ကေအန်ပီပီနှင့် ရလလဖ ပူးပေါင်း၍ နအဖ ကို ဆက်လက် တိုက်ပွဲ ၀င်သွားမည်

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
ဇူလိုင်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) နှင့် လက်တွဲကာ နအဖ စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင် သွားမည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ကေအန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ) က ယနေ့ ပြောဆို လိုက်သည်။

နအဖ စစ်အစိုးရမှ လက်နက် ချခိုင်းရာတွင် လက်နက် ချခိုင်းသဖြင့် လက်နက် မချဘဲ လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲသွားမည့် ရလလဖ သည် ယခုလ ၅ ရက်နေ့က ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ထိန်းချုပ်ထားရာ နယ်မြေသို့ ရလလဖ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်တီစောင် ဦးဆောင်သည့် တပ်သား အင်အား ၁၁၀ ခန့်နှင့် အတူ ရောက်ရှိလာပြီး နှစ်ဖက် ခေါင်းဆောင်များ အကြား ပြုလုပ်ခဲ့သည့် အစည်းအဝေး ရလဒ်များ အရ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လမ်းကြောင်းပေါ်မှာ ဆက်ပြီးတော့ တိုက်ပွဲ ၀င်တာပဲလေ။ ဒါက နအဖ ကို သူတို့ (ရလလဖ) ပြန်လည်ပြီး နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ဆက်လက် တိုက်သွားမယ့် သဘောပဲ။ အဲဒါကြောင့် ကျနော်တို့ ဦးတည်တာကလည်း ပြည်သူ လူထုရဲ့ အကျိုး စီးပွားကို လုပ်ဆောင် သွားတာပဲလေ။ အခု အခြေအနေ အရ ဒီအုပ်စုကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အုပ်စုက ဘယ်လို ဖြစ်တယ် ဆိုတာကို ကျနော်တို့ ဆက်လက် တိုက်ခိုက် သွားရမှာပဲ။ သူတို့ (ရလလဖ) တွေနဲ့ ၀ိုင်းဝန်း ပြီးတော့မှ တည်ဆောက် သွားရမှာပဲ” ဟု ကေအန်ပီပီမှ အတွင်းရေးမှူး (၁) ရီမွန်ထူးက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုန်း၊ ကျောက်တလုံး၊ နောင်ထော်၊ ကတိုးကြီး၊ ကတိုးလေး၊ ဆီဆိုင်နှင့် ပင်လုံမြို့နယ် တို့တွင် သွားလာ လှုပ်ရှားနေသော ရလလဖ အဖွဲ့သည် တပ်သား အင်အား ၃၀၀ မှ ၅၀၀ အကြားရှိကာ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်တီစောင်နှင့် တပ်သား ၁၀၀ ခန့်သည် ကရင်နီ အခြေခံ နယ်မြေသို့ ပြီးခဲ့သည့် လနှောင်းပိုင်းက ကရင်နီ နယ်မြေသို့ ရောက်ရှိလာရာတွင် တပ်သား ထက်ဝက်ခန့်သည် ကေအန်ပီပီ ကရင်နီတပ်ရင်း ၂ နယ်မြေတွင် ကျန်ရစ်ခဲ့ပြီး အဖွဲ့ ခေါင်းဆောင်များနှင့်အတူ ရဲဘော် ၅၅ ဦးတို့သည် ကရင်နီ တပ်မတော် အခြေစိုက်ရာ ညာမူ ဒေသတွင် ဇွန်လ ၂၈ ရက်တွင် ရောက်ရှိလာခဲ့ပြီး အဆိုပါ အစည်းအဝေး ရလဒ်များ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ပူးတွဲ အစည်းအဝေးသို့ ရလလဖ အဖွဲ့မှ ဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်တီစောင်နှင့် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်တူရိန်တို့ ဦးဆောင်၍ တက်ရောက် ခဲ့သလို၊ ကေအန်ပီပီမှ ဥက္ကဌ ထဲဘူးဖဲ၊ ဒု-ဥက္ကဌ အေဘယ်တွိဒ်တို့ ဦးဆောင်ပြီး အတွင်းရေးမှူး (၁) ရီမွန်ထူး၊ အတွင်းရေးမှူး (၂) ၊ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ်တို့ ပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကေအန်ပီပီသည် ရလလဖ၏ နိုင်ငံရေး လှုပ်ရှားမှုကို လွတ်လပ်စွာ ဆက်လက် လှုပ်ရှားရန် အတွက် ကေအန်ပီပီသည် ရလလဖ တပ်ဖွဲ့ကို မူလ နယ်မြေ၌ ပြန်လည် မလှုပ်ရှားခင် အထိ ကရင်နီ တပ်မတော် အခြေခံ နယ်မြေ (ညာမူ)တွင် တပ်ချ နေထိုင်ရန်နှင့် ရှေ့တန်းတွင် ကျန်ရှိနေသော ရလလဖ တပ်သားများကို ကရင်နီ တပ်မတော် တပ်ရင်း (၂) ရှေ့တန်းတွင် နေထိုင် လှုပ်ရှားရန် သဘောတူခဲ့သည်။

သည့်အပြင် ရလလဖ တပ်ဖွဲ့ကို အချိန်ကာလ တခုအထိ ရိက္ခာ ထောက်ပံ့ သွားမည် ဖြစ်သလို၊ ကရင်နီ နယ်မြေတွင် ကရင်နီ လူမျိုးများနှင့် မိသားစု သဖွယ် နေထိုင် သွားစေမည် ဖြစ်ကာ ရလလဖ တပ်သားများ စခန်း တည်ဆောက်ရေး အတွက် လိုအပ်ချက်များနှင့် အခြေခံ လူမှုရေး လိုအပ်ချက်များ အတွက် ကေအဲန်ပီပီသည် နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ကေအန်ပီပီမှ အတွင်းရေးမှူး (၁) ရီမွန်ထူးက “အခုလို လက်နက်ကိုင် တပ်ဖွဲ့ ရလလဖ အဖွဲ့တွေကို ကေအန်ပီပီ အနေနဲ့ သူတို့ လိုအပ်ချက်တွေကို တာဝန်ယူ စီမံပေးပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်း လက်တွဲ သွားမယ်။ သူတို့ အပြောအဆို အရ သူတို့ကို နအဖ က လက်နက် အပ်ခိုင်းတာပဲလေ။ လက်နက် အပ်ခိုင်းတာက သူတို့ကိုပဲ မဟုတ်ဘူး။ ပလောင်တွေကိုရော လုပ်ခဲ့ဖူးတယ် ဆိုတာ သိရတယ်။ တခြား အဖွဲ့တွေကိုလည်း အပ်ခိုင်း နေတာပဲလေ” ဟု ပြောသည်။

အေအန်ပီပီ သည် တပ်သား အင်အား တထောင်ကျော် ရှိပြီး မောချီဂွင်နှင့် ထီးဖိုး ကလော ဒေသ၊ ဖရူးစိုး၊ ရှားတောနှင့် ဖာစောင်း မြို့နယ် အနောက်ဘက် ဒေသများတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) တပ်ရင်း ၂ နှင့် ၅ တည်ရှိရာ နယ်စပ်အနီး၌ အချိန်မရွေး လှုပ်ရှား သွားလာနိုင်ကြောင်း သိရသည်။

ဗြိတိသျှ အစိုးရထံမှ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံတွင် ကရင်နီသည် ပါဝင်ခြင်း မရှိဘဲ ပါလီမန် အစိုးရ ၀န်ကြီးချုပ် ဦးနု အာဏာ ရချိန်တွင် ကရင်နီပြည်ကို တိုက်ခိုက် လာရာမှ ၁၉၄၈ ခုနှစ် သြဂုတ်လတွင် စတင်၍ လက်နက်ကိုင် တော်လှန်ခဲ့ရာမှ ၁၉၅၀ မေလ ၂ ရက်နေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဦးရီမွန်ထူးက “အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို အတင်း အဓမ္မ လက်နက် ချခိုင်းရင်တော့ ထွက်လို့ရတဲ့ လူတွေ၊ ပြေးလို့ရတဲ့ အုပ်စုကတော့ ထွက်လာမှာပဲ။ ထွက်လာတဲ့ အုပ်စုတိုင်းကို ကျနော်တို့ လက်ခံ ကြိုဆိုပါတယ်။ ဒါမှ ကျနော်တို့ အားလုံး ၀ိုင်းဝန်း တည်ဆောက် သွားနိုင်မှာ” ဟု ပြောဆိုခဲ့သည်။

No comments: