ပအိုဝ်းအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် မေလမှာပြန်တွေ့မည်

နောင်ခမ်းခါ | ဧပြီလ ၂၃ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အချုပ် PNLO နဲ့ ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့က ဒီလာမယ့် မေလအလယ်လောက်မှာ ငြိမ်းချမ်းရေးအတွက် ထပ်မံ ပြန်လည်တွေ့ဆုံကြမယ်လို့ သိရပါတယ်။

“ကျနော်တို့ မေလမှာ တွေ့ဆုံဖို့သဘောတူကြတယ်။ တကယ်လို့ဆွေးနွေးပွဲဟာ အကောင်းဖက်ကို ဦးတည်မယ်ဆိုရင်တော့ ကျနော်တို့ အပစ်ရပ်ဖို့ လက်မှတ်ရေးထိုးမှာပါ” လို့ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ခွန်မြင့်ထွန်း ကဆိုပါတယ်။

PNLO နဲ့ အစိုးရကိုယ်စားလှယ်အကြား ငြိမ်းချမ်းရေးတွေ့ဆုံမှုဟာ ဒီလာမယ့် အကြိမ်အပါအ၀င်ဆိုရင် သုံးကြိမ်မြောက်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပထမဆုံးတွေ့ဆုံခဲ့ပြီးနောက်၊ ယခုနှစ် ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ မရှိခဲ့ပေမဲ့လည်း နောက်ထပ်တကြိမ်ထပ်မံတွေ့ဆုံကြဖို့ သဘောထားခဲ့ပါတယ်။

“ဖေဖေါ်ဝါရီလ ၅ ရက်နေ့တုန်းက ဦးအောင်မင်းတို့အဖွဲ့နဲ့ ကျနော်တို့ PNLO ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ၂ ဦး ၂ဖက် နောက်တကြိမ်တွေ့ဆုံကြဖို့ သဘောတူတယ်။ ဒါပေမယ့် ဘယ်နေ့ဘယ်ရက်မှာ ထပ်တွေ့မယ်ဆိုတာ အဲဒီဆွေးနွေးပွဲမှာ မသတ်မှတ်ခဲ့ရဘူး။ ဒါကြောင့်မို့ ဦးအောင်မင်းက နောက်တကြိမ်တွေ့ဖို့ကို မေလလယ်လောက်မှာ တွေ့ဆုံဖို့ပြောပါတယ်” လို့ ခွန်မြင့်ထွန်း ပြောပါတယ်။

No comments: