ကလောမဲဆန္ဒနယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ရှုံးနှိမ့်

တောင်ကြီးတိုင်းမ် | ဧပြီလ ၂ ရက်နေ့၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကိုယ်စားလှယ်လောင်း ခွန်သန်းမောင်က ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒေါက်တာ ဒေါ်သန်းငွေကို ရှုံးနှိမ့်သွားခဲ့ပါတယ်။

ကလောမြို့ မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလောင်းတွေကတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ခွန်သန်းမောင် (ခ) ခွန်ပေါလိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ ဒေါ်သန်းငွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးမြ၀င်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) မှ ဦးခင်မောင်လှ နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ စ၀်သာဦး စတဲ့ပါတီများမှ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။

ကလောမြို့နယ်မှ မဲဆန္ဒနယ်ရှိ မဲရုံပေါင်း ၁၃၁ ရုံမှ ရရှိသည့်မဲများအနက် NLD ပါတီက ၄၃၉၄၃ မဲ၊ USDP ပါတီမှ ၁၇၉၀၅ မဲ၊ PNO ပါတီမှ ၁၀၂၅၈ မဲ၊ NUP ပါတီမှ ၁၇၁၁ မဲ၊ နှင့် SNDP ပါတီမှ ၆၀၇ မဲ စတဲ့ မဲအရေအတွက် အသီးသီးတွေ ရရှိကြပြီး၊ ပယ်မဲကတော့ ၃၂၇၈ မဲ ရှိတယ်လို့ သိရပါတယ်။

ဒီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ နိုင်တာ မနိုင်တာ ပဓာနမဟုတ်ပဲ ပအိုဝ်းလူမျိုးများ စည်းလုံးညီညွတ်မှု ပိုမိုရရှိလာရေးဟာ ပိုအရေးပါကြောင်း။ PNO အနေဖြင့် ကလောမြို့နယ်အတွင်း လူဦးရေသုံးပုံ တစ်ပုံခန့်ရှိသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသော အဖွဲ့အစည်းရှိလာခြင်းအားဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှု ပိုမိုရရှိနိုင်ကြောင်း ရွေးကောက်ပွဲမတိုင်မီ မတ်ခ်ျလအတွင်း စည်းရုံးရေးခရီးပြုလုပ်စဉ် PNO ပါတီအောင်နိုင်ရေးဥက္ကဌ ခွန်သူတော် ကို ကိုးကားပြီး YPI သတင်းဌာနက ဖေါ်ပြသွားတာ ကြားသိရပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လ သန်ခေါင်စာရင်းအရ ကလောမြို့နယ်အတွင်း လူဦးရေ စုစုပေါင်း ၁၄၉၀၀၀ ဦးရှိသည့်အနက် ဓနု- ၅၄၅၂၃ ဦး၊ ဗမာ-၃၆၈၁၀ ဦး၊ ပအိုဝ်း-၃၀၂၉၂ ဦး၊ တောင်ရိုး-၂၁၀၂၆ ဦး၊ ပလောင်-၃၂၅၀ ဦး၊ ရှမ်း-၉၃၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။ ကလောမြို့နယ်တွင် အသက် (၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၉၂၂၅၆ ဦးရှိကြောင်း သန်ခေါင်စရင်းအရ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်ပေါင်း ၄၅ နယ်အနက် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က မဲဆန္ဒနယ်ပေါင်း ၄၀ အနိုင်ရရှိတယ်လို့ အစိုးရရုပ်မြင်သံကြားနှင့် သတင်းဌာနတွေက ဖေါ်ပြသွားပါတယ်။

6 comments:

WHY? WHY? WHY? said...

NLD မဝင်သင့်ဘူး ဒီလိုနေရာမျိုးတွေမှာ။ ဖြစ်သင့်တာက PNO နဲ့ မတိုင်ခင်ကတည်းက မဟာမိတ်ဖွဲ့ထားသင့် စကားပြောထားသင့်တယ်။ ဒါဆိုရင် သူတို့အရေးကို သူတို့သွေးသားက ဆောင်ရွက်ရင် ပြဿနာအပို မတက်ဘူး။ သံသယပွားစရာအကြောင်းမရှိတော့ဘူး။ NLD အတွက်လဲ အဖိုးတန်တဲ့ မဟာမိတ်ဖြစ်သွားပြီး နောင်ရေရှည်အတွက်လဲ ပိုကောင်းတယ်။ ဒ်ါစုကော သူ့ပါတီကောဟာ ပါတီကြီးစိတ်ဓာတ် ကဲနေတယ်။ တခြားတိုင်းရင်းသားပါတီတွေလဲ နေရာတကာ ရှုံးကြတယ်။ ကဲ NLD ဘယ်လို အောင်ပွဲတွေခံမလဲ။ အဲလိုခံတိုင်း ခံတိုင်း တိုင်းရင်းသားတွေကို သိက္ခာချနေတာ အရှက်ခွဲနေတာနဲ့ တူသွားမှာပဲ။ ဒီနေရာကနေ ဒီကိစ္စ (တိုင်းရင်းသားပါတီတွေအပေါ် NLD အနိုင်ယူရက်မှု) အတွက် NLD နဲ့ ဧရာမ မဟာ့မဟာခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ရှုံ့ချလိုက်ကြောင်းပါခင်ဗျား။

Unknown said...

Why? Why? Why? ဆိုတဲ့လူကြီး။

ခင်ဗျားပြောတာ ကျုပ်လက်မခံဘူး။ အခုလက်ရှိအခြေနေမှာ NLD အောင်နိုင်ရေးအတွက် အားလုံး တက်ညီလက်ညီ ထောက်ခံရမယ်။ အဖြေကိုကြည့်လိုက်ရင် သိသာပါတယ်။ NLD မနိုင်ရင် ဘယ်သူနိုင်မလဲဆိုတာ .. ။ ဦးနှောက်လေးနဲ့ စဉ်းစားပြီးတော့ ဖြေစေချင်တယ်။ NLD လိုပါတီမျိုးက လွှတ်တော်မှာ ပြည်သူအတွက် အနှစ်နှာခံပြီးတော့ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတယ်။ PNO နိုင်လည်း ဘာထူးမှာပဲ။ ၂၀၁၀ နိုင်ကတည်းက ဘာမှကို မထူးသေးဘူး။ ကျွန်တော်ပအိုဝ်းတစ်ယောက်ပါ။ ကိုယ့်လူမျိုးပါတီကို ကြိုက်တာပေါ့ဗျ။ ဒါပေမယ့် PNO ရှုံးနှိမ့်ပြီးတော့ NLD နိုင်တာကို အရမ်းဂုဏ်ယူတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ပဲ။ ဘယ်တိုင်းရင်းသား အတွက် ဒီတိုင်းရင်းသားအတွက်လို့ အော်နေစရာ မလိုပါဘူးဗျာ။ အားလုံးက မြန်မာပဲ။ အခြားတိုင်းရင်းသားတွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတာပဲ။ ဒေါ်စုသာ မနိုင်ရင် အားလုံးကြံ့ဖွတ် လက်ထဲကို ရောက်သွားမယ်မှတ်ပါ။ ရှင်းပြီလား ... ??? why? why? why? Go and wash your face !!...

WHY? WHY? WHY? said...

မိတ်ဆွေပအိုဝ့်ကြီးခင်ဗျား၊
မြန်မာပြည်သားလို့သုံးတဲ့အတွက် နှစ်ထောင်းအားရနှုတ်ဆက်လိုက်ပါတယ်။ ကလောနယ်မှာ ပါတီအသီးသီးကရတဲ့ မဲတွေကို ခင်ဗျားမကြည့်မိဘူးထင်တယ်။ ဒီချုပ်ကို မပေးရင် အဲဒီမဲတွေကအများစုဟာ ပအိုဝ့်တွေရမဲ့ မဲဆိုတာလောက်တောင် ခင်ဗျားမတွက်နိုင်တာကတော့ ခင်ဗျားလဲ ပုဂ္ဂိုလ်ကိုးကွယ်ရေးသမားဆိုတာ ဖော်ပြလိုက်တာပဲပေါ့ဗျာ။

နေရာအများစုမှာ ကြံ့ဖွံ့တွေ မဲတအားကို နည်းပါတယ်ဗျာ။ ကျနော် လျှော့ပေးခိုင်းတဲ့နေရာတွေကလဲ လက်တစ်ဆုပ်စာတောင်မရှိတဲ့ တိုင်းရင်းသားနယ်မြေလောက်ပဲ ပြောတာပါဗျာ။ ကျားဖြူနိုင်သွားတာ ကျနော်ကတော့ ဂုဏ်ယူတယ်ဗျာ။ အဲဒီမှာနေတဲ့ ရှမ်းတွေလဲ ဂုဏ်ယူလိမ့်မယ်လို့ ထင်ပါတယ်။

ကျနော်စိတ်မကောင်းတာက “PNO ရှုံးနိမ့်ပြီးတော့ NLD နိုင်တာကို အရမ်းဂုဏ်ယူတယ်” ဆိုတဲ့စကားပါပဲဗျာ။ ကျနော် အဖတ်များမှားသလားလို့ သုံးခါလောက်တောင် ပြန်ဖတ်ပါတယ်။ အံ့ရောဗျာ။ ပအိုဝ့်တွေရှုံးတာ အရမ်းဂုဏ်ယူတယ်ဆိုတော့ ပြောင်းလို့ရရင် လူမျိုးတောင်ပြောင်းပစ်ချင်အောင် စိတ်နာစရာများ ကြုံခဲ့ရလို့များလားဗျာ။

ကျနော်ပြောခဲ့ပြီးပြီ၊ ပအိုဝ့်ပဲဖြစ်ဖြစ် တခြားတိုင်းရင်းသားပါတီပဲဖြစ်ဖြစ် ဒီအချိန် ဒီကာလ တိုင်းရင်းသားတွေကြားမှာ အားလုံးခင်ဗျားလို မြန်မာပြည်သားလို့ ခံယူချင်လာအောင် လုပ်ရမဲ့အချိန်မှာ အဲဒီပါတီလေးတွေကို အင်အားကြီးပါတီတစ်ခုက နေရာပေးနိုင်တဲ့ တွဲခေါ်နိုင်တဲ့ သဘောထားကြီးမြင့်မှု အမျှော်အမြင်ကြီးမှုတွေ ရှိသင့်တယ်လို့ ကျနော် မမှိတ်မသုံယုံတယ်၊ သူတို့ကို တန်းတူရည်တူမဟာမိတ်တွေအနေနဲ့ ကိုယ်နဲ့ကျောချင်းကပ်ထားတာသာလျှင် မှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးသေနင်္ဂဗျူဟာဖြစ်တယ်လို့ ကျနော် ထပ်ပြောပါတယ်။

ကျနော်ဟာ ကွန်ပျူတာမကျွမ်းကျင်တဲ့အတွက် ဒီကွန်မင့်(မှတ်ချက်) ရေးတဲ့နေရာမှာ ကျနော်မသုံးတော့တဲ့ ဘလော့ဂ် Why? Why? Why? ဖြစ်သွားတာပါ။ ကျနော် အင်္ဂလိပ်လိုလဲ ကမ္ဘာကိုဖြန့်တဲ့သတင်းစာမှာ ဆောင်းပါးတွေရေးပါတယ်။ မြန်မာလိုလဲ ပြည်ပမှာ အမျာကြီးရေးပါတယ်။ ကြွားတာမဟုတ်ပါဘူး။ ဘယ်တော့မဆို နာမည်ရင်းနဲ့ရေးပါတယ်၊ ကလောင်နာမည်နဲ့ရေးရင်လဲ ကျနော် ဘယ်သူဆိုတာ ပြောလေ့ရှိပါတယ်။ ကျနော့်နာမည် ညွန့်ရွှေပါ။ မြန်မာစစ်စစ်ပါ။ ပြည်ပမထွက်ခင်က ဒီချုပ် မြို့နယ်ခေါင်းဆောင်အထိလဲ လုပ်ခဲ့ပါတယ်။ အခုပါတီဝင်မဟုတ်တော့ပါဘူး။ လွတ်လပ်စွာ ထောက်ခံစရာရှိရင် ထောက်ခံပြီး ဝေဖန်စရာရှိရင် ဝေဖန်ပါတယ်။

အခုလောလောဆယ် တိုကျိုမှာနေပါတယ်။ မကြာခင် ပြန်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်။

ညွန့်ရွှေ

Anonymous said...

manuhar said...

သိပ်ကောင်းတဲ့ comment တွေပါပဲ၊ ကိုညွန့်ရွှေရေ လေးစားပါတယ်၊ ကျွန်တော်တို့တွေက များများမတွေးနိုင်တော့ ကိုယ့်လူမျိုးအချင်းချင်းကိုတောင်မှ သိပ်မယုံကြည်ကြဘူး၊ ဒါဟာအားနည်းချက်တွေပါပဲ၊ ကျွန်တော်ကတော့ကိုယ့်ပအိုဝ်းကိုပဲ နိုင်စေချင်တယ်၊