တိုင်းရင်းသားခေါင်းဆောင်အချို့ ဂျပန်ရောက်ရှိ


ဝဲယာမှ - ခွန်ဥက္ကာ၊ စောဒေးဗစ်သာကပေါ၊
ဒေါက်တာလဂျာ
ဇော်ဇော်လှိုင် | ဧပြီလ ၁၂ ၊ ၂၀၁၂ | ဒီမိုကရက်တစ်မြန်မာ့အသံ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ခေါင်းဆောင်တချို့ဟာ ငြိမ်းချမ်းရေးကိစ္စနဲ့ ဂျပန်အစိုးရက ပေးအပ်မယ့် အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးဖို့ ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာပါတယ်။

ဂျပန်နိုင်ငံကိုရောက်လာတဲ့ တိုင်းရင်းသားခေါင်းတွေထဲကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဌ စောဒေးဗစ်သာကပေါ နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်ဥက္ကာ တို့ဖြစ်ပါတယ်။

ခရီးစဉ်မှာ ဂျပန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံက တိုင်းရင်းသားဒေသတွေကို ပေးအပ်မယ့် လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ဖို့ အရေးကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ စောဒေးဗစ်သာကပေါက ပြောပါတယ်။

"ဂျပန်အစိုးရအနေနဲ့က  ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တော်တော်ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ယူအန်အက်ဖ်စီက အဓိကကျတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဆိုတော့ ခေါ်တွေ့ဖြစ်ပါတယ်။ ဒီကိုလာရခြင်းကတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဂျပန်အစိုးရက ပေးဖို့ ကျနော်တင်ပြမှာဖြစ်ပါတယ်။ ကြားဝင်ပြီး အကျိုးဆောင်နိုင်ရင် ဆောင်ပေါ့။ ကျနော်တို့ဒါလည်း တင်ပြဖို့ရှိပါတယ်။ အဓိကတော့ ပြည်တွင်းဒုက္ခသည်တွေကို လူမှုရေးအကူအညီတွေ ပေးဖို့ပေါ့။ စီးပွားရေးတွေတော့ မပါသေးဘူး။ ပညာရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေးအတွက်ပေါ့။"

ခရီးစဉ် တပတ်ကျော်လောက် ကြာမြင့်မှာဖြစ်ပြီး ဒုက္ခသည်အကူအညီပေးရေး အန်ဂျီအိုတွေနဲ့ တွေ့ဆုံဖို့ရှိတယ်။ ဂျပန်လွတ်တော်ကို သွားရောက်ပြီး လွတ်တော်အမတ်တချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်ဥက္ကာက "ပထမဆုံးလုပ်ရမှာက အဲဒီနယ်မြေထဲမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ လူထုတွေကို အကူအညီပေးဖို့ပဲ၊ အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီတာမဟုတ်ဘူး။ အဲဒီလူတွေကို အကူအညီပေးဖို့ ဂျပန်အစိုးရကလည်း ကြားဝင်ချင်တာပေါ့။"

တိုင်းရင်းသားခေါင်းဆောင်တွေဟာ သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက်ပြီး ရက်ပိုင်းအတွင်း အခုလို ဂျပန်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက တင်ရှိနေတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယမ်းငွေ ၃၀၃ ဘီလီယံခွဲလောက်ကို လျော်ပစ်ပြီး ဖွဲ့ဖြိုးရေး အကူအညီတွေ ပြန်ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားထားတာပါ။

ဒီခရီးစဉ် မတိုင်ခင်ကတည်းက မြန်မာပြည်က တိုင်းရင်းသားလူနည်းစုတွေကို ကုလသမဂ္ဂ အေဂျင်စီတွေကနေ တဆင့် အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၃ သန်းလောက်နဲ့ ညီမျှတဲ့ ဂျပန်ယမ်းငွေ ၁ ဘီလီယံဖိုးလောက် ကူညီမယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

No comments: