ပင်းပက်တောင်စီမံကိန်း ယူရေနီယံ တူးဖေါ်နိုင်ဖွယ်ရှိ PYO report တွင်ဆို

ပင်းပက်တောင် စီမံကိန်း ယူရေနီယံတူးဖေါ်နိုင်ဖွယ်ရှိ PYO အစီရင်ခံစာမှ ပြောဆို


ကျော်ထင် VOA

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နားက ပင်းပက်တောင်စီမံကိန်းတွေမှာ ယူရေနီယံတူးဖေါ်မယ် အစီစဉ်တွေလည်းပါနိုင်ဖွယ်ရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ဒီကနေ့ ချင်းမိုင်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်၊ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က အပြည်စုံကိုတင်ပြပေးထားပါတယ်၊


ဟုတ်ကဲ့ပါ၊ တောင်ကြီးမြို့ အနားက ပင်းပက်တောင် သံသတ်တုရိုင်းတူးဖေါ်ရေး စီမံကိန်းထဲမှာ ယူရေနီယံတူးဖေါ်မယ့်အစီစဉ်လည်းပါဝင်နိုင်ဖွယ်ရှိတယ်လို့ အဲဒီဒေသမှာ ၃)နှစ်ကျော်ကြာ အချက်လက်ရယူစုဆောင်းခဲ့တဲ့ ပအိုဝ်းလူငယ်အဖွဲ့က ပြောဆိုလိုက် ပါတယ်၊


ပင်းပက်တောင်အနီးတ၀ိုက် ဟိုပုန်းလွင်ပြင်ဒေသက စီမံကိန်းတွေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့အကျိုးဆက်တွေကို သုတေသန ပြုလုပ်ထားတဲ့ ” အနာဂတ်ကို လုယူဖျက် ဆီးခြင်း”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်၊


ကွင်းဆင်းသုတေသနလုပ်ခဲ့တဲ့ ပအိုဝ်းလူငယ် ခွန်ချန်းကီးက ဒေသခံတွေက ယူရေနီယံ စီမံကိန်းအပေါ် စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ခုလိုပြောပါတယ်၊


” ပင်းပက်သံရည်ကြိုစက်ရုံ စီမံကိန်းဝင်လာပြီးတဲ့နောက်ပိုင်းမှာတော့ အဲဒီမှာတာဝန်ကျ နေတဲ့ စစ်အရာရှိတချို့နဲ့ အရပ်သားအရာရှိတချို့က အရမ်းခင်မင်ရင်းနှီးတဲ့ ကျေးရွာသားအချို့ကို ဒီနေရာမှာ ယူရေနီယံတူဖေါ်ဖို့ကိစလည်းပါဝင်နေတယ်ပေါ့ အဲလိုမျိုးပြောပြတော့ ရွာသားတွေကနည်းနည်းစိုးရိမ်လာတယ်၊ နောက် သတ်တုတွင်း တည်ဆောက်ဆဲ ၂၀၀၇)မှာ ရုရှားအစိုးရက ဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ကူညီမယ် လို့ထပ်ကြေငြာတော့ သူတို့ပိုပြီးစိုးရိမ်လာတယ်၊ လာကြောင့်လည်းဆိုတော့ အဲဒီနေရာမှာ ရုရှားတွေကရင်းနှီးမြှုပ်နှံမှုထားဖြစ်ပါတယ်၊”


လုံခြုံရေးတင်းကျပ်ထားတဲ့ စက်ရုံအခြေနေကို သူက ခုလိုပြောပြပါတယ်၊


” စက်ရုံကိုကာထားတဲ့ပုံကျတော့ ဆယ်ပေမြင့်တဲ့ အုတ်တံတိုင်း ၂)ထပ်တည် ဆောက်ထားတယ်၊ အုတ်တံတိုင်း တစ်ထပ်နဲ့တစ်ထပ်ကြားမှာ ကိုက် ၅၀)လောက်ခြား ထားတယ်၊ အဲဒီမှာလုံခြုံရေးအပြည်ချထားတယ်၊ အ၀င်ထွက်မှာပေါ့နော်၊ အဲဒီမှာ ရုရှားပညာရှင်လေးယောက်လည်း အချိန်ပြည့်အလုပ်လုပ်နေတယ်၊ ဒီစစ်တပ်တွေလည်း အခြေနေပေါ်မှာမူတည်ပြီးတော့ တိုက်ပွဲတွေဖြစ်တဲ့အချိန်တို့၊ ဒါမှမဟုတ်ရင် ထိပ်ပိုင်း ခေါင်းဆောင်လာတဲ့အချိန်တို့ဆို လုံခြုံရေးတွေအကြီးကျယ်ချထားတာရှိတယ်”


မြန်မာနိုင်ငံမှာ ညူကလီးယားသုတေသနအစီစဉ်တွေကို ၁၉၅၆)ခုအစောပိုင်းကာလ တွေကတည်းကစတင်ခဲ့ပါတယ်၊ အဲဒီချိန်ကတည်းက ဂျာမန်၊ ရုရှားပညာရှင်တွေဟာ ပင်းပက်တောင်တ၀ိုက်ကို ကွင်းဆင်းလေ့လာမှုတွေရှိခဲ့လို့ ပအိုဝ်းလူငယ်အဖွဲ့ရဲ့ အစီရင်ခံ စာမှာဖေါ်ပြထားပါတယ်၊


ပင်းပက်တောင်တ၀ိုက်ကို ခုလိုကွင်းဆင်းလေ့လာမှုတွေကြောင့်ပဲ ယူရေနီယံတူးဖေါ်နိုင် တယ်လို့ ဒေသခံတွေက ပိုမိုသံသယရှိနေတယ်လို့ ခွန်ချန်းကီးကပြောပါတယ်၊


” ကျနော်တို့ ကွင်းဆင်းလေ့လာချက်အရ အဲဒီယူရေနီယံတူးဖေါ်မယ့်နေရာကျတော့ သူတို့နေရာအတိကျပြောတယ်၊ အဲဒီတောင်မှာ၊ အဲဒီတောင်ရဲ့ ဒေသခံအခေါ် ကောင်တီမှာ ယူရေနီယံသိုက်ရှိတယ်လို့သူတို့ပြောထားတာရှိတယ်၊ အဲဒါကတော့ အရာရှိဆီကတဆင့် သူတို့ကြားရတာပေါ့နော်၊ နောက်ပြီး ၁၉၇၉)ခုနှစ်က ပညာရှင်တွေလာသွားတယ်၊ သူတို့လာတုံးက လမ်းတွေမသိတော့ ရွာသားတွေဦးဆောင်ပြီး အဲဒီနေရာကိုသွားရတယ်၊ အဲဒီချိန်မှာ ရွာသားတွေက ပိုပြီး လက်ရှိစက်ရုံမှာတာဝန်ကျနေတဲ့ ၀န်ထမ်းတချို့ပြောတာနဲ့ အရင်က သူတို့ဦးဆောင်ပြီးသွားခဲ့တဲ့နေရာက ကွက်တိဖြစ်နေတော့ သံသယ၀င် တယ်ပေါ့နော်၊ အဲဒီနေရာကို”


တည်ဆောက်ရေးစီမံကိန်းတွေစတင်လာခဲ့တဲ့ ၂၀၀၆)နှစ်ဦးပိုင်းကနေစပြီး ပင်းပက် တောင်ခြေအနီးတ၀ိုက်က ဒေသခံတွေကို အတင်းအကျပ်ရွေ့ပြောင်းနေရာချထားမှု တွေစတင်ခဲ့တယ်လို့သိရပါတယ်၊ အကယ်လို့တူးဖေါ်ရေးလုပ်ငန်းတွေစတင်လာတယ်ဆို ရင် တော့ တောင်ခြေအနီးတ၀ိုက် ကျေးရွာ ၁၄)ရွာဟာ အပြီးအပိုင်ပြောင်းရွေ့ခံရမယ့် အနေထားရှိတယ်လို့လည်း ပအိုဝ်းလူငယ်တွေရဲ့အစီရင်ခံစာက ဆိုပါတယ်၊ စစ်အစိုးရ ကတော့ မကွေး၊ တောင်တွင်းကြီး၊ မိုးကုတ်၊ ကျောက်ဆည်နဲ့ ဖေါင်းပြင်မြို့နယ်တွေမှာပဲ ယူရေနီယံတူးဖေါ်လို့ရနိုင်တယ်လို့ တရားဝင်ထုတ်ဖေါ်ပြောဆိုထားပါတယ်၊ ၂၀၀၇)ခုမေလ တုံး သိပံနဲ့နည်းပညာဝန်ကြီးဦးသောင်းဟာ ၁၀)မီဂ်ါဝပ်ရှိတဲ့ ရေပေါသုံး ညူကလီးယား ဓါတ်ပေါင်းဖိုတခုတည်ဆောက်ဖို့ ရုရှားနဲ့သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်ခင်ဗျ၊

No comments: