှိပါသည်။ အောက်ပြည် မွန်ပြည်နယ် သုဝဏ္ဏဘူမိသထုံပြည်မှ ပြောင်းရွေ့နေထိုင်နေသော ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းခြဲုင်းဟု ခေါ်ဝေါ်ပြီး နဂိုမူလ ရှမ်းပြည်နယ်တွင် နေထိုင်နေသော ပအိုဝ်းတိုင်းရင်းသားများသည် ပအိုဝ်းကွန်လုံဟု ခေါ်ကြသည်။

ပအိုဝ်းလူမျိုးသမိုင်းသည် တရုတ်ပြည် တိဘက်တောင်တန်းမှ ဆင်းသက်လာကာ မြန်မာနိုင်ငံအရှေ့ ခြမ်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းသို့ ပြန့်နှံ့နေထိုင်လာခဲ့ကြသည်။ ရှမ်းပြည်နယ်တွင် လက်နက်ကိုင်တော်လှန်ရေး စတင်ပြုလုပ်သူလည်း ပအိုဝ်းတိုင်းရင်းသားများကပြင် အစောဆုံးစတင်တော်လှန်ခဲ့သည့် လူမျိုးဖြစ်သည်ကိုလည်း သမိုင်းတွင် လေ့လာသိရနိုင်ပေသည်။

ပအိုဝ်းတိုင်းရင်းသားနှင့် ရှမ်းတိုင်းရင်းသားပြည်သူများသည် အတူတကွယှဉ်တွဲနေထိုင်လာသည်ကို နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ယခုမှပင် ပအိုဝ်းနှင့်ရှမ်း တိုက်ပွဲဖြစ်ပွားသည်ဟု သုံးနှုန်းကာ လူမျိုးရေးကို ပဠိပက္ခ ဖြစ်ပေါ်စေပါသည်။ တစ်ချို့တွင် သက်သေအထောက်ထားပင် ရှိပါသေးသည်။ ရှမ်းတိုင်းရင်းသား အထူးအမြတ် ထားသောပွဲများ ရိုးရာဓလေ့များကို ပအိုဝ်းတိုင်းရင်းသားများက အတူတကွ ပူးပေါင်းပါဝင်ကြသည်။ ထို့အတူ ပအိုဝ်းတိုင်းရင်းသားရိုးရာဓလေ့များကိုလည်း ရှမ်းတိုင်းရင်းသားများက အတူတကွပူးပေါင်းပါဝင်နေကြသည်ကို ယခုထိတိုင် တည်ရှိနေပါသည်။

တိုက်ပွဲ၏ အကျိုးဆက်သည် Social media တွင်လည်းကောင်း ရေဒီယိုအသံလွင့်တစ်ချို့တွင် ဝါဒဖြန့်ပြီး ”ပအိုဝ်းတိုင်းရင်းသားများသည် ပြည်နယ်မရှိ၊ သူ့နေရာက သထုံမှာသာရှိသည် သထုံကိုပြန်ကြပါ” ဟု ပြောဆိုမှုများ ရှိလာသည်။ တိုင်းရင်းသားအချင်းချင်း အမုန်းပွားအောင် သွေးကွဲအောင် ပြုလုပ်ခဲ့ကြသည်။ RFA အသံလွင့်ဌနမှ ရှမ်းအမျိုးသားခေါင်းဆောင်ဟု ယူဆရသော ယုံကြည်ထားသောပုဂ္ဂိုလ် ဦးခွန်ထွန်းဦး နှင့် အင်တာပျူးအခန်းတွင် ဦးခွန်ထွန်းဦးမှ ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုးကြား အမြင်မှားမှု တင်းမာမှု အမုန်းပွားမှုများ ဖြစ်ပေါ်လာစေနိုင်သည့်အနေအထား စကားလုံးများကို ပြောဆိုသုံးနှုန်းခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် ဦးခွန်ထွန်းဦး၏ သုံးသပ်ချက်တွင် ”အစိုးရ၏ ပျော့ညံ့မှုကြောင့် ယခုဖြစ်နေသော နေရာသည် ရှမ်းနေတဲ့ နေရာ၊ ယခုဖြစ်တာ သထုံက ပအိုဝ်းဘဲ ဘာလို့ သထုံနယ်မြေ မပေးဘဲ ရှမ်းပြည်နယ်မြေကို ပေးတာလဲ၊ တနည်းအားဖြင့် လူတွေအားလုံး ရှမ်းပြည်နယ်မှာ လာတောင်းကြတော့ ရှမ်းအနေနှင့်လည်း စိတ်ဓါတ်ထိခိုက်မှာဘဲ၊ လက်နက်ကိုင်တာလည်း ဒီကိစ္စကြောင့် လက်နက်ကိုင်တာဘဲ၊ ကိုယ့်နယ်မြေကို ကာကွယ်ချင်တဲ့ သဘောဖြစ်တယ်။ ပအိုဝ်းနယ်မြေကို ပေးထားပြီးပြီဘဲ တောင်းလို့မရဘူး။ ဒါကြောင့် ဆက်ဖြစ်ဦးမှာဘဲ” ဟု ပြောဆို သုံးသပ်ခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားဖြစ်သော ဦးခွန်ထွန်းဦးကိုယ်တိုင်က ဤကဲ့သို့ ဝေဖန်သုံးသပ်နေပြီဆိုလျှင် ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုး အတူတကွ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်တော့ပေ။ ထိုသို့ဖြစ်ပါက ပြည်တွင်းငြိမ်းချမ်းမှုလည်း ရရှိမည် မဟုတ်ပေ။ တိုင်းရင်းသားအားလုံး လိုချင်သော ဖက်ဒရယ်ပြည်ထောင်စုကို အဘယ်သို့ ရရှိနိုင်မည်နည်း။

မဟာလူမျိုးကြီးဝါဒကို ကိုင်ဆောင်သော ဘယ်လူမျိုးမဆို အေးချမ်းမှု မရနိုင်ပါ။ ဦးခွန်ထွန်းဦး သုံးသပ် ပြောဆိုသော စကားသည် ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားသော်လည်းကောင်း၊ တခြားတိုင်းရင်းသားသော် လည်းကောင်း ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်သောစကား မဟုတ်နိုင်ကြောင်း ထင်ရှားသည်။

ပအိုဝ်းတိုင်းရင်းသားများသည် တန်းတူညီမျှမှု ရရှိရေးနှင့် အေးချမ်းစွာ နေထိုင်စားသောက်နိုင်ရေးသာ အဓိကထားသည်ကို ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။ တိုင်းရင်းသားအချင်းချင်း အတူတကွယှဉ်တွဲနေထိုင်မှုကို လိုလားသည်။ ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းက အုပ်ချုပ်သည်ဖြစ်စေ တန်းတူအခွင့်အရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးသာ လိုလားပါသည်။

ယခု စက်တင်ဘာ ၁၁ ရက်နေ့တွင် လွယ်တိုင်းလျန်၌ RCSS/SSA နှင့် PNLO/PNLA တို့အကြား နယ်မြေအငြင်းပွားမှု ဆွေးနွေးပွဲကို ပြေလည်မှု မရရှိသေးကြောင်း သိရသည်။ သို့သော် သဘောတူ ညီချက် ရရှိခဲ့သည်။

၁) နယ်မြေအငြင်းပွားမှုပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးကနေပြီးတော့ ငြိမ်းချမ်းတဲ့ နည်းနဲ့သွားကြရန် နှင့် ၂) ထိုကိစ္စကို ဆက်ဆွေးနွေးနိုင်ရန် ဟု သိရသည်။

ဆွေးနွေးပွဲတွင် ကရင်နီတိုးတက်ရေးပါတီက စစ်ဦးစီးဗိုလ်ချုပ်ကြီး ဘီထူးနှင့် ဝ အမျိုးသားအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ တက်ရောက်ကြောင်းလည်း သိရသည်။ ပြေလည်မှုမရသော်လည်း လာမည့်အောက်တိုဘာလတွင် ဆက်လက်ဆွေးနွေးရန် ရှိသည်ဟု သိရသည်။

မည်သို့ဆိုစေ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲ ဖြစ်ပွားသည်ကို ပြည်သူလူထုများက လိုလားမှု မရှိပေ။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း တိုက်ပွဲဖြစ်ပွားသည်ကို တိုင်းရင်းသားလူမျိုးကြား တိုက်ပွဲမဟုတ်ကြောင်းကိုလည်း ထပ်လောင်းပြောချင်ပါသည်။ ထိုတိုက်ပွဲမှ ရရှိလာသော ဆိုးကျိုးကို ပြည်သူလူထုပေါ်သာ သက်ရောက်ပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်မသွားရန်နှင့် အထင်မြင်လွဲမှားမှု မရှိရန် အရေးကြီးသည်။

နိုင်ငံရေးလှည့်ကွက်သော်လည်းကောင်း လူမျိုး၏အတ္တကြောင့်သော်လည်းကောင်း စည်းလုံးနေသော တိုင်းရင်းသား၏ သွေးစီးမှုကို ပျက်ဆီးမသွားရန် လိုအပ်ပေသည်။ လူမျိုးတိုင်း ကိုယ့်လူမျိုး ကိုယ်ချစ်သည်ကို အပြစ်မပြောလိုပါ။ သို့သော် မေတ္တာစိတ်ရှေ့ထားပြီး အတူတကွနေထိုင်နိုင်ရန် လိုအပ်ကြောင်း ရည်ရွယ်ပါသည်။

No comments: