ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

2011-10-29 | RFA

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေမှာ ပါတဲ့ အချက်တချို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုက် တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်း သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပါသလားလို့ မေးမြန်းတဲ့အခါ ဦးဥာဏ်ဝင်းက - အမှန်ပြောရရင် ပါတီတွင်းမှာ သဘောထားကွဲပြားမှု ရှိကြောင်း၊ ဒါပေမယ့် ဆုံးဖြတ်ချက်တွေမှာတော့ အားလုံး အညီအညွတ်ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးဥာဏ်ဝင်းက မိမိအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

No comments: