ဥပဒေပေါ်ထွက်ပြီးမှ ရွေးကောက်ပွဲဝင်ရန်ကိစ္စ ပအိုဝ်းအဖွဲ့ဆုံးဖြတ်မည်

မျိုးမျိုးနှင့် ကျော်သူ

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားသည့် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီဖွဲ့စည်း ပြီး ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်ရ သေးကြောင်းနှင့် ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်ပြီးချိန်မှ ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီက လွန်ခဲ့သည့်သီတင်းပတ်က ရှမ်းပြည်နယ် တောင်ပိုင်း ကျောက်တစ်လုံးဒေသ၌ မြန်မာတိုင်း(မ်) နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"ရွေးကောက်ပွဲ ဥပဒေထွက်ပြီးမှ ကျွန်တော်တို့ ဆုံးဖြတ် ပါမယ်။ လောလောဆယ် ကျွန်တော်တို့မှာ ဘာမှပြင် ဆင်တာတွေ မရှိသေးပါဘူး။ ဒါပေမယ့် ပါတီဖွဲ့ဖို့သင့်တော် မယ်ဆိုရင် ကျွန်တော် တို့ ပါတီဖွဲ့ပါမယ်"ဟု၎င်းကပြောသည်။

၎င်းက PNO အနေဖြင့် တစ်ခုခုကို လုပ်ရန်ရှိသော်လည်း အစီအစဉ် အတိ အကျမရှိသေးကြောင်းနှင့် ပါတီဖွဲ့ပါက နိုင်ငံရေးပါတီသဘောထက် အဖွဲ့အစည်းတစ်ခု (သို့) အမျိုးသားရေးအဖွဲ့ အစည်းတစ်ခု အနေဖြင့် ဖွဲ့စည်းရန်ရှိ ကြောင်း ပြောကြားသည်။

ပါတီဖွဲ့စည်းပါက တောင်ကြီးခရိုင် နှင့် လွိုင်လင်ခရိုင်တို့တွင် အခြေစိုက်ပြီး အဆိုပါဒေသရှိ လူမှုစီးပွားရေး လုပ်ငန်း များကို လုပ်ကိုင်မည်ဖြစ်ကြောင်း ဦးအောင်ခမ်းထီက ဆိုသည်။

"ကျွန်တော်တို့ နေရာတိုင်းမှာ မပါဝင် ချင်ပါဘူး။ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေး အတွက်ပဲ လုပ်ကိုင်မှာပါ။ တစ်နိုင်ငံလုံး ရဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ အိပ်မက်တောင် မရှိပါဘူး"ဟု ၎င်းက ပြောကြားသည်။

PNO အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး ဥပဒေ ဘောင် အတွင်းသို့ ၀င်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

PNO အနေဖြင့် လက်နက်ကိုင် တောခိုရခြင်းမှာ ယခင်တစ်ပါတီစနစ် က ရှမ်းပြည်နယ်တွင် ကွန်မြူနစ်အဖွဲ့ များနှင့် အခြားလက်နက်ကိုင်အဖွဲ့များက ဒေသခံ ပအိုဝ်းတိုင်းရင်းသားများ အား ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့သဖြင့် ပအိုဝ်းဒေသအား ကာကွယ်ရန်ဖြစ် ကြောင်း ဦးအောင်ခမ်းထီက ပြော ကြားသည်။

ယခုအခါ နယ်မြေငြိမ်းချမ်းသွားပြီ ဖြစ်သောကြောင့် PNO အနေဖြင့် အထူးဒေသ(၆) ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကိုသာ လုပ်ကိုင်နေကြောင်း ၎င်းက ပြောကြားသည်။

"၁၉၉၁ ခုနှစ်ကနေ အခု ၂၀၀၉ ခုနှစ်အထိ ပအိုဝ်းဒေမှာ ကျပ်သိန်း ပေါင်း ၆,၇၇၄ သိန်းကျော် အကုန်အကျ ခံခဲ့ပြီး ကျောင်းတွေ၊ ဆေးရုံဆေးပေး ခန်းတွေ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ လျှပ်စစ်ဓာတ်အား ရရှိ ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်" ဟု ဦးအောင်ခမ်းထီက ပြောသည်။

၎င်းက အဆိုပါကုန်ကျငွေများသည် နိုင်ငံတော်၊ PNO နှင့် အခြားအလှူရှင်များ၏ ထည့်ဝင်ငွေများ ဖြစ်ကြောင်း ပြောကြားသည်။

ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO အဖွဲ့သည် အမျိုးသားညီလာခံ သို့ ၁၉၉၃ ခုနှစ်မှ စတင်ကာ တက် ရောက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့ တစ်ဖွဲ့လည်းဖြစ်သည်။

"ကျွန်တော်က အခြေခံဥပဒေအပေါ် မှာအကောင်းမြင်ရှိပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်း ပည် အတွက် ထွက်ပေါက်တစ်ခုလို့ မြင်ပါ တယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်တော် တို့ဒေသတစ်ခုတည်း တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် မျှော်လင့်ချက်လို့ ကျွန်တော်မြင်ပါတယ်"ဟု အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည့် ဦးအောင်ခမ်းထီက ပြောကြားသည်။

ယခုအခါ PNO သည် ပြည်သူ့စစ် အဖွဲ့ဖွဲ့စည်းရေးအတွက် နိုင်ငံတော်ထံ စာရင်းတင်ပြထားကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တွင် PNO မှ အဖွဲ့ဝင်ဦးရေ ၁,၃၅၀ ရှိကြောင်းနှင့် ၁,၃၀၀ သည် တပ်သားများဖြစ်ကာ ကျန် ၅၀ မှာ အရာရှိများဖြစ်သည်။

ထို့ပြင် ဦးအောင်ခမ်းထီသည် ၎င်းတို့ တိုင်းရင်းသားများအနေဖြင့် မြန်မာ နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား သံတမန်ဆက်သွယ်မူ ပြန်လည်ထူ ထောင်မည့် အစီအစဉ်အား ကန့်ကွက်ရန်မရှိကြောင်းကို အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ် အား ၎င်း၏ ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် ခရီးစဉ် အတွင်း တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု သိရသည်။

"ဂျင်ဝက်ဘ်က ကျွန်တော်တို့ (တိုင်းရင်းသား)တွေအနေနဲ့ မြန်မာနဲ့ အမေရိကန် သံတမန်ဆက်ဆံရေး ပြန် ထူထောင်မှာကို ကန့်ကွက်စရာရှိလားလို့ မေးတယ်။ ကျွန်တော်က မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ သံအဆက် အသွယ် ပြန်လည်ပြုလုပ်တာကို ကြိုဆိုပါတယ်လို့ ပြန်ပြောခဲ့တယ်"ဟု ဦးအောင်ခမ်းထီက ပြောကြားသည်။

ထို့ပြင် ၎င်းက PNO အနေဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် အထူးဒေသ(၆) တွင် ဖွံ့ဖြိုးတိုးတက်မူများ လုပ်ကိုင်ရန် နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတော်ထံမှ အကူအညီ များရရှိခဲ့ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ ငွေကြေးအကူအညီ တွေရော၊ စီးပွားရေးလုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရပြီး အစိုးရက ကျပ် သိန်း ၃၀၀ ကူညီခဲ့တယ်။ အဲဒီငွေကို အင်းလေးမှာ ဟိုတယ်ဆောက်ခဲ့တယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ ပြန် ဆပ်နိုင်ခဲ့တယ်" ဟု ၎င်းက ပြောသည်။

သို့သော် ယခုနှစ်တွင် ခရီးသည်နည်းသောကြောင့် အင်းလေးဒေသရှိဟိုတယ်များ တွက်ခြေမကိုက်ကြောင်း နှင့် PNO ၏ မိုင်းရှူးကျောက်မျက် တူးဖော်ရေးလုပ်ငန်းမှာ ကျောက်မျက်သိုက်များ တဖြည်းဖြည်း ကုန်ခန်း လာသောကြောင့် ကျောက်ထွက်နည်းလာကြောင်း ၎င်းက ပြောသည်။

"ဒါပေမယ့် ကျောက်စိမ်းလုပ်ငန်း ကတော့ အောင်မြင်နေပါတယ်" ဟု ဦးအောင်ခမ်းထီက ပြောကြားသည်။

http://www.myanmar.mmtimes.com/2009/news/435/n004.htm

No comments: