ပအိုဝ်းအမျိုးသား အာဇာနည်နေ့ တို့များမမေ့ကြဖို့

စါင်ဖါအောင် နှင့် ဗွေးစါင်ပေ | အမြင်ဆောင်းပါး
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ယခုနှစ် မြန်မာနိုင်ငံတွင် အမျိုးသားအသီးသီးမှ အာဇာနည်နေ့ပွဲများကို ပိုမို၍ ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ခဲ့သည်ဟု စာရေးသူ သတိပြုမိသည်။ ယင်းကဲ့သို့ ဂျူလိုင် (၁၉) ရက်နေ့တွင် ကျရောက်သော (၆၈) ကြိမ်မြောက် အာဇာနည်နေ့ကို နိုင်ငံတော်အဆင့် ကျင်းပပြီးနောက် ကချင်အမျိုးသားအာဇာနည်နေ့ကို KIO မှ ဦးစီးပြီး သြဂုတ်လ (၁၀) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။ မရှေးမနှောင်းမှာပင် သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော (၆၅) ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည် နေ့အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ကြားသိခဲ့ရသည်။

ကရင်၏အာဇာနည်နေ့သည် ကရင်အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည့် KNU ဥက္ကဌကြီး စောဘဦးကြီး ကျဆုံးသည့်နေ့ကို အစွဲပြု၍ ကရင့်အာဇာနည်နေ့ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးစဉ်က KNU ဒု-ဥက္ကဋ္ဌမှာ သထုံ ဦးလှဖေ ခေါ် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖာဖြားဗွာလှဖေ ပင် ဖြစ်သည်။ ဥက္ကဋ္ဌကြီး ဖြားဗွာ (ဦး) လှဖေသည် KNU ဥက္ကဋ္ဌကြီး ကျဆုံးပြီးချိန်တွင် KNU ဥက္ကဋ္ဌအဖြစ် တာဝန်ပြန်ယူရန် KNU ဗဟိုခေါင်းဆောင်များက ကြေးနန်းစာပို့၍ ဖိတ်ခေါ်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ရောက်ရှိနေသော ဦးလှဖေသည် ပအိုဝ်းတော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ KNU ဥက္ကဋ္ဌ တာဝန်ကို ငြင်းပယ်ခဲ့သည်။

ခုနှစ်အားဖြင့် ၁၉၄၉ ဒီဇင်ဘာလတွင် ဖြစ်၍ ဒီဇင်ဘာ ၁၁ ရက်နေ့မှ စပြီး ပအိုဝ်းအမျိုးသား တော်လှန်ရေးကို စတင် ဦးဆောင်ခဲ့သည်။ စစ်တပ်တာဝန်ခံ ဗိုလ်ချုပ် ချန်စုံ၊ လူထုစည်းရုံးရေး ဆရာတော် ဦးနေမိ တို့နှင့်အတူ ပဒေသရာဇ်စံနစ် ခုခံတော်လှန်ရေး - ပအိုဝ်းအမျိုးသားလက်နက်ကိုင် လှုပ်ရှားမှုကို အရှိန်အဟုန် မြှင့်တင်နိုင်ခဲ့သည်။ ယင်းခဲ့သို့ ပအိုဝ်းအမျိုးသားတို့၏ မျက်စိ-နားကို ဖွင့်ပေးခဲ့သော ပအိုဝ်းတို့၏ လူနေမှုဘ၀ကို မြှင့်တင်ပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဦးလှဖေ သည် ဒုတိယတော်လှန်ရေး သက်တမ်းကာလအတွင်း ၁၉၇၅ ခု စက်တင် ဘာလ (၂၄) ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ 

ထို့ကြောင့် ပအိုဝ်းအမျိုးသားတို့အတွက် မီးရှူး တန်ဆောင်ဖြစ်သူ…. ရွာသူရွာသားများက “ ဖာဖြားဗွာ” ဟူသော ချစ်ခင်လေးစားမှု အပြည့်အ၀ဖြင့် ခေါ်ဆိုခြင်းခံရသူ ဦးလှဖေ ကွယ်လွန်အနိစ္စ ရောက်သည့်နေ့ကို အစွဲပြု၍ ပအိုဝ်းအမျိုးသား အာဇာနည်နေ့ဟု တရားဝင်သတ်မှတ်လာရခြင်း ဖြစ်သည်။

ပအိုဝ်းလူမျိုးတို့သည် နှိုင်းယှဉ်ချက်အရ အခြားလူမျိုးများနည်းတူ နေ့ကြီး-ရက်ကြီးများ သတ်မှတ်ထားရှိပြီး ဖြစ်သည်။ နှစ်စဉ် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ဟူ၍ လည်းကောင်း၊ ဒီဇင်ဘာ (၁၁) ရက်နေ့ကို ပအိုဝ်းအမျိုးသားခုခံတော်လှန်ရေးနေ့ အဖြစ်ဖြင့်လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနား ကျင်းပလေ့ရှိကြသော်လည်း အာဇာနည်နေ့ကိုမူ လွန်ခဲ့နှစ်များတွင် သိသာထင်ရှားစွာ ကျင်းပခဲ့ခြင်းမျိုး မတွေ့ရသည်မှာ ၀မ်းနည်းဖွယ်ရာ ထောက်ပြလိုပေသည်။

အမှန်တကယ်မှာ အာဇာနည်နေ့ဟူ၍ သတ်မှတ်ကျင်းပခြင်းသည် မိမိတို့၏ အမျိုးသားခေါင်းဆောင် အပေါ် လေးစားဂုဏ်ယူတတ်ရန်နှင့် ခေါင်းဆောင်ကြီးထံမှ ပုခုံးပြောင်းတာဝန်ပေးခဲ့သော အမျိုးသားရေးလုပ်ငန်းကို မမေ့မလျော့ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်လည်း ညွှန်းဆိုလျက် ရှိပေသည်။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ကြမ်းတမ်းခက်ခဲလှသည့် တောတွင်းတော်လှန်ရေးဘ၀ဖြစ်စဉ်များနှင့်အတူ ချုပ်နှောင်ခံရခြင်း၊ ထောင်သွင်းအကျဉ်းချ ခံရခြင်း၊ စသည့် ပေးဆပ်မှုများကိုလည်း နောင်လာနောက်သားတို့ မမေ့မလျော့ ရှိစေခြင်းငှာ “အာဇာနည်နေ့” ကို အရေးပေး သတ်မှတ်ပြဌာန်း ကျင်းပရန် လိုအပ်ပေသည်။

ထို့ကြောင့် ယခုနှစ် ၂၀၁၅ စက်တင်ဘာ (၂၄) ရက်နေ့ကို အနှစ် (၄၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲကို ပထမဦးဆုံး နေရာဒေသမရွေး အဖွဲ့အစည်းမရွေး ပိုမို၍ ခန်းနားစွာ၊ ကျယ်ပြန့်စွာ ကျင်းပပြုလုပ်ခဲ့သည်ကို စာရေးသူအနေဖြင့် ၀မ်းသာအားရမိပါသည်။ ထိုင်းနိုင်ငံရောက် ပအိုဝ်းရွှေ့ပြောင်းအလုပ်သမားများ၊ နယ်စပ်ဒေသ ဒုက္ခသည်စခန်းရှိ ပအိုဝ်းမိသားစုများ အနေနှင့်လည်း အာဇာနည်နေ့ကို တနိုင်တပိုင် ကျင်းပကြခဲ့သည်ဟု ကြားသိရသဖြင့် ၀မ်းသာဂုဏ်ယူမိပါသည်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းလူမျိုးများထူထပ်စွာနေထိုင်သည့် တောင်ကြီးမြို့ အနေဖြင့် နိုင်ငံရေးပါတီများ၊ လူငယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ စုပေါင်းပြီး အမျိုးသားရေးလက္ခဏာ တစ်ရပ်ဖြစ်သည့် အာဇာနည်နေ့ကိုလည်း ထိုက်ထိုက်တန်တန် ကျင်းပခဲ့ကြသည်ကို ကြားသိမြင်တွေ့ရသည့်အတွက် ဂုဏ်ယူမိပါသည်။ ခွန်ဖြားဗွာတိုင်း တောင်ပိုင်းရှိ ပန်တွန်းကျေးရွာကြီး အနောက်ဖက် တောင်ကြောပေါ်တွင် တည်ဆောက် ထားသော ဖာဖြားဗွာ ဦးလှဖေ မြှပ်နှံရာ သချိုင်းဂူသည် ပအိုဝ်းလူမျိုးတို့ အတွက် အာဇာနည်ဗိမာန်ပင် ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများကိလည်း လုပ်ဆောင်သင့်ကြောင်း စာရေးသူ အနေနှင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင်ကြသည့် ပအိုဝ်းမိသားစုများ အနေဖြင့်လည်း အာဇာနည် ပုဂ္ဂိုလ်ကြီးများအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ အလေးပြုခြင်း၊ တွေ့စုံမှုများနှင့် ငြိမ်သက်ပြီး ကျဆုံးပြီးသောခေါင်းဆောင်းများကို သတိရခြင်း စသည့်တို့ပြုလုပ်ခြင်းဖြင့် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်ကို ပြုလုပ်နိုင်ပါသည်။

အနှစ်လေးဆယ်ပြည့် ပအိုဝ်းအမျိုးသားအာဇာနည်နေ့နှင့် ပတ်သက်၍လည်း တာဝန်ရှိသူ အဖွဲ့အစည်း များက ထုတ်ပြန်ကြေညာချက်များ ထုတ်ဝေခြင်းအားဖြင့် ဂုဏ်ပြုသင့်ကြောင်း တိုက်တွန်းလိုပါသည်။

စါင်ဖါအောင်
နှင့်
ဗွေးစါင်ပေ


No comments: