ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့သူက ဒေသခံတွေပါ

ဆောင်းပါး | ခွန်သန်းအောင် (TGI) | အောက်တိုဘာ ၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သဘာဝရေ၊ လေ၊ တောတောင်ဖြင့် အေးမြကြည်လင်ခြင်းများစွာနဲ့လူသားတို့ လန်းဆန်းမှုကို အမြဲတမ်းလိုလို ဖန်ဆင်းပေးနေတဲ့ မကုန်မခမ်းနိုင် ရာသီဥတုမွန် သဘာဝသယံဇာတကို ထိန်းသိမ်းသွားမလား၊ ဒါမှမဟုတ် လူတစ်စုအကျိုး အလိုအတွက် တည်မြဲတဲ့သဘာဝသယံဇာတ၊ ဖန်တီးရယူ၍ မရတဲ့သဘာဝသယံဇာတကို စွန့်လွတ်ဖျက်ဆီးတော့မှာလား။ နယ်ခြားပြည်ခြားမှာနေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြွယ်ဝဖို့အရေး ဘိုးဘွားဘီဘင်မွေးသက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်းနေထိုင်လာတဲ့ ကျွန်ုပ်တို့ဒေသ သဘာဝပတ်ဝန်းကျင်ကို ပေးဆပ်ရမှာလား။ ပုဂ္ဂိုလ်တစ်ဦးဦးက ချမ်းသာသွားပြီး လူအများ ဆင်းရဲဒုက္ခရောက်သွားမှာကို မငဲ့ညာတော့ဘူးလား။ လိုတာရပြီး မြို့ကြီးမှာ ပြန်ဇိမ်ခံတဲ့အချိန်မှာ ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့မှာက ကျွန်ုပ်တို့ ဒေသခံတွေပါ။



တောင်ကြီးမြို့ အရှေ့ဘက် ၆ မိုင်အကွာ ဒေသတလျောက်မှာ ယခင်အချိန်ဟာ သဘာဝတောတောင်များနဲ့ စိမ်းလန်းစိုပြေပြီး စိမ့်ရေထွက် ရေပေါများတဲ့သဘာဝရာသီဥတု နယ်မြေပါ။ ၂၀၀၂-၂၀၀၃ ခုနှစ်မှ အမှတ် (၅) သံမဏိစက်ရုံ ပင်းပက်သို့ ရောက်ရှိလာပြီးနောက် နွေရာသီ၊ ဆောင်းရာသီများတွင် ဖုံနှင့်စက်ရုံမှ အခိုးအငွေ့များ တဟုန်းဟုန်း ထပါတော့သည်။ မိုးရာသီမှာလည်း စက်ရုံမှစွန့်ပစ်သော သံချေး သံစ သံရည်များ၊ စက်ရုံမှ မလိုအပ်သော စက်ဆီအညစ်အကြေးများ ရေတွင်စီးပါလာ၍ အနီးရှိ ရွာများစိုက်ပျိုးရေနှင့်ရော သောက်သုံးရေအတွက်ပါ ဒုက္ခတွေ့နေရသည်မှာ အမှန်ပင်ဖြစ်သည်။

တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုရှိ ပင်ငို၊ မဲုင်ဟဲုင်း၊ ပုံးစိမ်း၊ ထီအုန်းစိမ်း၊ လိုင်းငေါက်၊ နောင်ကာကယ်၊ ကွန်ကျောင်း၊ ဖောင်တော်ဆိပ် စသောကျေးရွာများ၏ လုပ်ကိုင်ကျက်စားရာ တောင်ယာလယ်ယာမြေများသည် ယခုအချိန်တွင် ပင်းပက်စက်ရုံ၏ လုပ်ငန်းခွင်အတွက်မြေဧရိယာ ဖြစ်နေရပါပြီ။ ယခင်တွင် အမှတ် (၅) သံမဏိစက်ရုံသည်မှ ယခုအမှတ် (၂) သံမဏိစက်ရုံ ပင်းပက်ဖြစ်သည်။

ထိုမျတင်မပြီးသေး။ ယခုအချိန်တွင် အမှတ် (၂) သံမဏိစက်ရုံ ပင်းပက်အတွက် စစ်တပ်အမည်ခံ၍ စအရ ၉၀၃ မှ ၂၀၀၃ ခုနှစ်က သိမ်းဆည်းထားသော တောင်ယာမြေများ ဂနိုင်ထုံရွာသူ ရွာသားများ ပိုင်ဆိုင်ထားသူရှိ မရှိကို ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာအုပ်စု ဂနိုင်ထုံရွာ ဂနိုင်ထုံဘုန်းကြီးကျောင်း၌ စစ်တပ်၊ ပင်းပက်စက်ရုံမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဂနိုင်ထုံရွာသည် တောင်ကြီး-ဟိုပုံး ကားလမ်း၏ မြောက်ဘက်၊ ယခု ပင်းပက်စက်ရုံ၏မြောက်ဘက် တည့်တည့်တွင် ရှိပြီး၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာအုပ်စုအတွင်းတွင် ပါဝင်သည့် ကျေးရွာဖြစ်သည်။ ဂနိုင်ထုံဒေသခံများ၏ လုပ်ကိုင်စားသောက်ရာ တောင်ယာများကို စအရ ၉၀၃ တပ်က ၂၀၀၃ ခုနှစ်မှာ သိမ်းဆည်းခဲ့သည်။ စိုက်ပျိုးမြေ ၃၈၀ ဧကနှင့် တောင်တန်းများ ၆ လုံး ပါရှိသည်။

ထိုတောင်တန်းများသည် ဒိုလိုမိုက်ကျောက်တောင် အမျိုးအစားဖြစ်သည်။ ဒိုလိုမိုက်ကျောက်တောင်မှ ဒိုလိုမိုက်ကျောက်များကို ထုတ်ယူရန် ယခုအမှတ် (၂) သံမဏိစက်ရုံ ပင်းပက်မှ လျာထားချက် စီမံကိန်းတွင် ပါရှိနေခြင်းပင် ဖြစ်သည်။ ထိုတောင်တန်းကြီးများသည် နောင်အနာဂတ်တွင် ဧရာမချိုင့်ခွက်ကြီးများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်။

ရွာသားများသည် တောင်ယာမြေ ၃၈၀ ဧကကို ယခုလက်ရှိတိုင် စိုက်ပျိုးလုပ်ကိုင် အမှီပြုနေထိုင်လျက်ရှိသည်။ ရွာအနီးရှိ တောတောင်တန်း ၆ လုံးကို ရွာသားတစ်ဦးချင်းစီ ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ရွာသားများ ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်လာသည်မှာ ရှေးခေတ်အဆက်ဆက် ကတည်းကပင် ဖြစ်သည်။

တောင်တန်းမှရသော သဘာဝစိမ့်ရေထွက်ရေကို အမှီပြုနေထိုင်ရသော ရွာများလည်း ရှိနေသည်။ တောင်ယာမြေနှင့် တောင်တန်းများကို ရွာသားများက လက်လွတ်ဆုံးရှုံးလိုသည့်ဆန္ဒမရှိကြောင်း၊ ထိုမြေယာများဖြင့် စီးပွါးရေး ရပ်တည်နေရခြင်း ဖြစ်သည်။ ရွာနှင့် တောင်တန်းနီးစပ်နေ၍ သဘာဝပတ်ဝန်းကျင်အဖြစ် ထားစေလိုကြောင်း ဒေသလခံများက တောင်းဆိုခဲ့သည်။

စစ်တပ်မှ ရွာအနီးရှိ တောင်းတန်းများအား ရွာသူရွာသားများအနေဖြင့် ပိုင်ဆိုင်သူရှိ မရှိ၊ ပေးလိုသည့်ဆန္ဒ ရှိ မရှိကို အချက်အလက်များ လာရောက်စစ်ဆေး ကောက်ယူခြင်းဖြစ်သည်။ ဒေသခံများ၏ဆန္ဒသဘောထားအရကို ရက်ပိုင်းအတွင်းတွင် ပြန်လည်အကြောင်းကြားမည် ဖြစ်ကြောင်း၎င်းတို့က ပြောခဲ့သည်။

တောတန်းမှ သစ်ပင်ပန်းပင်များကို မခုတ်မဖျက်ဆီးစေရန် မည်သူ့အကူအညီမှ မပါဘဲ ဒေသခံများ ကိုယ့်အားကိုယ်ကိုး ထိန်းသိမ်းလာသည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ ထိုသို့ ထိန်းသိမ်းလာရခြင်းသည် ကိုယ်ကျိုးအတွက် ရှေ့ရှုပြီး လုပ်ခြင်းမဟုတ်ပါ။ ဒေသတစ်ခု၏ သမိုင်းအစဉ်အလာနှင့် ဒေသလူထုများ ကောင်းမွန်သော ပတ်ဝန်းကျင်ဖြင့် ပျေုာ်မွေ့နေထိုင်နိုင်ရန် မျော်ကိုး၍ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက်မှ ထိန်းသိမ်းလာသည်ကို ယနေ့လိုအချိန်အခါမျိုးတွင် ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ကိုယ်ကျိုးအတွက် မတရားလာပိုင်စိုးပြီး ဖျက်လိုဖျက်ဆီးပြုလုပ်သွားသည်ကို စိတ်မကောင်းပါ။ ထိန်းသိမ်းလာရခြင်းသည် ဒေသခံလူထုနှင့် လူအများအတွက် မဟုတ်တော့ဘဲ ပုဂ္ဂိုလ်တစ်စု တစ်ဖွဲ့အတွက် ဖြစ်ရကြောင်း ဒေသခံတစ်ဦးက ၀မ်းနည်းစွာဖြင့် ပြောခဲ့သည်။



No comments: