အမြင်ဆောင်းပါး | ရဝေသျှင် (မြိုင်နန်းမြေ)
ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်
ခုတလော အွန်လိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး လူအများ စိတ်အ၀င်စားဆုံးနဲ့ လူပြောအများဆုံးကတော့ မဟာသန္တိသုခ သတင်းပါပဲ။ အဲဒီဖြစ်ရပ်ကြောင့် သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြသလို သံဃာနဲ့ပြည်သူလဲ စိတ်ဝမ်းတွေကွဲလာနိုင်တယ်လို့ တော်တော်များများ ရေးသားကြတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေကို မမှန်ဘူးလို့တော့ ငြင်းချက်မထုတ်လိုပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ သတိပြုမိတာက အဲဒီဖြစ်ရပ်ကြောင့် ပဋိပက္ခဖြစ်ပွားလာမှာထက် အဲဒီဖြစ်ရပ်ကို ရေးပြထားတဲ့ သတင်းအရေးအသားတွေကြောင့် ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတယ်လို့ ထင်မြင်မိတယ်။ မီးထက် လောင်စာက ပိုကြောက်စရာ ကောင်းတတ်လို့ပါ။ ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ မဟန ဘက် ပါတယ်။ အစိုးရလက်ကိုင်တုတ် အစရှိသဖြင့်ပေါ့။
အမှန်အတိုင်းပြောရရင် မဟန ဆိုတာကိုလဲ ရာနှုန်းပြည့် မယုံသလို အစိုးရကိုလဲ သန့်ရှင်းတဲ့ အစိုးရလို့ မိမိကိုယ်တိုင်လဲ မယူဆထားတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို မကြည်ညိုတိုင်း မယုံကြည်တိုင်း သူများတွေ ပြောနေကြဆိုနေကြသလို ပြောချင်တဲ့စိတ်တော့ မရှိပါဘူး။ ကိုယ်မြင်ရင် မြင်တဲ့အတိုင်းပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟနဆိုတာ မြန်မာနိုင်ငံမှာ သံဃာ့ထိပ်ခေါင် အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် လူကြီးကလေးသူငယ်က အစ မကောင်းချည်းပဲ မြင်သွားရင် နိုင်ငံအတွက် မကောင်းသလို သံဃာ့အဖွဲ့အစည်းအတွက်လဲ ကောင်းစရာ မရှိဘူးလို့ မြင်လို့ပါပဲ။ (တိတိကျကျ ခိုင်ခိုင်လုံလုံ အခြေမြစ်မြစ် သိလာမှပဲ ပြောချင်ပါတယ်။) ဒါကြောင့် အများစု မတွေးမိ မရေးမိတဲ့ ရှုထောင့်ကနေပဲ ပြောချင်ပါတယ်။ မိမိဘာသာ မြင်မိထင်မိတဲ့ အယူအဆဆိုလဲ မမှားပါဘူးလို့ ရှေးဦးစွာ အသိပေးပါရစေ။
(၁) မဟန ဆိုတာ အများတွေ ပြောနေသလို ဟိုကျောင်းလိုက်သိမ်း ဒီကျောင်းလိုက်သိမ်းနဲ့ ကျောင်းသိမ်းတဲ့ ရာဇ၀င်တွေ များပြားနေတဲ့ အဖွဲ့အစည်း တစ်ခုလား။
ဒီအချက်ကိုတော့ ယေဘုယျအားဖြင့် မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်တုန်းက သံဃာ့ကိစ္စ တော်တော်များများမှာ အမုန်းခံ ၀င်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာကို တစ်ချို့က အားမလိုအားမရစိတ်နဲ့ မဟန ဆိုရင် အလိုလိုနေရင်း အကောင်းမမြင်တတ်ကြပါဘူး။ မိမိကိုယ်တိုင်လဲ ဒီလိုပဲ ဖြစ်ခဲ့ပါတယ်လို့ ရိုးသားစွာ ၀န်ခံပါတယ်။ နောက်တစ်ချက်က စစ်အစိုးရလက်ထက်မှာ အစိုးရရဲ့ သဘောထားအရ မဟန အမည်သုံးပြီး ကျောင်းတွေကို ချိတ်ပိတ်ခဲ့တာတွေလဲ ခပ်များများ ရှိခဲ့ပါတယ်။ (အာဏာရှင်ကို ဖီဆန်ရဲဖို့ဆိုတာ လူတိုင်း မတတ်နိုင်ပါဘူး၊ မရဲဝံ့ပါဘူး။) အဲဒီလို အာဏာရှိသူတွေ အလိုကျ အသုံးချခံနေခဲ့ရတာကို အကြောင်းပြုပြီးတော့လဲ မဟနကို အဆိုးပဲ မြင်ခဲ့ကျပါတယ်။ မြင်သူတွေအတွက်လဲ သဘာဝကျပါတယ်။ ဒါပေမယ့် သတိပြုမိသလောက်တော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ သန္တိသုခလို မဟနတွေ ကိုယ်တိုင် သံဃာတော်တွေကိုယ်တိုင် အင်အားသုံးပြီး ကာယကံမြောက် ၀င်ရောက်ချိတ်ပိတ်တာမျိုး သိမ်းဆည်းတာမျိုးတော့ မကြားရဖူးသလောက်ပါပဲ။ (ဟုတ် မဟုတ် စဉ်းစားကြည့်ကြဖို့ပါ)။ အစိုးရက သိမ်းတယ်။ မဟနက ငြိမ်နေတယ်။ အမည်အသုံးခံတယ်။ အဲဒီလိုပဲ တွေ့မိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်သိမ်းဆည်းတာ စာရေးသူအနေနဲ့ကတော့ ဒီတစ်ကြိမ်ပဲ ကြားဖူးသေးတယ်လို့ပဲ ပြောပါရစေ။ လက်လှမ်းမမီတာ ဆိုရင်တော့ မိမိရဲ့ ညံ့ဖျင်းမှုကို ခွင့်လွတ်ပါ။
(၂) ဒီကျောင်းတော်ကြီးက အများပြောဆိုရေးသားနေကြသလို ပီနန်ဆရာတော်ပိုင် ဟုတ်မဟုတ်၊ တစ်နည်းပြောရရင် မဟနနဲ့ သက်ဆိုင်ခြင်း အစိုးရနဲ့ သက်ဆိုင်ခြင်း လုံးဝကင်းလွတ်မှု ရှိမရှိ။ ( မြေဂရန် ကိစ္စကို အဓိက မဆိုလိုပါ။)
ဒီအချက်အနေနဲ့ ကြည့်ပြန်တော့ ပီနန်ဘက်က အင်အားသာတယ်လို့ ပြောနိုင်ပေမယ့် မဟနနဲ့ အစိုးရအနေနဲ့ကလဲ ပြောစရာတွေ ရှိနေလိမ့်မယ်လို့ ယူဆတယ်။ ဆိုလိုတာက ဒီကျောင်းကို စတင်တည်ဆောက်ချိန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း အကူအညီ ပါမပါ၊ ပါရင်လဲ ရာခိုင်နှုန်း အတိုင်းအတာ ဘယ်လောက်ထိ ပါတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ မဟန အနေနဲ့ကတော့ ပါစရာ မရှိပါဘူး။ အစိုးရအဖွဲ့ အစည်းအနေနဲ့ ပါမပါ ဆိုတာပဲ အဓိက ပြောလိုရင်းပါ။ တကယ်လို့သာ ရာခိုင်နှုန်း ထက်ဝက်လောက် ပါဝင်နေမယ် ဆိုရင်တော့ မဟနနဲ့ (အစိုးရနဲ့) ပီနန်ဆရာတော်တို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားကြတာ သဘာဝ ကျတယ်လို့ ယူဆမိပါတယ်။ နောက်ထပ်စဉ်းစားနိုင်တာက အဲဒီအချိန်တုန်းက အဲဒီကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ ပီနန်ဆရာတော် ဦးဆောင်တယ်ဆိုရင် ပီနန်ဆရာတော်က ဌာနဆိုင်ရာအကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ဌာနဆိုင်ရာတို့ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ခြင်း ရှိမရှိ၊ ဌာနဆိုင်ရာက လုပ်ဆောင်ခဲ့တယ်ဆိုရင်လဲ ဌာနဆိုင်ရာအနေနဲ့ ပီနန်ဆရာတော်ရဲ့ အကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြေ ရှိမရှိ၊ ပီနန်ဆရာတော်ရဲ့ အရှိန်အ၀ါကို သုံးခဲ့ခြင်း ရှိမရှိလဲ ထဲ့သွင်းစဉ်းစားသင့်ပါတယ်။
နောက်တစ်ခု ထောက်ပြစရာ ရှိတာက ကြားရသလောက် (ဖတ်မိသလောက်ပေါ့) ဒီကျောင်းကို အပ်တာဟာ ဦးခင်ညွန့်လက်ထက်လို့လဲ ကြားတယ်။(ဦးခင်ညွန့်အပ်တယ်လို့လဲ ပြောကြတယ်)။ အဲဒီအချိန်က ဦးခင်ညွန့်ခေတ်လို့တောင် ပြောနိုင်တဲ့ကာလ။ ဒါပေမယ့် ဦးခင်ညွန့်ဆိုတာက တစ်နည်းအားဖြင့် အစိုးရရဲ့ ကိုယ်စားလှယ်၊ အဲဒါကြောင့် ခင်ညွန့်အပ်(လှူ)တယ်ဆိုရင် အစိုးရကလဲ အပ်(လှူ)တယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီလိုဆို စဉ်းစားစရာ တစ်ခုရှိလာတာက နဂိုရ်ထဲက ကိုယ်ပိုင်ပစ္စည်းဆိုရင် သူတစ်ပါးက မိမိကို အပ်စရာ လိုသလား။ သူတစ်ပါး အပ်မှ ပိုင်တာ ဟုတ်ပါ့မလား။ (ခုဖြင့် ပီနန်ဆရာတော်ကို ဦးခင်ညွန့်အပ်တယ်ဆိုတော့ တစ်မျိုးဖြစ်နေသလားလို့ပါ) ဒီအချက်တစ်ချက်နဲ့တင် အငြင်းပွားဖို့ ခိုင်မာလုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူတစ်ပါး အပ်မှ ပိုင်တယ်ဆိုရင် မူလထဲက မိမိပိုင်တဲ့ သဘော ဟုတ်ပါတော့မလား။ ဒါလဲ စဉ်းစားရမယ့် အချက်တစ်ခုလို့ မြင်ပါတယ်။
(၃) ပီနန်ဆရာတော်ကို ပုဂ္ဂလိကပိုင် အပ်နှင်းထားခြင်း ဟုတ်မဟုတ်။ အစိုးရပိုင် အဆောက်အအုံကို ပုဂ္ဂလိကသို့ ပေးခွင့်ရှိ မရှိ၊ ပုဂ္ဂလိကပိုင် အပြီးအပ်နှံရိုး ထုံးစံ ရှိမရှိ။ (အထူးသဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ)
ဒီအချက်နဲ့ ပတ်သက်ရင်လဲ ဂျာနယ်တစ်စောင်ပါ သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားချက်အရ ရေစက်ချစဉ်က ပုဂ္ဂလိက ရေစက်ချခြင်း မဟုတ်ဘူးလို့ သိရတဲ့အတွက် ပုဂ္ဂလိက အပ်နှံခြင်း မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ နည်းနည်းထပ်ဖြည့် ပြောချင်တာက အစိုးရကိုယ်စားလှယ်လို့ ဆိုနိုင်တဲ့ ဦးခင်ညွန့်က ပီနန်ဆရာတော်ကို အပ်တယ်ဆိုတော့ အစိုးရအဖွဲ့အစည်း အနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ကျောင်းကန် အဆောက်အအုံတွေကို အပ်နှင်းတဲ့အခါမှာ ခဏတာ အပ်နှံခြင်းထက် အပြီးအပ်နှံခြင်း ဘယ်ဟာက ပိုများမလဲ။ အပြီးအပိုင် အပ်နှံတဲ့ ထုံးစံ ရှိပါရဲ့လား။ ဥပမာ အစိုးရပိုင်(မဟနပိုင်)လို့ ဆိုနိုင်တဲ့ ပရိယတ္တိစာသင်တိုက်တွေနဲ့ သာသနာ့တက္ကသိုလ် ကြီးတွေကို အပြီးအပိုင် အပ်နှံမှုမျိုး ပြုလုပ်ပါရဲ့လား။
(၄) မဟန အနေနဲ့ တစ်ဘက်သတ် အင်အားသုံးခဲ့တယ် အနိုင်ကျင့်ခဲ့တယ် ဆိုတာ ဟုတ်မဟုတ်။
သိရသလောက်တော့ မတ်လကုန်ခါနီးလောက်ထဲက ပီနန်ဆရာတော်ကို ကျောင်းတော်ကနေ ထွက်ခွါပေးဖို့ စာထုတ်အသိပေးခဲ့ပါတယ်။ ဒီလိုထွက်ခွါဖို့ သတိပေးလိုက်တဲ့စာဟာ မတရားပါဘူးဆိုရင် ပီနန်ဆရာတော်အနေနဲ့ မဟနထဲမှာ ပါဝင်နေတဲ့ ဆရာတော်ကြီး နှစ်ပါးသုံးပါးနှင့် တွေ့ဆုံလျှောက်ထားပြီး အကျိုးအကြောင်း ရှင်းပြသင့်ပါတယ်။ သက်သေသာဓက ခိုင်ခိုင်မာမာ ရှိရင်လဲ တင်ပြသင့်ပါတယ်။ မဟန ထဲမှာ မပါလဲ အများ လေးစားကြည်ညိုရတဲ့ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေကို လျှောက်ထားပြီး မဟနကို မေတ္တာရပ်ခံပေးဖို့ လျှောက်ထားသင့်ပါတယ်။ အခွင့်လဲ သာမယ်ဆိုခဲ့ရင်ပေါ့။ အဲဒီလို ကြိုးစားခဲ့ပေမယ့် မဟန ဘက်က လက်မခံခဲ့တာ ဒါမှမဟုတ် အဲဒီလို ကြိုးစားဖို့ အခွင့်အလမ်းတောင်မှ မဟနဘက်က မပေးခဲ့တာမျိုး ဆိုရင်တော့ ပီနန်ဆရာတော်အလွန် မဟုတ်တော့ပါဘူး။ မဟန အလွန်လို့ပဲ ပြောရတော့မှာပါ။ အဲဒါမျိုးဆိုရင် တစ်ဘက်သတ် အင်အားသုံးတယ် အနိုင်ကျင့်တယ်ဆိုတာ မှန်တယ်လို့ ပြောရပါလိမ့်မယ်။
ခုတော့ အဲဒီလိုချည်း မဟုတ်ခဲ့ဘဲ သတင်းစာ ရှင်းလင်းပွဲတွေလုပ် ကျောင်းတိုက်က တစ်လက်မမျှ ခွါပေးမှာ မဟုတ်ဘူးလို့ ပြောဆိုတုန့်ပြန်လိုက်တာဟာ နိုင်ငံရေးမှာ ပြောပြောနေတဲ့ ထိပ်တိုက်တွေ့ဆုံရေး လမ်းစဉ်လိုပါပဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းကို ဦးတည်စေခဲ့ပါတယ်။ ဒီအချက်က ပြေရာပြေကြောင်း ဖြစ်အောင် မကြိုးစားဘဲ ငါလဲငါ့ပရိသတ်နဲ့ ဆိုတဲ့ မာန်မာနတွေ ရှေ့တန်းတင်တဲ့သဘောများ သက်ရောက်နေမလား။ နိုင်ငံတစ်ခုမှာ အဓိကအကျဆုံးဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုကို အဲဒီနည်းနဲ့ တုန့်ပြန်တာဟာ တကယ်လို့များ အထမြောက်သွားမယ်ဆိုရင် နောင်လာနောင်သားတွေအတွက် မဟနကို မထီလေးစားပြုဖို့ လမ်းပြတစ်ခု ဖြစ်သွားခဲ့ရင်လဲ မကောင်းဘူးလို့ ယူဆမိပါတယ်။ တစ်နည်းအားဖြင့် မဟနရဲ့ လုပ်ပိုင်ခွင့် အာဏာကို သေးသိမ်အောင် ဖျက်ဆီးရာများ ရောက်နေမလားလို့ပါ။ ပီနန်ဆရာတော်ဘက်က လုံးဝကို တစ်ရာ ရာခိုင်နှုန်း မှန်ကန်နေပါတယ်ဆိုရင်တော့ ဒါဟာလုပ်သင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် ခုကိစ္စမှာက အငြင်းပွားစရာတွေ များစွာရှိနေတဲ့အတွက် စောလွန်းတယ်လို့ ယူဆပါတယ်။
(၅) အမှန်တရား အားပြိုင်တဲ့ပွဲလား။ မာန်မာနတွေ ဂုဏ်သိက္ခာတွေ စီးချင်းထိုးတဲ့ပွဲလား။ အမုန်းတရားနဲ့ အာဃာတတွေ နိုးထလာတဲ့ပွဲလား။
ဖြစ်ရပ်ကို ခြုံကြည့်မိတဲ့အခါကျတော့ မဟနအနေနဲ့ ထောက်ထားစရာတွေ မရှိရင် ခုလောက်အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်မျိုးကို ဒီခေတ်ဒီကာလကြီးမှာ ဂုဏ်သိက္ခာ အပျက်ခံပြီး လုပ်ပါ့မလား။ ဒီကျောင်းကို မဟနက ပိုင်တော့ကော တစ်ပါးပိုင်အနေနဲ့ ခြယ်လှယ်လို့ ရပါသလား။ တစ်ပါးချင်းအနေနဲ့ ကိုယ်ကျိုးဘယ်လောက်ရှိမလဲ။ သူတို့လဲ သူတို့ကျောင်းပိုင် ကိုယ်စီရှိပြီးသားလေ။ ဒါကြောင့် အမှန်တရား တစ်ခုခု မရှိဘဲ ခုလို ကိစ္စမျိုးကို လုပ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ လူပြိန်းစဉ်းစားနည်း စဉ်းစားမိတာပါ။
ပီနန်ဆရာတော်အနေနဲ့ ကြည့်ပြန်တော့လဲ မြန်မာသာမက ကမ္ဘာကို ခြေဆန့် သာသနာပြုနေတဲ့ ဆရာတော်ကြီး၊ နိုင်ငံတကာမှာလဲ သူ့ကျောင်းက တစ်ကျောင်းမက ရှိနေတာ အမှန်။ ကျောင်းလေးတစ်ကျောင်း ပိုင်ရဖို့အတွက်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေ နာမည်တွေ အပျက်ခံပါ့မလား။ ဒီကျောင်းကို သူမအုပ်ချုပ်ရတော့ကော သူ့အတွက် ဘာအကျိုးယုတ်သွားမလဲ။ နိုင်ငံတကာက သူ့ကျောင်းတိုက်ဟာ မြန်မာထက်တော့ အပုံကြီး သာမှာပဲလေ။ ဒါ့ကြောင့် သူလဲ မှန်တယ်လို့ ယူဆလို့ ခုလို လုပ်ဆောင်တာလို့ ပြောနိုင်ပါတယ်။
အဆိုးဘက်က ပြောမယ်ဆိုရင်တော့ မဟနကလဲ မမှန်မှန်း သိသိနဲ့ မတရားမှန်း သိသိနဲ့ ငါတို့က သံဃာ့အဖွဲ့အစည်းမှာ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ငါတို့အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်အာဏာကိုတော့ မလေးမစား လုပ်လာရင်တော့ နှိပ်ကွပ်ရမှာပဲ။ ငြိမ်နေရင် အညံ့ခံရာကျတယ် သိက္ခာကျတယ် ဆိုပြီးတော့ ဇွတ်လုပ်တာမျိုးလဲ ရှိနိုင်တာပါပဲ။
ပီနန်ဆရာတော်လဲ တစ်ဦးတည်းပိုင် မဟုတ်မှန်း သိသိနဲ့ မဟနကို တိုက်ခိုက်ချင်တဲ့သဘော၊ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံး အလိုတူအလိုပါ နေခဲ့တဲ့ မဟနကို အငြိုးအတေးနဲ့ ဂုဏ်နှိမ်ချင်တဲ့ သဘော၊ (စစ်အစိုးရနဲ့ ပနံသင့်တဲ့ သူကို ရှင်လူရဟန်း အမြင်မကြည်တတ်တာ များတယ်လေ) တစ်ပါးပိုင်လို့ အများက မြင်ပြီးမှ မပိုင်ဘူးဆိုရင် သိက္ခာကျရချည်ရဲ့ဆိုပြီး ကမ္ဘာ့တစ်လွားမှာ ကျင်လည်လာတာ သာသနာပြု ဆိုတဲ့ ဂုဏ်သိက္ခာတော့ အပွန်းပဲ့ မခံနိုင်ဘူးဆိုတဲ့ သဘောနဲ့ ဒီကိစ္စတွေကို လုပ်ဆောင်နေတာမျိုးလဲ ဖြစ်နိုင်ခြေ ရှိနိုင်တာပါပဲ။ (ဖြစ်နိုင်ခြေတော့ အတော့်ကို နည်းတာပေါ့။)
ဒါ့ကြောင့် အဲဒီလို နှစ်ဦးနှစ်ဘက်က သူမှန်တယ် ငါမှန်တယ်နဲ့ အငြင်းအခုံ ပဋိပက္ခတွေ လုပ်ဆောင်နေကြတာဟာ အမှန်တရားအတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်နိုင်သလို မာန်မာနနှင့် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်နေကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါထက်မက အမုန်းတရားနဲ့ အငြိုးအတေး အာဃာတတွေအတွက် တုပြိုင်နေကြတာလဲ ဖြစ်တတ်ပါသေးတယ်။ ဒါ့ကြောင့် ဘေးလူတွေ အနေနဲ့ အခြေခံကအစ ခြေခြေမြစ်မြစ် တကယ်တိတိကျကျ မသိဘဲ ဆရာတော်ကြီးတွေကို ပြစ်မှားနေတာဟာ (အထူးသဖြင့် ဆဲဆိုနေတာတွေဟာ) ဓားခုတ်ရာကို လက်ဝင်လျှိုတာမျိုးလို မကောင်းမှုအကုသိုလ် တိုးပွားလာမှာ စိုးပါတယ်။ ဒါ့ကြောင့် အပြုသဘော ပြောဆိုဝေဖန်တာမျိုးကိုသာ လုပ်သင့်ပြီး ဆဲဆိုတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ စာရေးသူ အနေနဲ့ကတော့ နှစ်ဦးနှစ်ဘက်မှာ အမှန်တရားဆိုတာ ရှိနေနိုင်သလို အမှားကိုယ်စီ အားနည်းချက်ကိုယ်စီလဲ ရှိနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ (ဖတ်ရသူတိုင်း ကွဲလွဲခွင့် ရှိပါတယ်။)
ရဝေသျှင်-မြိုင်နန်းမြေ ၁၉-၆-၂၀၁၄
No comments:
Post a Comment