ဝင်းယရွာတွင် PNA စစ်သားများ ရွာသားကို ဖမ်းဆီးပစ်ခတ်မှုဖြစ်

ခမ်းသားခွန် | ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



ကျောက်တလုံးကြီးမြို့နယ်၊ နာရီကျေးရွာအုပ်စု၊ ၀င်းယရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့၊ မနက် (၃) နာရီအချိန်ခန့် PNA (ပီအဲန်အေ) ဌာနေပြည်သူ့စစ်များက သေနတ်ဖြင့် ပစ်ခတ်ရာမှ ရွာသားတစ်ဦးကို ထိမှန်ပြီး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

အခင်းဖြစ်ရပ် မဖြစ်ပွားခင် ဇူလိုင်လ ၂၂ ရက်နေ့ ညတွင် ၀င်းယရွာမြောက်ဘက်အစွန်၊ တောင်ကြီး-ကျောက်တလုံးကြီး လမ်းမပေါ်၊ လမ်းအနောက်ဘက်၊ ကိုလှပေါ် အမည်ဖြင့် ဖွင့်ထားသော ဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင် ခွန်လှပေါ်၊ ဇနီးနန်းခမ်းထဉ်၊ အဘဦးဖေ၊ ခွန်တဦးတို့ လေးဦးအိပ်နေကြောင်း သိရှိရသည်။

”မနက် (၃) နာရီလောက်မှာ ကျွန်တော်တို့အိပ်နေတဲ့ အချိန်မှာ ပအိုဝ်းဌာနေပြည်သူ့စစ် ဗိုလ်ကြုတ်၊ မင်းမင်း၊ သုမောင်နဲ့ ကျန်တစ်ယောက်က အမည်မသိဘူး။ စစ်သား (၄) ယောက်က အိမ်ထဲမှာ ရောက်နေပြီ၊ အိမ်ထဲကပစ္စည်းတွေကို မွှေနောက်နေပါတယ်။ လက်ထိပ်နဲ့ ကျွန်တော်လက်ကိုခတ်တယ်၊ မေးမြန်းဖို့ရှိတယ်ဆိုပြီးတော့ အပြင်ကိုခေါ်သွားတယ်။ အိမ်ထဲမှာ မေးမြန်းပြောဆိုလို့ရပါတယ်လို့ ကျွန်တော်က ပြောပေမဲ့ မရဘူး။ အပြင်ဘက်ကို အတင်းခေါ်သွားတော့ လိုက်သွားရပါတယ်။“ ဟု အိမ်ရှင်တစ်ဦး ခွန်လှပေါ်က ပြောသည်။

”အပြင်ကို ရောက်သွားတော့ သူတို့ကကျွန်တော်ကို သေနတ်တွေ၊ ကျည်ဆံတွေ ရောင်းဝယ်တယ်ဆိုပြီး စွပ်စွဲမေးမြန်းတယ်။ကျွန်တော်လည်း သေနတ်တွေရောင်းဝယ်တာ မပြုလုပ်ရပါဘူး။ ခွလေးတောင်မှ ကောင်းကောင်းမပစ်တတ်ဘူး။ ကျွန်တော် တောင်းပန်ပါသေးတယ်၊ ဒါပေမဲ့မရဘူး၊ အိမ်ဘက်ကို ကျွန်တော်ပြန်လှည့်လာတော့ ထွက်ပြေးတယ်ဆိုပြီး သေနတ်နဲ့ပစ်တယ်။ အခုလို ကျွန်တော့ပေါင်ညှာဘက်ကို ထိမှန်သွားရတာဖြစ်တယ်။ သူတို့ဆီမှာ တာဝေးဟဲန်းဆက်နှင့် ဂျီဆင်းကတ် တကတ်ပါသွားပါတယ်။“ ဟု ခွန်လှပေါ်က ဆက်ပြောသည်။

“ကိုလှပေါ်ကို ပစ်အပြီးမှာ ကွန်န်တော်ကိုလည်း ကြိုးနဲ့တုတ်ပြီး ရိုက်နက်မှု ပြုလုပ်သေးတယ်။“ ဟု ခွန်တဦးက ပြောသည်။



“မခေါ်သွားခင်က မင်းတို့ဘာတွေပြောစရာရှိလဲ၊ ငါက လှပေါ်ရဲ့အဖေပါ၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောရှင်းပြလို့ရတယ်လို့ အဲလိုပြောပေမဲ့မရဘဲ အတင်းပဲ ခေါ်သွားတယ်“ ဟု ခွန်လှပေါ်ရဲ့အဘဖြစ်သူ ဦးဖေက ပြောသည်။

ယခုမှာတော့ ခွန်လှပေါ်ကို တောင်ကြီးမြို့၊ စစ်စံထွန်းဆေးရုံတွင် ကျည်ဆံထိမှန် ဒဏ်ရာကို ကုသဖို့ ပို့ထားဆောင်ကြောင်း သိရှိရသည်။

No comments: