ဆီဆိုင် သို့မဟုတ် သစ်စေးပင်ခြောက်

‎ကဗျာဆရာစောဝေ ရဲ့ ကဗျာတစ်ပုဒ်ပါ။ ပြည်ထောင်စုနေ့ အမှတ်တရ တင်ပေးလိုက်ပါတယ်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး နွားကျောင်းသားလိုပဲ ကျောင်းတဲ့နွားကိုလည်းမပိုင်၊ လူ (၂) သိန်းလောက်မှာမှ အထက်တန်းကျောင်း (၄) ကျောင်းနဲ့ ဒီမိုကရေစီနိုင်ငံတဲ့၊ ရယ်ရတယ်"

ဆီဆိုင် သို့မဟုတ် သစ်စေးပင်ခြောက်

တို့နိုင်ငံ ရှမ်းပြည်ရဲ့
အမြင့်ဆုံးတောင်ကို ပွေ့ပိုက်ထား
မဲနယ်တောင်တန်ုးရဲ့ ၈ပေမြင့်တဲ့
လွယ်မောတောင်ကို ခေါင်းအုံးပြီး
ပအိုဝ်းတွဟာ ငြိမ်းချမ်းစွာ အိပ်စက်

ဘယ်လိုစစ်သားမှ
မနှောက်ယှက်ပါနဲ့
ပအိုဝ်းပျိုဖြူတွေက
လူရောနှလုံးသားပါလှလို့
ဆီဆိုင်ရေ ......

ကမ္ဘာကြီးက
လက်ဆောင်စကားပါးလိုက်တယ်
ဆေးလိပ်ဖြစ်မဲ့
ဆေးရွက်ကြီး/သနပ်ဖက်
မစိုက်ကြပါနဲ့တဲ့
တောပြုန်းတောင်ပြုန်း
လူ့အသက်တွေ ဆုံးရှုံးလို့ပါ

ဗမာကဗျာဆရာ
ရင်ဘတ်ကြီးပြာကြသွားအောင်
ပအိုဝ်းလူမျိုးတွေရဲ့ကိုယ်စား
ကိုအောင်ဇေ က ပြောတယ်

”စားဝတ်နေရေးက
ဘယ်သူကလာဖြေရှင်းပေးမှာလဲ
ကျုပ်တို့မှာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး
နွားကျောင်းသားလိုပဲ
ကျောင်းတဲ့နွားကိုလည်းမပိုင်”
လူ (၂) သိန်းလောက်မှာမှ
အထက်တန်းကျောင်း (၄) ကျောင်းနဲ့
ဒီမိုကရေစီနိုင်ငံတဲ့ ရယ်ရတယ်

လမ်းကလည်း
ကျောက်ခဲစားထားရင်တောင်
အစာကြေမဲ့လမ်း
တောင်မှန်သမျှ ယာမှန်သမျှလည်း
ခရိုနီတွေပဲရ
ဗမာဆိုရင် တွံတေးသိန်းတန်လို အသံကောင်းပြီး
သေနတ်ကိုင်တွေ
ရက်စက်ကြတယ်လို့
ဒေသခံတိုင်းရင်းသားတွေက
ယူဆပြီးသား
အမေရေ ကယ်ပါအုံး
အမေဒေါ်အောင်ဆန်းစုကြည်ရေ ကယ်ပါအုံး
လက်နက်ကိုင်ပြီး
အာဏာရူးတဲ့သူတွေကြောင့်
အားလုံး လူလုံးမလှ ဖြစ်ရပြီ

သိပ်လှတဲ့ မဲနယ်တောင်တန်းကြီးဟာ
ဘိန်းဖြူကြောင့်
မညစ်နွမ်းစေချင်ဘူး ဆီဆိုင်
တို့နိုင်ငံတိုးတက်ဖို့
တို့နိုင်ငံကမ္ဘာမှာရင်ဘောင်တန်းဖို့
အသွေးအသားထဲက တောင်းဆိုတာ
ငြိမ်းချမ်းရေနဲ့
မှုးယစ်ဆေးဝါးကင်းစင်ရေး
ဘယ်သူမှ လုပ်ပေးလို့မရ
ကိုယ်တိုင်လုပ်မှရမှာ
တို့အတူတူလုပ်ကြရအောင် ဆီဆိုင်

ဆီဆိုင်ရေ ..........
မြို့ကို ၀င်ရင်ပဲ
တွေ့မြင်ရတဲ့ ယောကျာင်္းမိန်းမ
နှလုံးသားထဲမှာ
ကိုယ့်အမျိုးတွေ မြင်ရသလို
လူတိုင်းရက်စက်တာမဟုတ်
လက်နက်ကိုင် အာဏာရတဲ့ သူပဲ
ရက်စက်တာ
ကျန်တဲ့သူတွေက
တိုင်းရင်းသားတွေအားလုံးချစ်
ဘယ်လိုဘ၀ဖြစ်ဖြစ် အတူနေချင်ပါတယ်

ငါချစ်တယ် ဆီဆိုင်
ပအိုဝ်း၊ ရှမ်း၊ ကရင်၊ ဗမာနဲ့အခြားလူမျိုးများ
ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်
ဆီဆိုင်ဟာ လှပါတယ်

ဒါပေမဲ့ တစ်ခုတော့ပြောခဲ့မယ်

တိုင်းပြည်မြောက်ဘက်နဲ့
အနောက်ဘက်တံခါးက ၀င်လာနေမဲ့
လူရမ်းကားတွေကိုတော့
တားဆီးကာကွယ်မောင်းထုတ်
လိုအပ်ရင် အသက်နဲ့ ရင်းချင်လဲရင်းပါ
တို့အားလုံးပါမယ်

ဒါမှ တို့တိုင်းပြည်လူမျိုး သမိုင်းဟာ
ဂုဏ်မြင့်မယ် အမျိုးမြင့်မယ်
ဆီဆိုင် ငါသိပ်ချစ်တဲ့ ဆီဆိုင်
ငါသိသမျှဝေခဲ့မယ်
ရိုးသားမှုကို ထိမ်းပါ
အမှန်တရားဘက်က ရပ်ပါ
အနုပညာကို ချစ်ပါ
ဒီမိုကရေစီကို ရအောင်ယူပါ
တိုင်းပြည်ကို ကာကွယ်ပါ
“ဘယ်အစိုးရတက်တက်
လျှပ်စစ်မီး အမြဲတမ်းရချင်တယ်
လျှပ်စစ်မီး တစ်ကယ်ရခဲ့ရင်
သန့်ရှင်းတဲ့ အစိုးရဖြစ်ဖြစ်
ညစ်ပတ်တဲ့ အစိုးရဖြစ်ဖြစ်
အစိုးရအဖြစ် သတ်မှတ်မယ်
တစ်နေ့ရမှာပေါ့ ဆီဆိုင်”

အမှန်ကို လက်နက်လုပ်
ရင်မြေကတုတ် ဆီဆိုင်
သူရဲကောင်း ဆီဆိုင်
ကမ္ဘာဆုံး ဆီဆိုင်
သူရဲကောင်း ဆီဆိုင် ။ ။

ကဗျာဆရာ (စောဝေ)
အတွဲ (၄) အမှတ် (၂) လျှပ်တပျက်ဂျာနယ်

1 comment:

khunaung said...

ခေါင်းစဉ်နာမည်လွဲနေတယ်။ ဆီဆိုင် ဆိုတာက ဆီ ဆိုတာ သစ်စေးပင်ဆိုတာဟုတ်တယ် ဆိုင် ဆိုတာက ခြောက် မဟုတ်ပါဘူး စိန်ကို ပြောတာပါ။ သစ်စေးခေါင်းထဲမှာ စိန်ကိုတွေ့လို့ ဆီဆိုင် (သီသဲင်) လို့ အမည်မှည့်လိုက်တာပါ။ သထွုံလေး သီသဲင်။