ပအိုဝ်းအမျိုးသားနေ့အပေါ် ပအိုဝ်းလူငယ်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်

တပေါင်းလပြည်နေ့ "ပအိုဝ်းအမျိုးသားနေ့"
ပအိုဝ်းလူငယ်အစည်းအရုံး (PYO)၏ ထုတ်ပြန်ကြေငြာချက်
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ (မတ်လ ၂၃ ရက်၊ ၂၀၁၆ ခုနှစ်)

ပအိုဝ်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကောဇာသက္ကရာဇ် (၁၃၇၇) ခုနှစ်၊ တပေါင်းလပြည့်နေ့၊ (ခရာဇ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့)သည် ပအိုဝ်းအမျိုးသားများအားလုံး အလေးအနက်တန်ဖိုးထားပြီး မမေ့အပ်သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်နှင့် အညီ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးဖြစ်သည့် ပအိုဝ်းသံဃာတော်များ၊ ပြည်သူများ၊ လူငယ်အမျိုးသမီး၊ အမျိုးသားထုများ ပါတီများနှင့် တခြားသော ဘဝတူညီနောင်တိုင်းရင်းသားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်အတူ အောင်မြင်တိုးတက်ရေးအသီးအပွင့်များ ပျော်ရွှင်စွာရရှိစေခြင်း အလို့ငှာ ဦးစွာပဏာမ ပအိုဝ်းလူငယ်အစည်းအရုံးမှ ဆုမွန်ကောင်းတောင်း ဆန္ဒပြု နှုတ်ခွန်းဆက်သအပ်ပါသည်။

ဘီစီ (၆) ရာစု၊ မဟာသက္ကရာဇ် (၂) ခုနှစ်၊ တပေါင်းလပြည့်၊ နေထွက်စ လဝင်ခါနီးချိန်တွင် ရာဇာသက္ကမင်းကြီးနှင့် ကလျာဏဒေဝီမိဖုရားမှ သူရိယစန္ဒာမင်းသားကို ဖွားမြင်ခဲ့ပါသည်။ သူရိယစန္ဒာမင်းသားသည် ခမည်းတော်နတ်ရွာစံပြီးနောက် မင်းအဖြစ် ဆက်ခံခဲ့သည့်နေ့မှစ၍ သုဝဏ္ဏဘူမိ သထုံပြည်သည် တိုးတက်သာယာလာပြီး ပအိုဝ်းအမျိုးသားများ၏ ဂုဏ်ရောင်ကို မြှင့်တင်ပေးသည့် မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်၍ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတဝှမ်းတွင်ပျံ့နှံ့စွာမှီတင်းနေထိုင်ကြသော ပအိုဝ်းအမျိုးသားများသည် ပအိုဝ်းအမျိုးသားနေ့ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စည်းကားသိုက်မြိုက်စွာကျင်းပကြပြီး ရန်ကုန်နှင့် မန္တလေး အပြင် ထိုင်း၊ စင်္ကာပူ၊ မလေးရှားနှင့် အမေရိကန်နိုင်ငံများသို့ ရောက်ရှိနေကြသော ပအိုဝ်းအမျိုးသားများသည်လည်း မိမိတို့ အမျိုးသားများ၏နေ့ထူးနေ့မြတ်ဖြစ်သည့် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကိုနှစ်စဉ်ကျင်းပ ကြသည်ကိုတွေ့ရှိရသည်။

သို့သော် မိမိတို့ ပအိုဝ်းအမျိုးသားများ၏ တူညီသော အမျိုးသားရေးလက္ခဏာကို ပီပီပြင်ပြင် ပေါ်လွင်လာအောင် ဖော်ဆောင်လုပ်ကိုင်သည့်နေရာမှာ အားနည်းနေသည်ကိုတွေ့ရှိနေရသည်။ ထို့ကြောင့် မိမိတို့၏ မျှော်မှန်းထားသည့် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး၏ တူညီသော အမျိုးသားရေးမူတစ်ရပ် ချမှတ်အကောင်အထည်ဖော်နိုင်ရေးမှာ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဟုသတ်မှတ် ထားပါသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသားရေးမူတစ်ရပ် ပေါ်ပေါက်လာရန် ပအိုဝ်းအမျိုးသားထုများ ပအိုဝ်းသံဃာတော်များ၊ ပအိုဝ်းလူမှုအခြေပြုအဖွဲ့အစည်းများ၊ လူငယ်အမျိုးသမီး အမျိုးသားအဖွဲ့အစည်းများ၊ ပါတီများနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအားလုံး အတူတကွလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် မှသာလျှင် မိမိတို့၏ ရည်မှန်းထားသော ပအိုဝ်းအမျိုးသားကို ပီပီပြင်ပြင်ဖော်ဆောင်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

မိမိတို့ ပအိုဝ်းလူငယ်များသည်လည်း လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အချိန်ကာလတွင် ပအိုဝ်းအမျိုးသားထုများ တက်ကြွနိုးကြားစွာ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သော စွမ်းရည် အသိပညာ ဗဟုသုတများရှာဖွေလေ့လာ၍ စွမ်းရည်ပြည့်ဝစွာဖြင့် ဦးဆောင်နိုင်မည့် အခန်းကဏ္ဍတွင် ရောက်ရှိအောင် ပြင်ဆင်လုပ်ဆောင်ကြရမည်ဖြစ်ပြီး လူငယ်များအချင်းချင်း အတူတကွလက်တွဲ၍ ပူးပေါင်းပါဝင်လုပ်ကိုင်နိုင်မှသာလျှင် မိမိတို့၏ ရည်မှန်းချက်များသို့ ရောက်ရှိနိုင် မည်ဖြစ်သည်။

မိမိတို့ ပအိုဝ်းလူငယ်အစည်းအရုံးသည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဖြင့် ငြိမ်းချမ်းရေးအပြည့်အဝရှိသော လူ့ဘောင်သစ် တစ်ရပ်နှင့် စွမ်းရည်ပြည့်ဝသော အနာဂါတ် ခေါင်းဆောင်များ ပေါ်ထွန်းရမည် ဟူသော အန္တိမပန်းတိုင် ကိုချမှတ်ထားပြီး လက်ရှိအချိန်တွင် မိမိတို့ လူငယ်အစည်းအရုံးမှ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

ပအိုဝ်းလူငယ်အစည်းအရုံး၏ချမှတ်ထားသော ရည်ရွယ်ချက်များဖြစ်သည့် (က) လူငယ်ထုများ၏ ကိုယ်ပိုင်အရည်အသွေးနှင့် ဖန်တီးနိုင်မှုစွမ်းအား ပိုမိုမြှင့်မားရန်၊ (ခ) ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတို့ကို ပအိုဝ်းပြည်သူနှင့်လူငယ်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) မြန်မာနိုင်ငံ၌ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် ရည်ရွယ်ချက်တူ အခြားလူငယ်များဖြင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ (ဃ) အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်များ ပိုမိုပါဝင်ရန်နှင့် (င) ပအိုဝ်းလူမျိုးတို့၏ စာပေနှင့် ဓလေ့ထုံးတမ်းများကို ဖော်ထုတ်မြှင့်တင် ထိန်းသိမ်းရန် နှင့်အတူ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးအတွက် စွမ်းစွမ်းတမံဖော်ဆောင်လုပ်ကိုင်မည်ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးစသည့် တိုင်းရင်းသားများအရေးသည် အာဏာရှင်ဆန်သောအုပ်ချုပ်မှု စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေးစီတည်ဆောက်မှသာလျှင် ရရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အာဏာရှင်ဆန်သောအုပ်ချုပ်မှုချုပ်ငြိမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးသည် တိုင်းရင်းသားလူမျိုးများအားလုံး ညီညာစွာလက်တွဲပြီး တပ်ပေါင်းစုအင်အားဖြင့်သာ အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ခရာဇ်သက္ကရာဇ် (၂၀၁၆) ခုနှစ်၊ မတ်လ ၂၃ ရက်၊ ကောဇာသက္ကရာဇ် (၁၃၇၇) ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO)
၂၀၁၆ ခုနှစ် ၊ မတ် ၂၃ ရက်

No comments: