RCSS/SSA က PNLO တပ်ဖွဲ့ကို လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်

September 13, 2012 | တောင်ကြီးတိုင်းမ်

ချင်းမိုင် (တောင်ကြီးတိုင်းမ်) ။ ။ စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မောက်မယ်မြို့နယ် ကန်တူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO တပ်ဖွဲ့ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA-S) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။

ထိုတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်တိုက်ခိုက်ကြပြီး PNLO ဘက်က ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း RCSS/SSA ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိ မသိရသေးပေ။

“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ တပ်ဖွဲ့နဲ့ ပြသနာတက်တယ်။ လားဟူပြည်သူ့စစ်နဲ့ ပြသနာတက်တယ်။ အစိုးရတပ်နဲ့လဲ ပြသာနာတက်တယ်။ SSS ပြည်သူ့စစ်နဲ့လဲ ပြသနာတက်တယ်။ အခုနောက်ဆုံး ကျနော်တို့ PNLO တပ်ဖွဲ့ပါ ပြသနာရှာလာတယ်ဆိုတာ RCSS/SSA က ဘယ်လိုမျိုးတပ်လည်းတော့ နားမလည်တော့ဘူး။” လို့ PNLO တပ်မှူးက ပြောတယ်။

PNLO တပ်သည် လွန်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လာမည့်အောက်တိုဘာလတွင်းတွင် ပြည်ထောင်စုအဆင့်ဆက်ဆွေးနွေးရန်အတွက် ဆွေးနွေးမည့် ခေါင်းစဉ် (၈)ခုကို ကြိုတင်ညှိနိုင်းသဘောတူ လက်မှတ်ရေးထိုးထားသည်။

1 comment:

ပြည့်ဖြိုးအောင်ရဲ့ အိမ်လေး said...

တစ်ပြည်ထဲနေ တိုင်းရင်းသား အချင်းချင်း
ပဲ သတ်ဖြတ်နေမယ်.အစား
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်
လမ်းဖောက်ဖို. လုပ်အားပေးသင်.ပါတယ်