မိမိစိုက်ပျိုးမြေများ အသိမ်းခံခဲ့ရသည့် ရွာ (၁၀) ရွာတို့မှ ဒေသခံများ၏ရင်ဖွင့်သံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးအုပ်စုအတွင်းမှ ပင်ငိုရွာ၊ မဲဟဲရွာ၊ နောင်ကာကယ်ရွာ၊ ညောင်ဖျူးရွာ၊ ထီအုန်းစိမ်းရွာ၊ အောင်းမူးရွာ၊ ဖောင်တော်ဆိပ်ရွာ၊ ကွန်ချောင်းရွာ၊ ပုံးစင်ရွာ၊ လှိုင်းငေါက်ရွာတို့မှ အမှတ် (၅) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းနှင့်
ပတ်သတ်ပြီး ရင်ဖွင့်သံများပြောကြားချင်ပါသည်။

ထိုရွာ (၁၀) ရွာမှ အများစုသည် လွန်ခဲ့သောနှစ်ပေါင်း (၆၀) ကျော်အတွင်းကပင် တည်ရှိခဲ့ခြင်းဖြစ်
ပါသည်။

ငြိမ်းချမ်းရေးရယူပြီးသော ပအိုဝ်းအမျိုးသား အဖွဲ့အစည်းများနှင့်အတူ အဖြူရောင် နယ်မြေအဖြစ် နိုင်ငံတော်မှ အသိအမှတ်ပြုပေးထားသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ ပအိုဝ်း၊ ရှမ်း၊ ဗမာလူမျိုးတို့ အများဆုံးနေထိုင်ပြီး စည်းလုံးစွာဖြင့် စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကိုင်ခဲ့ကြပါသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြပြီး၊ ဘာသာ သာသနာရေး၊ လူမူရေးများကိုလည်း စည်းစည်းလုံးလုံးဖြင့် ဆောက်ရွက်ခဲ့ကြပါသည်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး၊ ထိုမှ ရရှိသော အကျိုးအမြတ်တို့ဖြင့် စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး စသည်တို့ကို ရိုးသားစွာ ဖြေရှင်းခဲ့ကြပါသည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် အမှတ် (၅) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း တည်ဆောက်ရေးအတွက် မြေဧက (၅၀၀၀) ၀န်းကျင် သိမ်းဆည်းခံခဲ့ရပါသည်။ ထိုသိမ်းဆည်းခံခဲ့ရသည့် မြေတစ်ဝက်မှ ဒေသခံများ အဓိကစိုက်ပျိုးလုပ်ကိုင်နေသော စိုက်ပျိုးမြေများပင် ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့်အတွက် စိုက်ပျိုးမြေများ ဆုံးရှုံးမှုမှာ အလွန်ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်ပါသည်။ စိုက်ပျိုးမြေများ သိမ်းဆည်းခံခဲ့ရသည့် အတွက် စီးပွားရေးမှာလည်း အလွန်ကြပ်တည်း လာခဲ့ရပါသည်။

ယခင်က မိသားစုတစ်စုလုံး စိုက်ပျိုးခြံအတွင်း၌သာ စုပေါင်းလုပ်ကိုင်ခဲ့သောလည်း ယခုတော့ အခက်အခဲများကြောင့် အခြားဒေသများသို့ သွားရောက်ကာ မိသားစုတစ်ကွဲတစ်ပြားဖြင့် လုပ်ကိုင်နေကြရပါသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အတွက် တစ်ရွာနှင့်တစ်ရွာ ဘုရားများ ၊ ဘုန်းကြီးကျောင်းများကို တက်ရောက်ကြပါသည်။ သက်ကြီးရွယ်အို

ဘိုးဘွားများကိုလည်း သွားရောက်ကန်တော့ကြပါသည်။ ထို့ပြင် တစ်ရွာနှင့်တစ်ရွာ စီးပွါးရေး၊ လူမှုရေး စသည်တို့အတွက်ကိုလည်း ဆက်သွယ် သွားလာကြရပါသည်။

ထို့အတွက် ယခင်က တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်ထားသော လမ်းများ ရှိသော်လည်း စက်ရုံမှ မြေများသိမ်းယူသောအခါ ထိုလမ်းများလည်း ပါသွားခဲ့ပါသည်။ သို့အတွက် စက်ရုံမှ လမ်းဖောက်လုပ်သောအခါ သွားလာဆက်သွယ်ရေးအတွက် အခက်အခဲမရှိဟု ၀မ်းမြောက်
ဝမ်းသာဖြစ်ခဲ့ရသော်လည်း လမ်းများပြီးစီးသည့်နောက်ပိုင်းတွင် စက်ရုံအတွင်း နေထိုင်သူမဟုတ်သည့် ပြင်ပလူဖြတ်သန်းသွားလာခွင့်ကို လုံခြုံရေးဂိတ်များ ထား၍ ပိတ်ပင်လိုက်ပါသည်။ ထို့အတွက် ဒေသခံများမှာ သွားလာရေး ခက်ခဲကြရပါသည်။ လုံခြုံရေးဂိတ်များ ထားသည့်နောက်ပိုင်း စက်ရုံလမ်းကို အသုံးပြုသောရွာသားများမှာ လုံခြုံရေးအရာရှိ၏ ပါးရိုက်ခြင်းကိုပင်ခံခဲ့ရပါသည်။

ထို့ပြင် စက်ရုံဝန်းကျင်တွင် လုံခြုံရေးတာဝန်ကျသောအမှတ် (၉၀၃) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ လုံခြုံရေးများသည်၊ ရွာအတွင်း မည်သည့်အကြောင်းအရာမှ မရှိဘဲ သေနတ်ဖောက်ခဲ့ကြပါသည်။ ရွာသူရွာသားများနှင့် ကလေးသူငယ်များ ထိန့်လန့်ခဲ့ရရုံသာမက ရပ်ဝေးမှ လာသော ရွာ၏ဧည့်သည်များမှာလည်း ထိန့်လန့်ကာ အဖြူရောင်နယ်မြေ အဖြစ် သတ်မှတ်ထားသည်ကိုပင်လျှင် မယုံကြည်နိုင်သည်အထိ ဖြစ်ခဲ့ရပါသည်။

စက်ရုံအနေဖြင့် ဘုရားများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ သောက်ရေကန်များ ပြုပြင် တည်ဆောက်ပေးခဲ့သည်များလည်း ရှိပါသည်။ သို့သော် ဆုံးရှုံးနစ်နာခဲ့ရသော ဒေသများအတွက် အနည်းငယ်သာ ရရှိခဲ့ရပါသည်။

ထို့ပြင် အချို့သော တည်ဆောက်မှုများမှာ ဒေသခံများ၏ လုပ်အားများ၊ အလှူငွေများလည်း များစွာပါဝင်ပါသည်။ နောင်ကာကယ်ရွာရှိ ကံကော်ဘုန်းကြီးကျောင်းဆိုလျှင်ပင် စက်ရုံမှ ဦးစီးပြီးလုပ်ဆောင်ပေးခဲ့သော်လည်း ဒေသခံများ၏လုပ်အားများ၊ အလှူငွေများ တစ်ဝက်ပါဝင်သည်။

သူကြီးဘုရား ရွာသားကောင်းမှုဆိုသကဲ့သို့ ဒေသခံနှစ်ရာကျော်တို့က သုံးလကျော်သည်အထိ လုပ်အားပေး ကုသိုလ်ယူခဲ့ကြပါသည်။ မိမိတို့တတ်နိုင်သည့်ငွေကြေးများ လှူဒါန်းသည့်အပြင် အလှူခံမဏ္ဍပ်ထိုး၍ အလှူခံထားသော အလှူငွေများလည်း များစွာပါဝင်ပါသည်။

ထိုသို့အခက်အခဲများ ကြားထဲကပင် ဒေသခံများမှာလည်း အတတ်နိုင်ဆုံး ပါဝင်ခဲ့ကြပါသည်။ ယခင် ဤနေရာ ဤဒေသသည် အင်းလေးဒေသ စိမ်းလန်းစိုပြေရေးအတွက် မိုင် (၅၀) ပတ်လည် နှစ်ရှည်ပင်များ စိုက်ပျိုးရန် သတ်မှတ်ထားခဲ့ပါသည်။ ထို့အတွက် ဒေသခံများက နှစ်ရှည်ပင်များကို ယခင်ကထက် ပိုမိုအားထားပြီး စိုက်ပျိုးခဲ့ကြပါသည်။ စက်ရုံမှ မြေများသိမ်းယူသောအခါ ထိုနှစ်ရှည်ပင်များအတွက် နစ်နာကြေးကို လုံးဝမရရှိဘဲ သိမ်းဆည်းခံခဲ့ရပါသည်။

No comments: