ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (၄)

ဗွာသရား၊ 
ဇူလိုင်လ ၁၄၊ ၂၀၁၀
 
စစ်တပ်က သူတို့သိမ်းထားတဲ့ မြေယာများပေါ်မှာ ဒေသတွင်း လုံခြုံရေးအတွက် ဆိုပြီး တပ်စခန်းတွေ လာဆောက်တယ်။ တချိန်ထဲမှာဘဲ တပ်သားတွေက သူတို့မိသားစုနဲ့အတူ စခန်းမှာ ရောက်လာပြီး အခြေချလာတယ်။ နေ့တဓူဝ သူတို့မိသားစုတွေ ချက်ပြုတ်ရေးအတွက် လိုအပ်တဲ့ လောင်စာထင်းတွေ ဟင်းသီးဟင်းရွက်တွေ တပ်စခန်း အနီးအနားရှိ ခြံစည်းရိုးတွေကို ခုတ်ယူဖျက်စီးယုံတင်မကဘူး ခြံထွက်သီးနှံတွေကိုလဲ အစတော့ ခွင့်တောင်းပေမဲ့ နောက်ပိုင်းတော့ ခြံပိုင်ရှင် ခွင့်ပြုချက်မယူဘဲ ၀င်ရောက်ပြီး ကိုယ်ကျိုးစီးပွားဖြစ် ခိုးယူလာတယ်။

ဟိုပုံးမြို့က အခြေစိုက်တဲ့ တိုင်းဗဟိုအမှတ်(၃)လေ့ကျင့်ရေးတပ်ဟာ မြို့ဦးဘုန်းကြီးကျောင်း အရှေ့ဘက် ရေခုနှစ်ပေါက် နားမှာရှိတဲ့ တောင်ကုန်းလေးပေါ်က သစ်တောတွေကို တပ်စခန်းလုံခြုံရေးအတွက်ဆိုပြီး အကုန်ခုတ်ရှင်းလိုက်တယ်။ ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ ရွာသူရွာသားများက ညနေပိုင်းအချိန် ခြံကပြန်လာပြီဆိုရင် အဲဒီ ရေခုနှစ်ပေါက်မှာ ရေသွားခတ်ကြ၊ ရေသွားချိုးကြတယ်။ နောက်ပိုင်းမှာ အဲဒီနေရာကို တိုင်းဗဟိုအမှတ်(၃)က တပ်ပိုင်နယ်မြေအဖြစ် သိမ်းယူပြီးတဲ့နောက် တပ်သားရဲဘော်များက အဲဒီရေခုနှစ်ပေါက်မှာ ရေလာခတ်တဲ့ ဒေသခံအမျိုးသမီးများကို အနှောက်အယှက်ပေးလာတယ်။ မုဒိမ်းကျင့်မှု တွေလဲ မကြာခဏကြားရတယ်။ နောက်ပိုင်းတော့ အဲဒီရေခုနှစ်ပေါက်မှာ မိန်းကလေး တဦးစ နှစ်ဦးစ မသွားရဲတော့ဘူး ရဲဘော်တွေ မုဒိမ်းကျင့် ခံရမှာကို ကြောက်လန့်လာကြတယ်။

တပ်စခန်း အနားပတ်ဝန်းကျင်မှာ ရှိတဲ့ စိုက်ခင်းများဟာ အရင်က ခြံပိုင်ရှင်တွေ သီးနှံဖျက်ပိုးတာ ရင်ဆိုင်ရပေမဲ့ တပ်စခန်း ထောင်ပြီးနောက်ပိုင်းမှာ ခြံပိုင်ရှင်တွေဟာ သီးနှံဖျက်ပိုးကို ရင်ဆိုင်ရတဲ့အပြင် ရဲဘော်စစ်သားတွေရဲ့ သူတို့မိသားစုများရဲ့ ၀င်ရောက်ခိုးယူ ဖျက်စီးမှုကို ပါ ရင်ဆိုင်လာကြရတယ်။ အဲဒီခိုးယူလုယှက်တဲ့ ပြဿနာ မကဘူး တခါတလေ ဗမာစစ်သားများဟာ ဓါးမြောင်ကိုယ်စီနဲ့ စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို ၀င်ရောက်နှောင့်ယှက်ကြတယ်။ ခြိမ်းခြောက်တယ်။ ချစ်ရေး အတင်းလာပြောတယ်။ တခါတလေ မုဒိမ်းပါ ပြုခဲ့တယ်။ တပ်စခန်းနီးတဲ့ ခြံယာစိုက်ခင်းတွေမှာ ခြံပိုင်ရှင် အမျိုးသမီးတွေဆိုရင် ယောင်္ကျားမပါဘဲ စိုက်ခင်းမှာ မသွားရဲကြတော့ဘူး။ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတော့ဘူး။ တိုင်းဗဟို အမှတ်(၃)လေ့ကျင့်ရေးတပ်စခန်းနဲ့ နီးတဲ့ မြို့ဦးဘုန်းကြီးကျောင်းမှာ မှီခိုနေတဲ့ ကြောင်များလဲ ရဲဘော်များကြောင့် မြို့ဦးဘုန်းကြီးကျောင်းမှာရှိတဲ့ ကြောင်တွေ မျိုးသုန်းသွား ခဲ့တယ်။

ဘန်းယဉ်၊ ဆီဆိုင်မြို့တွေမှာ အခြေစိုက်တဲ့ ခလရ ၄၂၃ နဲ့ ခလရ ၄၂၄ ခလရ ၄၂၅ လဲ တပ်စခန်း အနီးအနားက ရွာသားတွေပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ်များနဲ့ စိုက်ခင်းကို ၀င်ရောက်အနှောင့်အယှက် ပေးတာမကဘူး တခါတလေ စစ်တပ်အတွက် လိုအပ်တဲ့ သောက်သုံးရေကိုပါ တပ်အနီးအနားရှိ ကျေးရွာသားများကို ရေခတ်ခိုင်းစေပြီး တပ်စခန်းအထိ လာပို့ခိုင်းတယ်။ ခလရ ၄၂၃ နဲ့ ခလရ ၄၂၄ တပ်သားတချို့ဟာ ဆီဆိုင်မြို့ အနီးအနားက ကျေးရွာတွေရဲ့ ကျွဲနွားများကိုပါ ချမ်းသာမှုမပေးဘူး။ ရွာသားတွေက မကြာခဏ ကျွဲနွားတွေ ပျောက်သွားကြတယ်။ နောက်ဆုံးတော့ ဆီဆိုင်မြို့ အရှေ့ဘက်ရှိ ၀ါးတောရွာက ရွားသားတဦးရဲ့ အိမ်အောက်က ချည်ထားတဲ့ နွားများအနက် တကောင် ညနက်အချိန်မှာ အခိုးခံခဲ့ရတယ်။ မနက်မိုးလင်းတော့ ပိုင်ရှင်က နွားတကောင် ပျောက်မှန်းသိသွားတော့ နွားခြေရာကို လက်ခံလိုက်တော့ ခလရ ၄၂၃ တပ်စခန်း ဂိတ်ဝသို့ ရောက်သွားတော့ ဆက်ပြီး ခြေရာမလိုက်ရဲတော့ဘူး။ တချိန်က သူကူညီဖူးခဲ့တဲ့ ၄၂၃ တပ်သား ဆေးမှူးတယောက်ဆီကို အကူအညီတောင်းပြီး သူနွားကို စုံစမ်းခိုင်းခဲ့တယ်။ အဲဒီတပ်သားဆေးမှူးစုံစမ်းလိုက်တော့ အဖြေပေါ်လာတယ်။ တပ်ထဲ့က ရဲဘော်တချို့ဟာ သူတို့ခိုးတဲ့နွားတွေကို ၄၂၃ နဲ့ ၄၂၄ တပ်စခန်းကြားက ချောက်ထဲမှာ ပေါ်ပြီး (သတ်ပြီး) မနက်မိုးလင်းရင် ဆီဆိုင်ဈေးအနီးတ၀ိုက်တို့ ကားဂိတ်တို့မှာ ရဲဘော်မယားတွေက သွားရောင်းကြတယ်။ နွားပေါ်ပြီး ဝေစုတွေ မညီတော့ တယောက်နဲ့ တယောက် အမြင်မကြည်တာတွေ ဖြစ်ကြတယ်။ ဆေးမှူးတယောက် ၀င်စုံစမ်းလိုက်တော့ တဦးကို တဦးဖော်ကြတယ်။ အဲဒီ ၀ါးတောရွာက ခိုးထားတဲ့ နွားနဲ့ဆို (၂၇) ကောင်ရှိပြီဆိုတဲ့အကြောင်း၊ အဲဒီနွားတွေအားလုံးဟာ ၄၂၃ နဲ့ ၄၂၄ တပ် စခန်းနှစ်ခုကြားက ချောက်ထဲမှာဘဲ ညအချိန်မှာ သတ်တဲ့အကြောင်း၊ မနက်မိုးလင်းပြီဆိုရင် ဆီဆိုင်မြို့မှာ သွားရောင်းတဲ့အကြောင်းတွေ အကုန်ပေါ်လာတော့တယ်။ ဒါပေမယ့် စခန်းတာဝန်ရှိသူတွေက နွားခိုးမှု ကျူးလွန်သူကို ထိထိရောက်ရောက် အရေးမယူပေးခဲ့ဘူး။

ဗမာတပ်စခန်းအနီးအနားရှိတဲ့ ကျေးရွာများဟာ တပ်က ရွာသားများအတွက် ဘ၀လုံခြုံမှု မပေးတဲ့အပြင် စားဝတ်နေရေးဖူလုံမှုပါ ခြိမ်းခြောက်လာတယ်။ စစ်စခန်းအနီးအနားရှိ ကျေးရွာသူကျေးရွာသားများဟာ ယခင်က မိမိတို့ အိုးအိမ်တွေကို စိတ်ချလက်ချ ပစ်ထားကြပြီး တောင်ယာများသို့ ပျော်ပျော်ရွှင်ရွှင် သွားလုပ်ကြတယ်။ စစ်တပ်စခန်း အခြေချလာပြီး နောက်ပိုင်းတော့ အိုးအိမ်တွေကို မပစ်ထားရဲကြတော့ဘူး မိသားစုဝင်တယောက်ယောက်က ခြံအလုပ်ကို ပစ်ထားပြီး အိမ်ကို သူခိုးများ ၀င်ရောက်ခိုးယူမှု မခံရအောင် နေ့စဉ် အချိန်ပေး စောင့်ရှောက်နေကြရတယ်။

ဗမာတပ်စခန်းရဲ့ အနီးအနားက ရှိတဲ့ ကျေးရွာများဟာ အိမ်မွေးတဲ့ ကြက် ဘဲများပဲ ဖြစ်ဖြစ်၊ ခြံကထွက်တဲ့ သီးနှံများဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းက မွေးထားတဲ့ ကြောင်ပဲဖြစ်ဖြစ်၊ သင်းကုတ်က မွေးထားတဲ့ ကျွဲနွားပဲ ဖြစ်ဖြစ် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ၀င်ရောက်ခိုးယူတဲ့ ရဲဘော်များကို တခါတလေ ရွာသားများ ဖမ်းမိကြ တယ်။ ဖမ်းမိတဲ့ ခိုးမှုကျူးလွန် ရဲဘော်များကို အနာတရဖြစ်အောင် မလုပ်ဘဲ တပ်စခန်းတာဝန်ခံများဆီကို ကောင်းကောင်းမွန်မွန် ပြန်အပ်ကြတယ်။ အဲလိုမျိုးပြန်ပို့တဲ့အချိန်မှာ တပ်စခန်း တာဝန်ခံ ဗိုလ်မှူး ဗိုလ်ကြီး တွေက နောက်ထပ်တခါ ဖမ်းမိရင် သေအောင်ဝိုင်းရိုက်ကြပါ လို့မှာလိုက်တယ်။ ဒါပေမယ့် ရွာသားတွေက ခိုးမှုကျူးလွန်တဲ့ လူတယောက်ကို အပြစ်ဘယ်လောက်ဘဲရှိရှိ သူတို့မရိုက်ချင်ကြဘူး။ ကောင်းကောင်းနဲ့ဘဲ နားချဆုံးမစေချင်တယ်။ ရဲဘော်တွေဟာ တပ်စခန်းမှာ အနိုင်ကျင့်ခံရလို့ ရိက္ခာများကို အထက်ကလူတွေ ဖြတ်စားခံရလို့ သူတို့ဟာ ၀မ်းရေးအတွက် ခိုးတဲ့အလုပ်ကို လုပ်လာကြရတယ်လို့ ရွာသားတွေက အဲလိုဘဲမြင်ကြတယ်။ တချိန်က ရွာသားတွေဟာ တပ်က အထမ်းပေါ်တာခေါ်တာ တာဝန်မကျေလို့ ရွာသားတွေ အရိုက်ခံရတယ်။ ရွာနားက ဗမာတပ်စခန်းကို တောခိုသူတွေက လာရောက် ပစ်ခတ်တာ ခံရပြီဆိုရင် တပ်စခန်းအနီးအနားရှိ အပြစ်မရှိ ရွာသူကြီးများကို တိရိစ္ဆာန်သဖွယ် ၀ါးရင်းတုတ်နဲ့ အမြဲရိုက်လေ့ရှိပေမယ့် ရွာသားရဲ့ ပိုင်ဆိုင်မှုကို ခိုးယူကျူးလွန်တဲ့ တပ်ကရဲဘော်တွေကို ရွာသားတွေ ဖမ်းမိတိုင်း တပ်တာဝန်ရှိသူထံကို ကောင်းကောင်းပြန်အပ်တယ်။ တပ်က ရွာသူကြီးကို ရိုက်တဲ့လုပ်ရပ်မျိုးလို ရွာသားတွေ ပြန်ပြီးကလဲ့စားရိုက်ချင်စိတ် မရှိကြပါဘူး။ ရွာသားတွေဟာ ရိုးရိုးသားသားနဲ့ ကိုယ်ချင်းစာနာ တတ်တဲ့စိတ် အရမ်းရှိကြတယ်။

တောင်ကြီးမြို့ ၀ါးပြားရပ်ကွက်မှာ နေတဲ့သူငယ်ချင်းတယောက်က သူအိမ်ခြံဝင်းဟာ စစ်တပ်အသိုင်းအ၀ိုင်း မိသားစုတစ်စုရဲ့ အိမ်ခြံဝင်းနဲ့ကပ်နေတယ်။ အုတ်တံတိုင်းလည်း မကာထားဘူး။ တိုင်နဲ့ဘဲ အမှတ်အသား လုပ်ထားတယ်။ တပ်က မိသားစုအိမ်ဟာ ခြံစည်းရိုး အုတ်တံတိုင်းဆောက်ဖို့ လက်သမားတွေတိုင်းခိုင်းတယ်။ လက်သမားတိုင်းနေချိန်မှာ အိမ်ရှင်က သူအမျိုး စစ်ဗိုလ်သုံးယောက်လောက်ခေါ်လာပြီး ကြည့်ခိုင်းတယ်။ အဲဒီအချိန်အတောအတွင်း သူငယ်ချင်းပိုင်တဲ့ မြေကွက်ထဲ့ကို တပေကျော်ကျော်လောက် ချဲ့ယူပြီး လက်သမားတွေကို မြောင်းတူး တံတိုင်း တခါတည်းပါဆောက်ခိုင်းခဲ့တယ်။ သူငယ်ချင်းက ကျနော်လိုမျိုးဘဲ ဗမာစကားသိပ်မတတ်တော့ ပြန်မငြင်းချင်ဘူးတဲ့။ မြေဂရမ် ပုံစံ ၁၀၅ တော့ ရှိတယ် သူတို့နဲ့ စကားများရင် တရားရုံးရောက်မယ်။ တရားရုံးက အမှန်တရားကို ကြည့်တာထက် ငွေပုံကို ကြည့်တာများတယ်။ တရားရုံးတိုင်ရင် ငွေကုန် လူပင်ပမ်း အချိန်ကုန်ရုံဘဲဆိုပြီး တိတ်တိတ်ဘဲ သီးခံတော့တယ်။ စစ်တပ်နဲ့ နီးတဲ့ ရွာဆို ဘ၀လုံခြုံဖူလုံမှု မရှိ၊ စစ်ဗိုလ်အိမ်နဲ့ အိမ်းနီးနားချင်းဖြစ်ရင် မြေကွက်ကိုညစ်ယူ စစ်တပ် စစ်သား မှန်သမျှကို ဝေးဝေးရှောင် ခုခေတ်စစ်သားဟာ လိုင်စင်ရ ဓါးမြနဲ့ တူတယ် အရာရာအားလုံးကို သူတို့ သဘောကျပြီဆို အခမဲ့နဲ့ ရချင်ကြတယ်လို့ ကျနော် သူကို တွေ့တိုင်း အဲဒီလို အမြဲပြောလေ့ရှိတယ်။
 
မှတ်ရန်။   ။ Pa-Oh People Info ဆိုက်မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

No comments: