အစိုးရနှင့် ရှမ်း (တောင်) တို့ အပစ်ခတ်ရပ် လက်မှတ်ထိုး

ကျော်ခ | သောကြာနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး
နှစ်ဘက် သဘောတူစာချုပ် တရပ်ကို သောကြာနေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လက်မှတရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခြင်းကို မူလက သဘောတူထားသည့်အတိုင်း တောင်ကြီး ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရပြည်နယ်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ဗဟိုအစိုးရဝန်ကြီးများဖြစ်သော မီးရထားဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မာင်စိုး တို့အပါအဝင် တပ်မတော် အရာရှိတချို့နှင့်အတူ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးကြီး စိုင်းလှတို့က ဦးဆောင်သည့် ခြောက်ဦးအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေ့ဆွေးနွေးကြတဲ့ အနေအထားမှာ အစိုးရဘက်ကလည်း ငြိမ်းချမ်းရေး လိုလားမှုတွေရှိသလို တိုင်းရင်းသားတွေ ဘက်ကလည်း လိုလားတဲ့ ဆန္ဒတွေနဲ့ ဆွေးနွေးပြောဆိုကြတယ်လို့ သုံးသပ်မိပါတယ်။” ဟု ပွဲဖြစ်မြောက်ရေး စီစဉ်ရာ တွင် ပါဝင်သော ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောသည်။

နိုဝင်ဘာ တတိယပတ်က အကြိုတွေ့ဆုံခဲ့မှုတွင် SSA-S အဖွဲ့က အပစ်အခတ် ရပ်ရေး၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနှင့် အဖြေရှာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မူးယစ်ဆေးဝါးပြဿနာများကို ပူးပေါင်း တိုက်ဖျက်သွားရေး ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တောင်ကြီး၊ မိုင်းတုံနှင့် ခိုလမ် စသည့် မြို့နယ်သုံးခု တွင် SSA-S ဆက်ဆံရေးရုံး ဖွင့်ရန်လည်း စသည့် အချက်များ တင်ပြထားသည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ထိုစဉ်က ဗိုလ်မှူးကြီးအဆင့်ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မုန်တိုင်း တပ်မတော် (အမ်တီအေ) အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချသွားသော ခေါင်းဆောင် ခွန်ဆာလက်ထက် တချိန်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က အကြိုသဘောဖြင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည့် အဖွဲ့များထဲက ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA-S တဖွဲ့တည်းသာ သဘောတူ လက်မှတ်ရေးထိုးနိုင်သေးပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် သဘောတူ လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။

ထို့ပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် မြန်မာအစိုးရခေါင်းဆောင်များ အင်္ဂါနေ့ ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ရွှေလီမြို့တွင် အပစ်ခတ်ရပ်ရေး အတွက် ဆွေးနွေးကြသော်လည်း သဘောတူ ညီမှုမရသေးဘဲရှိသည်။

No comments: