အဂတိလိုက်စားမှုကြောင့် တရားသူကြီးများ အလုပ်ဖြုတ်ခံရ




http://burmese.dvb.no/news.php?id=8710

======================

သို့

ဒီမိုကရစ်တစ်မြန်မာ့အသံမှ တာဝန်ရှိသူများ


ရက်စွဲ အောက်တိုဘာ ၁၄ ရက်၊ ၂၀၀၉ ရက်နေ့တွင် ဒီမိုကရစ်တစ်မြန်မာ့အသံမှ အွန်လိုင်း ၀ပ်ဆိုဒ်ဖြစ်တဲ့ http://burmese.dvb.no/news.php?id=8710 မှ တင်ပြသည့် "အဂတိလိုက်စားမှုကြောင့် တရားသူကြီးများ အလုပ်ဖြုတ်ခံရ" သတင်းခေါင်းဖြင့် ဖတ်ရှုလိုက်ရပါတယ်။


ဒီသတင်းကို ဖတ်လိုက်တော့ ကျနော်စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော် တောင်ကြီးကပါ၊ ဒီသတင်းတစ်ပုဒ်ထဲမှာ ပါဝင်နေတဲ့ တရားခံတွေကတော့ တရားသူကြီး ၃ ဦး။ မူးယစ်ဆေးဝါးတရားခံ ခွန်တလွာအပါအ၀င် ၄ ဦး။ ချစ်ကမ္ဘာ မွေ့ယာပိုင်ရှင် ဒေါ်ခင်ဝင်း၊ တိုင်းမှူး၊ ဒု-တိုင်းမှူး၊ ရပခ ဂျီဝမ်းကတော်၊ မူးယစ်ဆေးအထူးတပ်ဖွဲ့က ရဲအုပ်လှထွဍ်နဲ့ ဒု-ရဲအုပ် ၂ ယောက်။ ရပခ ဒု-ဗိုလ်မှူးကြီးမောင်မောင်မြင့်ရဲ့ဇနီး ဒေါ်လဲ့လဲ့ဦး အားလုံး ၁၄ ယောက်ပါဝင်တယ်။ အဲဒီအထဲမှာ ထူးထူးဆန်းဆန်းဖြစ်တာကတော့ ခွန်တလွာ တယောက်ကိုပဲ သူ့လူမျိုးအမည်ကိုပါ တပ်ပြီးထည့်ရေးတာကို အံ့သြစွာတွေ့ရပါတယ်။ ကျန်တဲ့ တရားခံတွေ၊ အထူးသဖြင့် တရားသူကြီး ၃ ဦး၊ တိုင်းမှူးကတော်နဲ့ မွေ့ယာဆိုင်ပိုင်ရှင်မတို့ကျတော့ နာမည်သာတပ်ပြီး ၄င်းတို့လူမျိုးအမည်ကို ပါဝင်ဖေါ်ပြခြင်းမရှိတာကို တွေ့ရတယ်။ ဥပမာ ဗမာလူမျိုးဖြစ်တဲ့ တရားသူကြီး၊ ကရင်လူမျိုးဖြစ်တဲ့ တိုင်းမှူးကတော် (သို့)မွေ့ယာပိုင်ရှင်စသဖြင့်။ သို့သော် ခွန်တလွာတစ်ယောက်တည်းကိုသာ လူမျိုးနာမည်တပ်တာကို နားမလည်ပါ။ အဘယ်ကြောင့် ဤကဲ့သို့ ကွဲပြား ခွဲခြားပြီး ရေးသားဖေါ်ပြခဲ့ရတာကို သတင်းရှုတောင့်ကနေဖြစ်စေ၊ မည်ကဲ့သို့ရှုတောင့်ကနေဖြစ်စေ DVB မှ တာဝန်ရှိသူတွေ (သို့) သတင်းရေးသားသူ နော်စေးဖော တို့မှ ရှင်းပြစေလိုပါတယ်။



လေးစားမှုဖြင့်

တောင်ကြီးသား

----------
ဤသတင်းနှင့် စပ်လျဉ်း၍ တောင်ကြီးသားမှ DVB သို့ ပို့စာကို ပြန်လည်ဖေါ်ထားခြင်းဖြစ်သည်။

No comments: