မြေအသိမ်းခံရသည့် ဖက်ကွန်ရွာမြေပိုင်ရှင်များ ခေါ်ယူစစ်ဆေးခံရ

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၃၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



ဖက်ကွန်-တောင်ကြီးလမ်းမဘေးရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ မတရားသိမ်းထားသော မြေယာများကို မြေသိမ်းခံရသော လယ်သမားများ ပြန်လည်လုပ်ကိုင်ရာတွင် PNO ထံမှ တဆင့် ယင်းမြေယာများကို ဝယ်ထားသောသူများက (ပုဒ်မ ၁၄၄) ဖြင့် တရားစွဲဆိုပြီး စက်တင်ဘာ ၁၈ ရက်နေ့ အပါအဝင် လေးကြိမ်မြောက် စစ်ဆေးခံနေရကြောင်း သိရသည်။

ဖက်ကွန်-တောင်ကြီးလမ်းမဘေးရှိ PNO မှ သိမ်းဆည်းထားသောမြေကို လယ်သမားများအား ပေ ၁၀၀-၁၂၀ အကွက်ကို ငွေတစ်သောင်းကျပ်ဖြင့် ပြန်ရောက်ပြီး တစ်ချို့အကွက်ကို PNO က လူကြီးနှင့် ရယက များသို့ပေးရာ ၎င်းမှတစ်ဆင့် ပြန်လည်ရောင်းချကာ ထိုမြေယာ ဝယ်ထားသူများသည် လယ်သမားများ ပြန်လည်ဝင်ရောက်လုပ်ကိုင်မည်ကို စိုးရိမ်သဖြင့် ဖက်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သွင်ထံ တင်ပြချက်အရ “ကြိုးဝိုင်းအတွင်း မကျူးကျော်ရ၊ သစ်ပင်မခုတ်ရ၊ မြေယာထွန်ယက်ခြင်းမပြုရ၊ ကျူးကျော်ခဲ့ပါက ဥပဒေနှင့် အညီ အရေးယူမည်” ဟု ဆိုင်းဘုတ်ကို ရယက ဦးမောင်သွင် ကိုယ်တိုင် ဆိုက်ထူခဲ့ကြောင်း သိရသည်။

ထိုမြေကိစ္စနှင့်ပတ်သက်၍ လယ်သမားများကို စက်တင်ဘာ ၃ ရက်၊ ၄ ရက်တွင် တောင်ကြီးအမှတ် ၂ ရဲစခန်း၌ ဒုရဲအုပ်အောင်ကိုကိုက လယ်သမားများကို ခေါ်ယူစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် ဒုရဲအုပ်အောင်ကိုကိုနှင့် ဖက်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သွင်၊ အဖွဲ့ဝင် ဦးမောင်ကျော်တို့က လယ်မြေအသိမ်းခံရသည့် မြေပိုင်ရှင်များကို အတင်းအကြပ် ထပ်မံစစ်ဆေးမေးမြန်းခဲ့ကြောင်း အမည်မဖေါ်လိုသည့် မေးမြန်းခံရသူ လယ်သမားတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၁၈ ရက်တွင် အမှတ် ၂ ရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက မြေသိမ်းခံထားသည့် နေရာနှင့် မျက်နှာချင်းဆိုင် လမ်းမဘေး တရုတ်ဆိုင်တွင် လယ်သမားများကို ပြန်လည်ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။ ၎င်းစစ်ဆေးခြင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ပြောပိုင်ခွင့်မရှိကြောင်း၊ အထက်က ခိုင်းလို့သာ လုပ်ရတာဖြစ်ကြောင်း၊ စခန်းမှူးသာ ပြောပိုင်ခွင့်ရှိကြောင်း ဒုရဲအုပ်အောင်ကိုကိုက ပြောသည်။

အနှစ်နာခံ ဒုက္ခခံရသော တောင်သူလယ်သမားများကို တရားစွဲဆိုလျှင် ၎င်းမြေကို သိမ်းသောသူကို တရားပြန်စွဲမည်ဖြစ်ကြောင်း၊ အသိမ်းခံထားရသော မြေများကို နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆို နေပြီ ဖြစ်ကြောင်း၊ အမျိုးမျိုးခြောက်လှန့်သော်လည်း လယ်သမားများစည်းလုံးမှု မကွဲနိုင်ကြောင်း၊ မြေယာပြန်မရသည့်တိုင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြေယာအသိမ်းခံထားရသည် လယ်သမားများက ပြောသည်။






No comments: