တိုင်းရင်းသားလူမျိုးများညီလာခံ ထုတ်ပြန်ကြေငြာချက်

 တိုင်းရင်းသားလူမျိုးများညီလာခံ
၁၂-၁၆ ရက်နေ့၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၁ ခုနှစ်
ထုတ်ပြန်ကြေငြာချက်
 
၁။ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများညီလာခံသို့ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၅၆) ဦး ဖိတ်ကြားခဲ့ရာ CNF, KNPP, NUPA, PNLO, WNO, LDU, KNU, PSLF, KIO, NMSP, KNO, ALD, UNLD-LA, KNLP နှင့် SSPP အဖွဲ့များမှ တိုင်းရင်းသားကိုယ်စားလှယ်ပေါင်း (၅၁) ဦး တက်ရောက်ခဲ့ပြီး အနာဂါတ်တွင် တိုင်းရင်းသား အင်အားစုများ ပိုမိုစုစု စည်းစည်းဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အင်တိုက်အားတိုင်ဖြင့် ၀ိုင်းဝန်းဆွေးနွေးနိုင်ခဲ့ကြပါသည်။

၂။ ညီလာခံကြီးက တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့်အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး "ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ" United Nationalities Federal Council (Union of Burma) ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

နိုင်ငံရေးဦးတည်ချက်အဖြစ် ယမန်နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ညီညွတ်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့သော "ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ" ၏ မူလဦးတည်ချက်အတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

၃။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အခြေခံမူဝါဒများမှာ -
  1. နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရေး၊
  2.  တိုင်းရင်းသားတို့၏ တရားသောခုခံတော်လှန်ရေးကို တရားဝင်မှုနှင့် အသိအမှတ်ပြုမှု ပိုမိုရရှိလာစေရေး
  3. တိုင်းရင်းသားလူမျိုးများ၏ ရသင့်ရထိုင်သည့်အခွင့်အရေးဖြစ်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရရှိရေး၊
  4. စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေး စသည်တို့ဖြစ်သည်။
၎။ မိမိတို့ တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စုကြီးအတွင်း၌ ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေးကို အရင်းခံစေတနာဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်အတွက် "ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ" United Nationalities Federal Council (Union of Burma) ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

တိုင်းရင်းသားလူမျိုးများညီလာခံ
ရက်စွဲ။   .။ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်။

ဆက်သွယ်ရန်
၁။ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး                                    (၀၈၃ - ၃၁၄ ၃၀၇၆)
၂။ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)        (၀၈၁ - ၉၅၀ ၂၁၅၈)

No comments: