အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးနေ

ဧရာဝတီ| ဇူလိုင် ၅၊ ၂၀၀၇

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော မြန်မာနိုင်ငံ၏ အဓိကနေရာတခုဖြစ်သည့် အင်းလေးကန်သည် ယခုအခါ လှပသော ရေပေါ်ကျွန်းမျောစိုက်ခင်းများက ခြိမ်းခြောက်နေသည်။

အင်းလေးကန်တွင်းရှိ တောင်သူတဦး

ရေပေါ်ကျွန်းမျောစိုက်ခင်းများတွင် စိုက်ပျိုးလုပ်ကိုင်နေကြသူများ အသုံးပြု သော ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများနှင့် ဓာတ်မြေသြေဇာများသည် အင်းလေးကန်၏ရေပြင်နှင့် ရေထဲနေထိုင်ကျက်စားကြသော ရေသတ္တ၀ါများကို အဆိပ်သင့်နေစေပါသည်။ နောက်ထပ် သတင်းဆိုးတခုက ကန်၏ရေမျက်နှာ ပြင်သည် နှစ်ပေါင်း ၂၀၀ အတွင်း စတုရန်းကီလိုမီတာ ၆၀ မှ ၄၀ အထိ သိသိသာသာ တိမ်ကောလာခြင်း ဖြစ်သည်။

ထိုကဲ့သို့ အင်းလေးကန် တိမ်ကောလာနေခြင်းကို ဂျပန်နိုင်ငံရှိ Japan Society for Promotion of Science နှင့် စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်တို့ မကြာ သေးမီက ပူးတွဲထုတ်ဝေလိုက်သည့် အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။

အင်းလေးဒေသတွင် ယခုအခါ လူဦးရေပိုမိုထူထပ်လာပြီး စိုက်ပျိုးမြေပိုမို ကျယ်ပြန့်လာကြောင်း၊ စိုက်ပျိုးမြေချဲ့ထွင်သောကြောင့် ပတ်ဝန်းကျင်ရှိ သစ်တောများ ပြုန်းတီးကြောင်း၊ သစ်တောပြုန်းတီးသောကြောင့် ရေအရင်း မြစ်များ ခမ်းခြောက်လာကာ ကန်တိမ်ကောလာခြင်းဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

ရှုမောဖွယ်ကောင်းသည့် ရေပေါ်ကျွန်းမျောစိုက်ခင်းများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရုံမျှမက ဒေသခံ အင်းသားများ၏ အသက်မွေးဝမ်းကြောင်းအတွက်လည်း အထောက်အပံ့ဖြစ်စေသည်။ အင်းသားများသည် ထိုကျွန်းမျော များပေါ်တွင် ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ပန်းများကို စိုက်ပျိုးပြီး ဒေသဈေးကွက်တွင် ရောင်းချကြသည်။

ဥယျာဉ်လုပ်ငန်း လုပ်ကိုင်နေကြသူများသည် သူတို့၏သီးနှံများအထွက်နှုန်းကို ထိန်းထားနိုင်ရန် ဓာတုဗေဒဆေးဝါးများကို သုံးစွဲရုံမှလွဲပြီး ရွေးချယ်စရာမရှိဘူးဟု နောက်ထပ်တောင်သူ တဦးကလည်း ပြောသည်။

ထိုဓာတုဗေဒပိုးသတ်ဆေးများသည် ရေထုနှင့် ရေထဲတွင်နေထိုင်သော ငါးများကို အဆိပ်သင့်စေပြီး သောက်သုံးရေ အတွက်လည်း အန္တရာယ်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်ကျင်ဝါဒီ တဦးဖြစ်သည့် ဂရင်း စတီဗ်က ပြောသည်။

ငါးသည် အင်းလေးကန်ပတ်လည်တွင် နေထိုင်ကြသော အင်းသားများအတွက် အဓိကအစားအစာ ဖြစ်သည်။ “တကယ်လို့ ရေကန်ထဲကငါးတွေ ပိုးသတ်ဆေးပမာဏအများအပြား အဆိပ်သင့်နေရင် စားသုံးမိတဲ့သူ အဆိပ်သင့်နိုင်တယ်”ဟုလည်း စတီဗ်က ပြောသည်။

ဒေသအာဏာပိုင်များက သောက်သုံးရေကို မစီစဉ်ပေးနိုင်သည့်အတွက် ဒေသခံများသည် အင်းလေးကန်ထဲမှရေကိုသာ သုံးစွဲနေကြရသည်။ အင်းလေးကန်ဒေသတွင် သုတေသနပြုလုပ်နေသူ မြန်မာသုတေသီတဦးကမူ အင်းလေးကန် ပတ်လည်တွင် နေထိုင်သော လူများအကြား လည်ချောင်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနေသည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ပိုးသတ်ဆေးသုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ထို့အပြင် အခြားနိုင်ငံများတွင် ပိတ်ပင်ထားပြီးဖြစ်သော ပိုးသတ်ဆေးများကို အင်းလေးကန်တွင် အသုံးပြုနေသည်ကိုမြင်ရကြောင်း ဂရင်းစတီဗ်က ပြောသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကလည်း ဒေသခံတောင်ယာစိုက်ပျိုးသူများကို ဓာတုဗေဒ ဆေးဝါးများသုံးစွဲရန် အားပေးနေသည်ဟု ဝေဖန်စွပ်စွဲခံနေရသည်။ ထိုအဖွဲ့အစည်း နှစ်ခုလုံးသည် အင်းလေးကန်ဒေသတွင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် မြေယာစီမံခန့်ခွဲရေး စသည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်နေသည်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဓာတုဗေဒ ပိုးသတ်ဆေးဝါးသုံးစွဲမှုနှင့် ဓာတ်မြေသြဇာအပေါ် မှီခိုအားထားရတဲ့ စိုက်ပျိုးနည်း စံနစ်ကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီက အဲဒီစီမံကိန်းတွေမှာ တစိတ်တပိုင်းပါဝင်နေ ပါတယ်။ အဲ့ဒီအဖွဲ့တွေဟာ အခြားစိုက်ပျိုးရေး နည်းစနစ်တွေကို ပြောဆိုခြင်းမရှိကြပါဘူး”ဟု ဂရင်းစတီဗ်က ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုသည်။ [Top]

No comments: