Live Show ပအိုဝ်းအဆိုပြိုင်ပွဲ ဘန်ကောက်မှာ ပထမဆုံးအကြိမ် ကျင်းပမည်

နောင်ခမ်းခါ | သြဂုတ်လ ၈ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

နာမည်ကြီး ၀ါရင့်ပအိုဝ်းအဆိုတော်နှင့် အနုပညာရှင်များဦးစီးပြီး “ဂုဏ်ပြုရိုသေ ချစ်မေမေ” အမည်ရှိ Live Show ပအိုဝ်းသီချင်း အဆိုပြိုင်ပွဲတရပ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ပအိုဝ်းသီချင်းအဆိုပြိုင်ပွဲကို ကျင်းပရတဲ့ အဓိကရည်ရွယ်ကတော့ ပအိုဝ်းရိုးရာ ဂီတအနုပညာများ စထက်တပိုးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်ပအိုဝ်းဂီတအနုပညာရှင်များ ထွန်းကားလာစေရန်နှင့် ဂီတအနုပညာရဲ့အင်အားဖြင့် ထိုင်းနိုင်ငံရောက် ပအိုဝ်းအလုပ်သမားများအကြား စည်းလုံးညီညွတ်မှုအပါအ၀င် ပညာရေး၊ လူမှုရေး၊ အတွေးအမြင်ဗဟုသုတများတိုးပွားစေပြီး အဝေးရောက်ပအိုဝ်းလူမျိုးများ မိဘ၏ဂုဏ်ကျေးဇူးများ အောက်မေ့သတိရစေရန် စတဲ့အချက်များ ဖြစ်ပါတယ်။

အဆိုပြိုင်ပွဲမှာ ပြည်တွင်းက အရွယ်စုံလူကျိုက်များတဲ့ နာမည်ကြီးအဆိုတော် ခွန်အောင်နိုင်၊ နာမည်ကြီး ပအိုဝ်းရုပ်ရှင်နှင့်  ပြဇာတ်သရုပ်ဆောင်အနုပညာရှင် ခွန်အောင်ခင်၊ ပအိုဝ်းဟာသအဆိုတော် ခွန်စောင်းဝဲင်း နှင့် ပအိုဝ်းအမျိုးသမီးရောခ်အဆိုတော် နင်းရက်ပဲင် တို့လည်း ပြိုင်ပွဲကို လာရောက်အားပေးတဲ့ ပရိတ်သတ်များအတွက် သီဆိုဖျော်ဖြေပေးမယ်လို့ သိရပါတယ်။

“ပြည်တွင်းက နာမည်ကြီးအဆိုတော်တွေ ပရိတ်သတ်ကို ဖျော်ဖြေဖို့ လာတာပါ။ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး၊ အဆိုဝါသနာပါတဲ့ ပြည်ပရောက် မျိုးဆက်သစ်လူငယ်တွေ အဓိကယှဉ်ပြိုင်ဖို့အတွက်ပါ” ဟု ပြိုင်ပွဲဖြစ်မြောက်ရေး အဓိကစီစဉ်သူတစ်ယောက်ဖြစ်တဲ့ ခွန်လေးက တောင်ကြီးတိုင်းမ်ကို ပြောသွားပါတယ်။

ပြိုင်ပွဲဝင်ကြေးလက်မှတ်တစ်စောင်ကို ထိုင်းဘတ်ငွေ ၂၀၀ ဘတ် ကောက်ခံမယ်ဖြစ်ပြီး၊ ပရိတ်သတ်ပေါင်း နှစ်ထောင်ကျော်ခန့်လာရောက်အားပေးမယ့်လို့  ခန့်မှန်းထားကြောင်းနှင့် ပြိုင်ပွဲမှရရှိမယ့် အခကြေးငွေများကို ပအိုဝ်းအမျိုးသားအရေးအတွက် ရံပုံငွေအဖြစ် အသုံးပြုမယ်လို့ ခွန်လေးက ရှင်းပြပါတယ်။

“အခုလို ပအိုဝ်းအဆိုပြိုင်ပွဲပြုလုပ်တာ ကျနော်တို့ စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ ရလာမယ့် ၀င်ကြေးတ၀က်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျနော်တို့ ပအိုဝ်းအမျိုးသားဓမ္မာရုံတည်ဆောက်ဖို့ ရံပုံငွေအတွက်ရယ်၊ ကျန်တ၀က်က ပြိုင်ပွဲကျင်းပတဲ့စရိတ်နဲ့ ပြည်တွင်းက ပင့်ဖိတ်လာတဲ့ အဆိုတော်ခရီးသွားစရိတ်တွေပဲဖြစ်တယ်”။

ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သီဆိုမယ့် အဆိုဝါသနာရှင်များ စုစုပေါင်း ၃၅ ယောက်ခန့် ရှိမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲအခန်းအနားကတော့ မွန်းတည့် ၁၂ နာရီမှ စတင်ဖွင့်လှစ်ပြီး ညနက် ၁၂ နာရီအချိန်အထိ စီစဉ်တင်ဆက်သွားမယ်လို့ သိရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် အဆိုရှင်များကို ပြိုင်ပွဲကြည့်ပရိတ်သတ်များက အကဲခတ်ဒိုင်အဖြစ် အမှတ်ပေးမယ်ဖြစ်ပြီး၊ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့ ယှဉ်ပြိုင်သူတို့ကို ဆုကြေးအသီးသီးချီးမြှင့်ပေးအပ်မယ်လို့ ဆိုပါတယ်။

ဒီ ကျင်းပမယ့် ဘန်ကောက်မြို့ Live Show ပအိုဝ်းသီချင်း အဆိုပြိုင်ပွဲဟာ ပြည်ပမှာဆိုရင် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီပထမဆုံးအကြိမ်ပြုလုပ်တာ အောင်မြင်မှုရှိမယ်ဆိုပါက နောက်နောင်မှာ နှစ်စဉ်နှစ်တိုင်းကျင်းပသွားရန် စီစဉ်ထားကြောင်း ခွန်လေးက ပြောပါတယ်။

အခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစီအစဉ်ကျင်းပပြီးတဲ့နောက် ပအိုဝ်းလူငယ်၊ ကျောင်းသားနှင့် အလုပ်သမားများ များပြားစွာရောက်ရှိနေထိုင်တဲ့ မလေးရှားနှင့် စင်ကာပူ စတဲ့နိုင်ငံတွေမှာ ဆက်လက်ပြီးတော့ ကျင်းပနိုင်ဖို့အတွက် စီစဉ်နေကြောင်း၊ ဖြစ်မြောက်ရန်အတွက် ယခုလက်ရှိ ယင်းနိုင်ငံများရှိ ပအိုဝ်းလူငယ်အစုဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုပါတယ်။

No comments: