စပိန်နဲ့ နယ်သာလန် ဘယ်အသင်း ချန်ပီယံပိုင်ရှင်အသစ် ဖြစ်လာမည်နည်း

တောင်ကြီးတိုင်းမ်
ဇူလိုင်လ (၈) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၃၂ သင်းနဲ့ စတင်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ယခုနောက်ဆုံး စီမီးဖိုင်နယ်ပွဲစဉ် ကစားပြီးတဲ့ နောက်ပိုင်းမှာ ၂ သင်းသာ ကျန်ပါတော့ တယ်။ အဲဒီ ၂ သင်းကတော့ ကမ္ဘာ့ဖလားကြီးရဲ့ တရဖူဆုကို အရယူဖို့ နောက်ဆုံးဖိုင်နယ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမည့် နယ်သာလန်အသင်းနဲ့ စပိန်အသင်းတို့ပဲ ဖြစ်ပါတယ်။

ဒီနောက်ဆုံး သရဖူလုယူမည့်ပွဲကိုတော့ ဇူလိုင်လ (၁၁) ရက်၊ တနင်္ဂနွေနေ့၊ တောင်အာဖရိကနိုင်ငံ ဒေသ စံတော်ချိန်ညနေပိုင်း ၈ နာရီ ၃၀ မိနစ်မှာ ကျိုဟန်နဲစ်ဘတ်က်မြို့ ကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

စီမီးဖိုင်နယ်ပွဲမှာ ရှုံးနှိမ့်ခဲ့တဲ့ ဥရုကွေးအသင်းနဲ့ ဂျာမနီအသင်းတို့တော့ တတိယနေရာနဲ့ စတုတ္ထနေရာ လုယူရန် ဇူလိုင်လ (၁၀) ရက်၊ စနေနေ့ ညနေပိုင်း ၈ နာရီ ၃၀ မိနစ်မှာ ပိုတ်အဲလဇ်စ်ဘက်တ်မြို့ကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

၁၉၃၀ ခုနှစ် ဥရုကွေးနိုင်ငံမှာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီ ၂၀၁၀ ခုနှစ်အကြိမ် အပါအ၀င်ဆိုရင် စုစုပေါင်း ၁၉ ကြိမ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၈ အကြိမ်မြောက်အထိ မှာတော့ နယ်သာလန်နဲ့ စပိန် နှစ်နိုင်ငံစလုံးမှာ ချန်ပီယံဆုကို တစ်ခါမှ မရရှိခဲ့ဖူးသေးပေ။

ကမ္ဘာ့ဖလားသမိုင်းတစ်ခုလုံးမှာ နယ်သာလန်အသင်းက ဖိုင်နယ်ဗိုင်လုပွဲအဆင့်အထိကို ၁၉၇၄ နဲ ၁၉၇၈ ခုနှစ်မှာတုန်းက နှစ်ကြိမ်ဆက်တိုက် ရောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် နှစ်ကြိမ်လုံးမှာ အနောက်ဂျာမနီနဲ့ အာဂျင်တီးနားတို့ကို ရှုံးနှိမ့်ခဲ့တဲ့အတွက် ချန်ပီယံဆု လက်မဲ့နဲ့ပဲ ဆက်နေခဲ့ရပါတယ်။

စပိန်အသင်းကတော့ ဖိုင်နယ်အဆင့်အထိ တခါမှ မရောက်ခဲ့ဖူးပေ။ သို့သော် စီမီးဖိုင်နယ်အဆင့်ကို ၁၉၅၀ ခုနှစ်မှာ ရောက်ခဲ့ဖူးပေမယ့် တတိယနေရာလုပွဲမှာ ဆွီဒင်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနှိမ့်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလာသမိုင်းတစ်ခုလုံးမှာ စတုတ္ထနေရာနဲ့ပဲ အောင်မြင်မှု အမြင့်ဆုံးရရှိခဲ့ဖူးပါတယ်။

နှစ်ပေါင်း ၈၀ ကြာမြင့်ပြီးဖြစ်သည့် ကမ္ဘာ့ဖလားရဲ့ ၁၉ ကြိမ်မြောက်မပြီးဆုံးခင်အထိမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းပေါင်းက ၇ သင်းပဲရှိပါတယ်။ ဒီ ၇ သင်းထဲမှာ နယ်သာလန်နဲ့ စပိန်တို့ မပါခဲ့ပါဘူး။ ဒီ ၁၉ ကြိမ်မြောက်ပြိုင်ပွဲရဲ့ ဖိုင်နယ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားမည့် အဲဒီနှစ်သင်းလုံးမှာ ချန်ပီယံဆု မဆွတ်ခူးဖူးသေးတဲ့ အသင်းတွေဖြစ်တဲ့အတွက် ပိုင်ရှင်အသစ် တစ်သင်းထပ်တိုးလာပြီးတော့ ချန်ပီယံပိုင်ရှင်အသင်း ၈ သင်းဖြစ်လာပါတော့မယ်။

သို့သော် ပြိုင်ပွဲမှာ သာမန်ကစားချိန် မိနစ် ၉၀၊ အချိန်ပို မိနစ် ၃၀ နဲ့ ပဲန်နယ်တီအဆုံးအဖြတ်အပါအ၀င် စတဲ့ အဆင့်ဆင့်မှာ ယှဉ်ပြိုင်ကစားပေမယ့် သရေသာကျခဲ့လို့ ချန်ပီယံဆုကို ပူးတွဲယူခဲ့ရင်တော့ ချန်ပီယံ ပိုင်ရှင် ၉ သင်းဖြစ်သွားမှာပါ။ အလားအလာ လွန်စွာမှ နည်းပါးပါတယ်။

အသင်းရဲ့ အပေးအယူ အချိတ်အဆက်ကောင်းမွန်မှု၊ တစ်သင်းလုံးမှ ကစားသမားတစ်ဦးချင်းရဲ့ အရည်အခြင်း၊ ကစားသမားရဲ့ အတွေ့အကြုံနဲ့ လက်ရှိအသင်းရဲ့တည်ဆောက်လာမှုနဲ့ တည်ငြိမ်တဲ့ ကစားဟန် စတဲ့အချက်တွေကို ကြည့်ပြီးတော့ စပိန်အသင်းကပဲ ၁၉ ကြိမ်မြောက် ချိန်ပီယံပိုင်ရှင် ဖြစ်လာမယ်လို့ ကမ္ဘာ့ဖလားသုံးသပ် စောင့်ကြည့်သူတွေ အများစုကတော့ ကောက်ချက်ချနေကြပါတယ်။

No comments: