ပါတီကြည့်ပြီးမဲပေးမလား လူကိုကြည့်ပြီးပေးမှာလား

ခွန်မျိုးမြင့်မြတ် | အမြင်ဆောင်းပါး
နိုင်ဝင်ဘာ ၁ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ရွေးကောက်ပွဲရက်က နီးကပ်နေပါပြီ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီကြီးငယ်တွေ တိုင်းရင်းသားပါတီနဲ့ တသီးပုဂ္ဂိုလ် လ ကိုယ်စလှယ်လောင်းများ အပြိုင်အဆိုင်မဲဆွယ်မှုက အထွတ်အထိတ်ကို ရောက်နေချိန်ဖြစ်ပါတယ်။ ထွက် ပေါ်လာမဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ လာမဲ့ငါးနှစ်စာ တိုင်းပြည်ကို စီမံခန့်ခွဲမှု တာဝန်တစ်ရပ် တည်းသာ မကပဲ အနာဂါတ် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံးအတွက် ဘဝကံကြမ္မာလမ်းကြောင်း အခင်းအကျင်းကိုပါ သက်ရောက်လာစေမှာဖြစ်ပါတယ်။ 

ပင်လုံစာချုပ်ချိုးဖေါက်ခံရမှုကအစ မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ်များရဲ့ဖိနှိပ်မှုအောက်မှာ လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရပြီး ယနေ့အထိလည်းခံစားနေရဆဲဖြစ်ပါတယ်။ ဒီခါးသည်းနာကျင်မှု သင်ခဏ်းစာ အတွေ့အကြုံများနဲ့ ကမ္ဘာလူ့ အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေတဲ့ ဘာသာရေးအစွန်းရောက်တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများ တဖက်နိုင်ငံ မှာ ရင်ဆိုင်နေရတဲ့လူဦးရေပေါက်ကွဲမှုနှင့်အတူ အစွန်းရောက် အကြမ်းဖက် မှုအန္တရာယ် မြင့်မားလာမှု မိမိ တို့နိုင်ငံကိုကူးစက်မလာဖို့ ဒီအချက်များကိုအခြေခံပြီး သတိတရား၊ အဆင် ခြင်တရား၊အမြော်အမြင်ရှိရှိ ကျနော်တို့ရဲ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမှာဖြစ်ပါတယ်။

အားလုံးသိပြီးကြတဲ့အတိုင်း ပါဝင်ယဉ်ပြိုင်ကြမည့်အထဲမှာ စစ်တပ်ကြောထောက်နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွင့်ဖြိုး ရေးပါတီ(USDP) နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံတဝန်လုံးလိုလိုမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီငယ်များနဲ့ တိုင်းရင်း သားပါတီများကတော့ သက်ဆိုင်ရာဒေသအလိုက် ဝင်ရောက်ယှဉ်ကြမှာဖြစ်ပါတယ်။ ကြံ့ခိုင်ဖွင့်ဖြိုရေးပါတီကို ပထမကြည့်ရအောင်ပါ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီဟာ တဖက်သတ်မဲဆွယ်စည်းရုံးမှု၊ အခြားအထူးအခွင့်အရေးများ နဲ့ ၂၀၁၀မှာအပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရအဖွဲ့နဲ့လွတ်တော်နှစ်ရပ်လုံးကို ချုပ်ကိုင်ထားခဲ့ကြပါတယ်။ လောလောလတ်လတ် စစ်ယူနီဖေါင်းချွတ်လဲပြီး ဖွဲ့စည်းထားတဲ့ အစိုးရနဲ့လွတ်တော်ကိုယ်စလှယ်များဖြစ်လို့ စစ်အစိုးရပုံစံနဲ့ လက်ညိုးထောင်ခေါင်းညိတ်လွတ်တော်သာဖြစ်မယ်လို့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မျှော်လင့်ထားကြပါတယ်။

သို့သော် ဦးသိန်းစိန်အစိုးရဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးအကျဉ်းသားအချို့လွတ်ပေးခြင်း၊ အဝေးရောက်တက်ကြွလှုပ်ရှားသူ များကို ပြည်တော်ပြန်ဖို့ဖိတ်ခေါ်ပြီး နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်အချို့ပြုပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ လူမှု အခြေပြုအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုပေးခဲ့ပါတယ်။ လူထုတောင်းဆိုမှုအရ မြစ်ဆုံရေကာတာစီမံကိန်းကို လည်း ရပ်ဆိုင်းပေးလိုက်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးရယူပြီး အနာ ဂါတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကမ်းလှမ်း ချက်နဲ့ တနိုင်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ရဲ့အစိုးရ အဖွဲ့ထဲက ပြောင်းလည်းမှုကိုမလိုလားတဲ့ hard liner များအဖြစ်လူသိများတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး တို့လို ပုဂ္ဂိုလ်များကိုအနားပေးတာတွေ အရွေ့အပြောင်းတွေလုပ်လာတဲ့အခါမှာ နိုင်ငံတကာနဲ့ စောင့်ကြည့် လေ့လာသူတွေအံ့အားသင့်ကြရပြီး ပြည်သူလူထုများမျော်လင့်ချက် ထားရှိလာကြပါတယ်။ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်နိုဘယ် လ်ငြိမ်းချမ်းရေးဆုအတွက်အမည်စားရင်းတင်သွင်းခံရသူငါးဦးအနက် တစ်ဦးအပါအဝင် အဆင့်အထိတွေဖြစ်လာခဲ့ပြီး လေ့လာစောင့်ကြည့်သူများက မြန်မာပြည်ဟာ တောင်အာဖရိက သမတ ရာဆင် မင်ဒဲလ်လားလို ဒီမိုကရေစီသူရဲကောင်းဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုဗီယက်သမတ မီခေးဂိုဘာချော့ဗ်လို ပြု ပြင်ပြောင်းလဲသူ ဦးသိန်းစိန် တို့ကိုတပြိုင်နက်ထဲရခဲ့ကြတယ်လို့ ချီးမွန်းခန်းထုတ်ခဲ့ကြပါတယ်။ တဖက်က လက်ညိုးထောင်ခေါင်းညိတ်အဆင့်သာခန့်မှန်းထားကြတဲ့ လွတ်တော်မှာလည်း သူရဦးရွှေမန်း၊ သူရဦး အောင်ကိုးတို့ရဲ့ လက်တွဲခေါ်ဆောင်မှုကြောင့် အတိုင်းအတာတစ်ရပ်အထိ သက်ဝင်လှုပ်ရှားလာပါတယ်။

သို့သော် သုံးနှစ်သက်တမ်းကျော်လာမှာတော့ ပြောင်းလဲမှုအရှိန်ရပ်တံ့လာပြီး တက်ကြွလှုပ်ရှားသူနဲ့ မီဒီယာ သမားအချို့ ဖမ်းဆီးတရားစွဲထောင်ချတာတွေ၊ ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နှင်းတာ၊ ကျောင်း သားခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲရလဒ်များကို လင့်လျူရှုဖေါက်ဖျက်တာတွေဖြစ်လာတော့ နောက်ကြောင်း ပြန်လည့်ပြီလားလို့ သံသရတွေပွါးလာရပါတယ်။ အစိုးရတက်ခါစ ကျွေးကျော်ချက်ဖြစ်တဲ့ သန့်ရှင်းသော အစိုး ရနဲ့ဆင်းရဲမှုလျှော့ချရေးများကလည်းခရီးမပေါက်ခဲ့ပါဘူး ဒီလိုအခြေနေမှာ အတိုက်အခံ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပုဂ္ဂိုလ်ချင်းရင်းနှီးပြီး အပြောင်းအလည်းလိုလားသူ ပါတီရဲ့ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့သူရဲ့အုပ်စု တာဝန်ကဖယ်ရှားခံကြရတော့ အပြောင်းအလဲလိုလားသူ ပြည်သူများရဲ့ယုံကြည်မှု ပိုလို့ကျဆင်းစေရပါတယ်။ အပြောင်းအလဲအရှိန်အဟုန် ရပ်တံ့သွားတာနဲ့ သူရဦးရွှေမန်းအုပ်စု ဖယ်ရှားခံရခြင်းဟာ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ အနေနဲ့ အပြောင်းအလဲကို အကန့်အသတ်ဖြင့်သာသွားလိုကြောင်း ခန့်မှန်းရမှာပါ။ တစ်နည်းအားဖြင့် စစ်တပ် ရဲ့အခန်းကဏ္ဍနဲ့အကျိုးစီးပွါးကို မထိပါးတဲ့အဆင့်အထိသာ ပြောင်းလဲနိုင်မှာဖြစ်လို့ စစ်မှန်တဲ့ အပြောင်းအလဲ လိုလားသူ ပြည်သူများအတွက် အားထားယုံကြည်လောက်စရာ မရခဲ့ပါဘူး။ တဖက်မှာတော့ တပိုင်းတစ ငြိမ်း ချမ်းရေး၊ ရခိုင်အရေးကိုင်တွယ်မှုနဲ့ မျိုးစောင့်ဥပဒေအတည်ပြုပေးခဲ့တဲ့အချက်များကို အနာဂါတ်အမျိုးသားရေး၊ ဘာသာရေး ရင်မအေးကြတဲ့ မိဘပြည်သူများကို နှစ်သိပ်အားပေးမှု ဖြစ်စေခဲ့ပါတယ်။ ဆက်လက်ပြီး ပြိုင်ဖက် NLD ပါတီဖက် ကြည့်ကြရအောင်ပါ၊ အဖွဲ့ချုပ်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနှိင်ရခဲ့ပေမဲ့ စစ် အစိုးရက လွတ်တော်ခေါ်ယူခွင့် မပြုခဲ့တဲ့အပြင် ခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကို နေအိမ်အကြယ်ချုပ်ချထားလိုက်ပြီး လွတ်တော်အမတ်အချို့ကို ဖမ်းဆည်းထောင်ချခြင်း ခြိမ်းချောက် အကြပ်ကိုင်ပြီး နုတ်ထွက်သွားကြအောင် ဖိအားပေးမှုတွေ ခံခဲ့ကြရပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစု ကြည်နဲ့ဦးတင်ဦးတို့ဟာ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင် စတဲ့တိုင်းရင်းသားပါတီများနဲ့ လွတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကိုဖွဲ့စည်းကာ စစ်အစိုးရကိုဆန့်ကျင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဆက် လက်တောင်းဆိုခဲ့ကြပါတယ်။

စစ်အစိုးရရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ယင်းဥပဒေကိုအခြေခံကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို သပိတ်မှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အခြေခံဥပဒေပြင်ဆင်ရေး ကျွေးကျော်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွတ်တော်အမတ်အချို့တို့ လွတ်တော်ထဲကိုရောက်လာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မှုမှာ သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ နဲ့၊ သမတ ဖြစ်ခွင့် ၅၉(စ) တို့ကို ပြင်ဆင်နိုင်ဖို့ စစ်တပ်ကိုဆွဲဆောင်စည်းရုံးမှုက အောင်မြင်မှုမရခဲ့ပါဘူး။ ရခိုင်နဲ့ ကချင် အရေးအခင်းမှာ ပြည်တွင်ရောပြည်ပကပါ အသံတွေ ပွက်လောရိုက်နေချိန်မှာ NLD ရဲ့ တုံ့ပြန်မှုက နှောက်နှေး တိုးညှင်းနေခဲ့လို့ ဝေဖန်သုံးသပ်မှုတွေခံခဲ့ရပါတယ်။ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အများယုံကြည်လေးစားတဲ့ ဦးကိုကိုကြီးနဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ နိုင်ငံရေး သမားအချို့ကို ခွင့်မပြုပေးခဲ့လို့ ထောက်ခံသူများအားမလိုအားမရ ခံစားကြရပါတယ်။

NLD ကို စိန်ခေါ်မှု အဖြစ်ဆုံး ဖြင့်စေမည့် ပြဿနာကတော့ မကြာခင်ကမှအတည်ပြုခဲ့ပြီး နိုင်ငံတဝှမ်းခြိမ့်ခြိမ့်သဲ အောင်ပွဲခံကျင်းနေတဲ့ မျိုးစောင့်ဥပဒေ ကိစ္စပဲဖြစ်ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းရေးမှာ NLD လွတ်တော်အမှတ်များ ကန့်ကွက်ခဲ့ကြတော့ NLD သာ အစိုးရဖြစ်ပြီး လွတ်တော်ကို စိုးမိုးခဲ့ရင် ဤဥပဒေများနှင့် ၈၂ ခုနှစ် နှိင်ငံသား ဖြစ်ခွင့်ဥပဒေ ဆက်လက်မတည်မြဲမှာကို စိုးရိမ်မှုနဲ့ ထောက်ခံသူအချို့ တွေဝေသွားကြပါတယ်။ အယူအစွဲ ပြင်း ထန်တဲ့ လူမျိုးကွဲဘာသာခြားများနဲ့ လက်ထပ်ထိမ်းမြားကြတဲ့ ပြည်ထောင်စုတိုင်းရင်းသား အမျိုးသား အမျိုး သမီးများမှာ တဖက်ဘာသာခြားရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းအရလည်းကောင်း၊ နောက်ကွယ်မှ ဘာသာ ရေးအသင်းအဖွဲ့အရလည်းကောင်း ဖိအားပေးသိမ်းသွင်းမှုများခံလာကြရပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း အစွန်းရောက်အကျန်းဖက်ကြတာတွေ နားမဆန့်အောင်ကြားလာကြတော့ ရဟန်းသံဃာနဲ့မိဘပြည်သူများမှာ စိုးရိမ်မှု၊ မလုံချုံမှု၊ ခံပြင်းမှုများ ခံစားလာကြရပါတယ်။ ဒုတိယအချက်ကတော့ ဧရာဝတီသတင်းမှာပါရှိတဲ့ အင် တာဗျူးကဏ္ဌမှာ “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော(By ဆလိုင်းသန့်စင် On October 12, 2015 @ 12:50) ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေါ်ပြချက် အပုဒ် ၅ မှာ “NLD အစိုးရဖွဲ့နိုင်ပါက ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်သူအများလိုလားနေသည့် စစ်တပ် ကိုယ်စား လှယ် ၂၅% လျှော့ချရေး၊ ၅၉(စ)နှင့် ၄၃၆ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိုဦးစားပေးဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာများလူနည်းစု အခွင့်အရေးများကို အသိအမှတ်ပြုပေးရေးအား ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာလူမျိုးများ၏ လူနည်းစုအခွင့်အရေးများကို အသိအမှတ်ပြုပေးရေး အား အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာတော်သန့်ရှင်းရေးအတွက် နိုင်ငံရေးလုပ်နေ သော ဘုန်းကြီးများအား သံဃာမဟာနာယက အဖွဲ့ကြီးမှ အရေးယူပေးရေးအား ဆောင်ရွက်သွားမှာဖြစ် ကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်” လို့ပါရှိပါတယ်။ မူလဋ္ဌာနေတိုင်းရးသားမဟုတ်တဲ့ လူမျိုး တစ်မျိုး၊ အထူးသဖြင့် အခြားနိုင်ငံက အဓိကလူမျိုးတစ်မျိုးကို ဋ္ဌာနေတိုင်းသား လူမျိုးစုအဖြစ် အသိအမှတ်ပြု ပေးမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ရခိုင်တိုင်းသားတို့ရဲ့ အမျိုးသားရေး၊ လူမျိုးကိုအခြေခံတဲ့ အမျိုးသားတန်းတူရေး၊ ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးခြိမ်းချောက်လာမယ့် ပြဿနာတစ်ရပ်ပါ။ စိုးရိမ်မှု မလုံခြုံမှု၊ ခံပြင်းမှုများဟာရှည်ကြာလာရင် အမုန်းတရား ကို ပေါက်ဖွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မတော်တဆပဲဖြစ်ဖြစ်၊ တောမီးလှောင် တောကြောင်လက် ခမောင်းခတ်လုပ်လိုသူတို့ရဲ့ လှုံ့ဆော်ဖန်တည်းမှုဖြစ်စေ ပေါ်ပေါက်လာခဲ့ရင် ယမ်းပုံပေါ်ကိုမီးကျသလို အဖြစ် ဆိုးနဲ့ကျုံတွေ့ကြရမှာပါ။ ယခုမျိုးစောင့်ဥပဒေဟာ မိဘပြည်သူတို့ရဲ့ စိုးရိမ်ကြောင့်ကျမှုနဲ့သံသရများကို ဖြေ လျော့ပေးနိုင်မှာဖြစ်တဲ့အတွက် နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ ယုံယုံကြည်ကြည် ယှဉ်တွဲနေနိုင်သွားကြမှာ ဖြစ်လို့ အစဉ်အမြဲတည်ရှိအပ်တဲ့ဥပဒေများဖြစ်ပါတယ်။

ချုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါမှာ ပြည်သူလူထုလိုလားတောင်းတနေကြတဲ့ အပြောင်းအလဲကို ကြံ့ခိုင်ရေး ပါတီဦးဆောင်ပြီးသွားမည်ဆိုပါက ဖင့်နွဲကြန့်ကြာနေမှာဖြစ်ပြီး ပြည်သူတို့ရဲ့လူမှုဘဝဖွင့်ဖြိုးရေး နှောက်နှေး သွားမှာဖြစ်ပါတယ်။ Change လို့ကြွေးကြော်နေတဲ့ အဓိကအတိုက်အခံပါတီNLD ရဲ့ ဦးဆောင်မှုမှာတော့ အမျိုးသားလုံချုံရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ရန် စိုးရိမ်ပူပန်ရပါတယ်။ မတည်ငြိမ်မှု ရုန်းရင်းဆန်ခတ် မှုများဟာ တိုင်းပြည်ကို နောက်ကြောင်းအမှောင်ထုထဲ ချက်ချင်းလက်ငင်း ကျရောက်သွားစေနိုင်ပါတယ်။ ထို့ ကြောင့် မိမိတို့ကိုယ်စားလှယ်ရွေးချယ်ရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ စိတ်ဓါတ်၊ အရည်အချင်း၊ စွန့်လွတ်အနှစ် နာခံမှု ဆိုတဲ့ လူရည်လူသွေးကိုသာ အဓိကကြည့်ပြီး ရွေးချယ်မှုက သာ ပို၍ လက်တွေ့ကြပြီး မိမိတို့ဒီမိုကရေစီ ခရီးကို တည်တည်ငြိမ်ငြိမ်နဲ့သွက်သွက်လက်လက် ခရီးဆက်နိုင်မှာပါ။

တိုင်းရင်းသားဒေသများမှာဆိုပါကလည်း မိမိတို့တိုင်းရင်းသားပါတီနဲ့ ကိုယ့်လူမျိုးတသီးပုဂ္ဂိုလ်လ ကိုယ်စား လှယ်များကိုသာ ရွေးချယ်ကြပါလို့ အကြံပြုပါရစေ။ မိမိတို့တိုင်းရင်းသားများလိုလားနေကြတဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စုတပ်မတော်ဖြစ်လာရေး၊ မိမိတို့ကိုးကွယ်ရာဘာသာ၊ စာပေ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာနဲ့ မျိုးနွယ်စုစိတ်ဓါတ်တွေ ရှင်သန်မြင့်မားနိုင်အောင် ထမ်းဆောင်မည့်သူ များဟာ မိမိတို့ကာယကံရှင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားပါတီကသာ နက်ရှိုင်းသောနှလုံးအသိခံစားမှုက နေ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ကြမှာဖြစ်ပါတယ်။ မိမိတို့ဒေသများမှာခံစားနေကြရတဲ့ မြေရာပြဿနာ များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ္တုတူးဖေါ်ရေး၊ ရေကာတာဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းစေ တဲ့ စက်ရုံ၊ သစ်တောပြုံးတည်းမှု စသဖြင့် ထိမ်းသိမ်းကာကွယ်ရန်နဲ့ အကျိုးခံစားခွင့်များမဆုံးရှုံးစေဖို့အတွက် မိမိတို့ သွေးရင်းသားရင်းပါတီအဖွဲ့အစည်းများကသာ ပိုပြီးလက်တွေ့ကျကျ ထိထိရောက်ရောက် ထန်းဆောင် ပေးနိုင်ကြမှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ မိမိရဲ့ကိုယ်စားလှယ်ဟာ အရည်အချင်းရှိပြီး တိုင်းပြည်နဲ့ ပြည်သူလူ ထုအကျိုးကို စိတ်ကောင်းစေတနာကောင်းဖြင့် ကိုယ်ကျိုးမဖက်လုပ်ဆောင်နိုင်မည့်သူ၊ ပြည်ထောင်စုစိတ်ဓါတ် ဖြင့် အမျိုးဘာသာတိုးတက်ကြီးပွါးရေးအတွက် စွမ်းစွမ်းတမံ ထန်းဆောင်မည့်သူများကို ရွေးချယ်ကြမည်ဆိုပါ လျှင် အရည်အချင်းပြည့်ဝမှု၊ ကိုယ်စားပြုမှု ရှိပြီး အားလုံးညီညီညွတ်ညွတ် ပူးပေါင်းပါဝင်လာမည့် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွတ်တော်နှစ်ရပ်ကို ရရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ခွန်မျိုးမြင့်မြတ်

1 comment:

khun said...

မုန်တိုင်းထန်ချိန် အန္တရာယ်များတဲ့စစ်အုပ်ချုပ်ရေးကာလတုံးက ရှမ်း၊ချင်း၊မွန်၊ရခိုင် တိုင်းရင်းသားပါတီများနှင့် ၈၈မျိုးဆက်တို့ NLDကို လက်တွဲဝိုင်းရံခဲ့ကြပါတယ်။ NLDလွတ်တော်ထဲရောက်ချိန်တော့ စစ်တပ်ကိုစည်းရုံးဖို့ကြိုးစားဦးရွှေမန်းနဲ့တွဲကစားပြီး တိုင်းရင်းသား များကိုခပ်ခွာခွာဖြစ်လာပါတယ်။ အခုနန်းသိမ်းပွဲရောက်ခါကျတော့ NLDသာမဲ ထည့်ကြပါဆိုကာ ဒေသခံ တိုင်းရင်းသားလူမျိုးပါတီ ဝင်များကိုရုပ်ပြပြီး တနေရာမကျန်ဝင်ပြိုင်ပါတယ်၊ ၈၈တွေကိုလည်းချန်ထားခဲ့ပါတယ်။
တိုင်းရင်းသားများကိုဘယ်လောက်ချစ်တယ်ပြောပြော တကယ်းလက်တွေ့မှာတော့ ၅၉(စ)ပြင်ရေးကအဓိက တိုင်းရင်းသားအရေးကသာမညပါ။
တို့တိုင်းရင်းသားများမအကြပါနဲ့ ကိုယ့်တိုင်းရင်းသားပါတီက ကိုယ်စားလှယ်ကိုသာမဲပေးကြပါ။