ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ပဏာမအဆင့် တွေ့ဆုံဆွေးနွေးဖို့ ဂျူလိုင် ၂၂ ရက်မှာ ကိုယ်စားလှယ်တွေ စေလွှတ်


Monday, July 23, 2012 | By သျှမ်းသံတော်ဆင့်
PNLO Chairman, Khun Okker

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ပဏာမအဆင့် တွေ့ဆုံဆွေးနွေးဖို့ ယမန်နေ့ (ဂျူလိုင် ၂၂ ရက်)မှာ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး PNLO ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့် သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။


မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေ လိုက်ပါ သွားပါသလဲ။
ဖြေ။ ။ မနေ့က မယ်ဆိုင်ကနေ တာချီလိတ်ကို သက်ဆိုင်ရာ အစိုးရ အရာရှိတွေရဲ့ ကိုယ်စားလှယ် လက်ထဲကို ငါးဦး၊ ရုံးအဖွဲ့ ၂ ဦး အားလုံး ၇ ဦး လွှဲပြောင်းပြီးတော့ စေလွှတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်း ဆောင်ကတော့ PNLO ရဲ့အထွေထွေ အတွင်းရေးမှူး ဆရာ ခွန်မြင့်ထွန်း ( ၁၉၉၀ ရွေးကောက်ပွဲ သထုံမဲ ဆန္ဒနယ် အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်)နဲ့အတူ စစ်ဖက်ဆိုင်ရာ ဆွေးနွေးနိုင်ဖို့အတွက် တပ်မှူး ဗိုလ်မှူးကြီး ခွန်သူရိန်(ဒုတိယခေါင်းဆောင်)လိုက်သွားပါတယ်။ လူကြီးပိုင်းအနေနဲ့ PNLO ဒုတိယ ဥက္ကဋ္ဌ ဖြားတန် ခွန်တိဆောင်၊ ဘဏ္ဍာရေးဘက်က ခွန်တင့်ရွှေဦး၊ ပအိုဝ်းလူငယ်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ခွန်ထွန်းတင် အဲဒီ ၅ ဦးနဲ့ ရုံးအဖွဲ့က ၂ ဦး ခွန်နေထူးနဲ့ ခွန်ခမ်းတန် အားလုံး ၇ ဦး စေလွှတ်လိုက်တာ ဖြစ်ပါ တယ်။

မေး။ ။ တွေ့ဆုံဆွေးနွေးတာ ဘယ်နှစ်ကြိမ်မြောက်လဲ။
ဖြေ။ ။ ပြည်တွင်းကို သွားဆွေးနွေးတာ ပထမအကြိမ်ပါဘဲ။ ပြည်ပမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဦးအောင်မင်းနဲ့ ဒီနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပထမအကြိမ်၊ ဂျွန်လ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို ၂ ကြိမ်တွေ့တဲ့အပေါ်မှာ ရရှိတဲ့ အခြေခံ သဘောတူညီချက် အပေါ် ကိုယ်စားလှယ်လွှတ်ဖို့ သဘောတူပြီးတော့ အခုလက်တွေ့ ၂၁ ရက်နေ့က မယ်ဟောင်ဆောင်ကနေ စထွက်တယ်။ ၂၂ ရက်နေ့မှာတော့ တာချီလိတ်ကနေ တောင်ကြီးအထိ လေယာဉ်နဲ့ ခရီးဆက်ကြတယ်လို့ ကြားပါတယ်။

မေး။ ။ ဦးအောင်မင်းနဲ့ အလွတ်သဘော ဆွေးနွေးတဲ့အခါမှာ ဘာတွေတင်ပြခဲ့ပါသလဲ။
ဖြေ။ ။ တကြိမ်နဲ့တကြိမ်တော့ ကွာပါတယ်။ အလွတ်သဘော ပထမတကြိမ်တွေ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာတော့ အားလုံး ၁၁ ချက်တင်ပြပါတယ်။ အထူးသဖြင့် တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး စတဲ့အချက် မျိုးတွေ ပါပါတယ်။ သို့သော်လည်းဘဲ ဂျွန်လ ၂၇ ရက်နေ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အပစ်ခတ်ရပ်စဲရေးကိုဘဲ အဓိကထားပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမျိုး၊ အစိုးရဘက်က လုပ်ဖို့ကိုင်ဖို့ လက်တွေ့မကျတဲ့ကိစ္စမျိုးကို မတောင်းတော့ဘဲနဲ့ အချက် ၇ ချက်ဘဲ ပြန်ပြင်ပြီးတော့ တောင်း လိုက်ပါတယ်။ အဲဒီ ၇ ချက်ကိုဘဲ တင်ပြတဲ့အခါကျတော့ နယ်မြေကိစ္စကလွဲရင် ကျန်တဲ့ ၆ ချက်ကို ဦးအောင်မင်းက မူအားဖြင့် သဘောတူတယ်လို့ အကြောင်းပြန်တယ်။ မူအားဖြင့် သဘောတူတဲ့အပေါ် လက်တွေ့တရားဝင်ဆွေးနွေးဖို့ ဖိတ်ပါတယ်။ ဖိတ်တဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ် လွှတ်လိုက် တယ်။

မူအားဖြင့် သဘောတူတဲ့ ၆ ချက်ကတော့ အကျဉ်းချုပ်ပြောရရင်-
၁) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုအစိုးရတို့ကြားမှာ အပစ်ခတ် ရပ်စဲဖို့။
၂) သင့်တော်တဲ့ နေရာမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့။
၃) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(သို့) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော်ရဲ့ အဖွဲ့ဝင်တွေ လက်နက်မပါဘဲနဲ့ မြန်မာပြည်မှာ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့။
၎) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ၊ ပအိုဝ်း နိုင်ငံရေးပါတီ PNO နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ အပါအဝင် တွေ့နိုင်ဖို့၊ ပအိုဝ်းလူငယ်တွေ၊ အမျိုးသမီးတွေ၊ လူထုတွေနဲ့ တွေ့နိုင်ဖို့။ နောက် ပအိုဝ်းလူထုနဲ့ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်ဖို့။
၅) မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ပါဘဲ။ ပအိုဝ်းလူငယ်တွေ ဆေးစွဲနေတာရှိတယ်။ မူးယစ်ဆေးဝါးကြောင့် ပျက်စီးနေတာရှိတယ်။ ဘိန်းစိုက်တဲ့ ပအိုဝ်းတောင်သူတွေရှိတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လူမှုဒုက္ခတွေကို ဝိုင်းတားဖို့ အစိုးရနဲ့သော်လည်းကောင်း နိုင်ငံတကာ အကူအညီပေးတဲ့အဖွဲ့နဲ့သော်လည်း ကောင်း အလုပ်လုပ်နိုင်ဖို့။
၆) နောက်ဆုံးတခုကတော့ မီဒီယာပါဘဲ။ မီဒီယာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ၊ အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲ အောင်မြင်ရင် အောင်မြင်သလို မီဒီယာမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့။ မီဒီယာကို အသုံးချခွင့်ပေးဖို့။

ဒါတွေကို ဦးအောင်မင်းက မူအားဖြင့် ဘန်ကောက်မှာ သဘောတူခဲ့တယ်။

နံပါတ် ၇ နယ်မြေကိစ္စကိုတော့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ၊ တပ်တွေ နေရာချထားဖို့အတွက်တော့ ဦးအောင်မင်းက အာမ မခံနိုင်ဘူး။ ဒါကစစ်တပ် အရှေ့ပိုင်းတိုင်း၊ သျှမ်းပြည်နယ်အစိုးရ စတဲ့ ခေါင်းဆောင်တွေဘဲ ပိုသိတော့ သူတို့တွေနဲ့ ဆွေးနွေးပြီးတော့မှ နယ်မြေကိစ္စ သဘောတူဖို့ ဖြစ်တယ်။ လောလောဆယ် ဦးအောင်မင်းက မတူနိုင်သေးဘူးဆိုတော့ ဒီတချက် ချန်ထားတယ်။ ဒါကြောင့် အခုသွား တဲ့အဖွဲ့က တောင်ကြီးရောက်ရင်တော့ နယ်မြေကိစ္စကိုပါ ဆွေးနွေးခွင့်ရမယ်လို ယူဆပါတယ်။

မေး။ ။ ဒီတကြိမ်သွားတာ ဘာတွေများ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ အထူးသဖြင့်တော့ အခြေခံအဆင့်ပေါ့။ အပစ်ခတ်ရပ်စဲတယ်ဆိုရင်လည်း ပဏာမအဆင့် အပစ်ရပ် တာမျိုး။ အဓိကတော့ နယ်စပ်မှာ ရောက်နေတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံနိုင်ဖို့၊ အကြံဉာဏ်တွေ ဖလှယ်ဖို့၊ ညီညွှတ်ရေး တည်ဆောက်ဖို့ အဲဒါအဓိကပါဘဲ။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ရသင့် ရထိုက်တဲ့ သဘောတူညီချက်ကတော့ အများနည်းတူ ရမှာပေါ့။ ကျနော်တို့ အဓိက မျှော်လင့်တာကတော့ ပအိုဝ်းခေါင်းဆောင် အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း၊ လူထုအချင်းချင်း ပြန်ပြီးစည်းလုံးညီညွှတ်မှု တည်ဆောက်ဖို့ အဓိက မျှော်လင့်ပါတယ်။

မေး။ ။ ပအိုဝ်းဖြူ/ပအိုဝ်းနီအဖွဲ့နဲ့ တွေ့ဆုံပြီး စည်းလုံးညွှတ်ညွတ်ရေး တည်ဆောက်ဖို့ အလားအလာ ရှိပါသလား။
ဖြေ။ ။ ရှင်းရှင်းပြောရရင်တော့ ပအိုဝ်းနီဆိုတာ မရှိတော့ပါဘူး။ ပအိုဝ်းဖြူဆိုတာလည်း မရှိတော့ဘူး။ ဒီအဖွဲ့က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အခေါ်အဝေါ်ပေါ့။ အခုတော့ မရှိတော့ဘူး။ ပအိုဝ်းဖြူလို့ ခေါ်တဲ့ ဦးအောင်ခမ်းထီ အဖွဲ့က ၁၉၉၁ ဧပြီလမှာ ငြိမ်းချမ်းရေးယူတယ်။ ယူပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက် တယ်။ တော်လှန်ရေးအဖွဲ့လည်း မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့လည်း မဟုတ်တော့ဘူး။ နိုင်ငံရေးပါတီ ဖြစ်သွားပြီ။ PNO ဟာ နိုင်ငံရေးပါတီ ဖြစ်သွားတဲ့အတွက် သူ့အနေနဲ့ အဖြူလည်း မဟုတ်တော့ဘူး။ တခြားနိုင်ငံရေး ပါတီတွေလို မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲဝင်တယ်။ ဒါသူလုပ်ရမဲ့အလုပ် ဖြစ်သွားပြီ။ ထို့အတူ PNO ထိန်းချုပ်မှုအောက်မှာ မူလကရှိတဲ့ ပအိုဝ်းအမျိုးသားတပ်မတော်ဆိုတာလည်း မရှိတော့ဘူး။ အဲဒီတပ်ကို လူ ၄၀ ကနေ ၇၀ ထိ ခွဲပြီးတော့ ဌာနေပြည်သူ့စစ်ဆိုပြီးတော့ ဗမာ့တပ်မတော်ရဲ့ တပ်ရင်း၊ တပ်ခွဲအောက်မှာ သွားပို့ထားတယ်။ တပ်က ဌာနေပြည်သူ့စစ်ဖြစ်သွားပြီ။ အဖွဲ့အစည်းက နိုင်ငံရေးပါတီ ဖြစ်သွားပြီ။ ဒါကြောင့် ပအိုဝ်းဖြူ အဖွဲ့မဟုတ်တော့ဘူး။ တော်လှန်ရေး အဖွဲ့လည်း မဟုတ်တော့ဘူး။ ရပ်သွားပြီ။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပါတီလိုင်းထဲ ဝင်သွားပြီ။ ပအိုဝ်းနီအဖွဲ့လည်း အဲဒီလိုဘဲ။ ဦးတာကလယ် ဦးဆောင်တဲ့ အနီအဖွဲ့ဆိုတာလည်း မရှိတော့ဘူး။ ၁၉၉၄ အောက်တိုဘာမှာ အပစ်ခတ်ရပ် စဲတယ်။ ငြိမ်းချမ်းရေးယူတယ်။ နောက် ၂၀၀၇ မှာ ပြည်သူ့စစ်အဖြစ် လုပ်ခိုင်းတယ်။ ပြည်သူ့စစ်လုပ်ခိုင်း တဲ့အတွက် ဦးတာကလယ်အဖွဲ့ဟာ ၄ ခြမ်းဖြစ်သွားတယ်။ ပအိုဝ်းနီဟာ ၄ ခြမ်းကွဲသွားတယ်။ သူတို့ ဥက္ကဋ္ဌ ချစ်မောင် ဦးဆောင်တဲ့အဖွဲ့က အပြီးလက်နက်ချလိုက်တယ်။ အပစ်ခတ်ရပ်စဲတာ မဟုတ်ဘူး။ လက်နက် တွေကို ရန်သူ့လက်ထဲ အပ်ပြီးတော့ လက်နက်ချလိုက်တယ်။ နောက် သူတို့ထဲက လူ ၁၀၀ လောက်ဟာ တော်လှန်ရေးလုပ်ဖို့ နယ်စပ်ကို ရောက်လာတယ်။ အခု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှာ အလုပ်လာပြန်လုပ်ကြတယ်။ တော်လှန်ရေး လုပ်ဖို့လာတာက တဖွဲ့။ နောက်ဆုံး နောင်ထောင်မှာဘဲ ကျန်ခဲ့တဲ့တဖွဲ့ကတော့ လက်နက်ချတာလည်း မဟုတ်ဘူး။ တော်လှန်ရေးလည်း မလုပ်ဘူး။ တပ်မတော်က လာဝိုင်းပြီးတော့ အင်အားသုံးပြီး လက်နက်သိမ်းယူလိုက်တယ်။ အဲဒါကြောင့် အဖွဲ့အစည်းလည်း မရှိတော့ ဘူး။ နိုင်ငံရေးပါတီလည်းမဟုတ်တော့ဘူး။ တော်လှန်ရေးအဖွဲ့လည်း မဟုတ်တော့ဘူး။ ဘာမှမရှိတော့တဲ့ အတွက် ပအိုဝ်းနီလည်း မရှိတော့ဘူး။ အခုက နာမည်တွေနဲ့ နယ်မြေမှာ ရှုပ်ထွေးအောင် လုပ်ချင်တဲ့ သဘောနဲ့ အာဏာပိုင်တွေက ပြန်တင်ထားတဲ့ဟာတွေတော့ရှိတယ်။ သို့သော်လည်းဘဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်အနေနဲ့ သူတို့ကို ၁၀ နှစ်ကျော်ကတည်းက အသိအမှတ်ပြုသလို မပြုတော့ဘူး။ မရှိတော့ဘူးလို့ဘဲ သဘောထားတယ်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူး။ သူတို့နဲ့လည်း တရားဝင် စကားပြောဖို့ မရှိဘူး။ မိတ်ဆွေအဖြစ် ကြုံလို့တွေ့တာဘဲရှိမယ်။ တရားဝင် တွေဆုံဆွေးနွေတာ မရှိတော့ ဘူးလို့ ဆုံးဖြတ်ချက် ပေးထားတယ်။

မေး။ ။ ဆက်ဆံရေးရုံးတွေစိုက်ဖို့ ဘယ်နေရာတွေကို တောင်းဆိုထားပါသလဲ။
ဖြေ။ ။ ဆက်ဆံရေးရုံးကတော့ ဘန်ကောက်မှာ တွေ့တုန်းကတော့ ၂ နေရာတောင်းထားတယ်။ ပြည်နယ် အစိုးရနဲ့ ဆက်သွယ်ဖို့ တောင်ကြီးနဲ့ ပအိုဝ်းအမျိုးသားတွေနေတဲ့ မွန်ပြည်နယ်က သထုံ။ သို့သော်လည်းဘဲ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် လို့ခေါ်တဲ့ PNO နဲ့ ဆွေးနွေးလို့ အဆင်ပြေရင် မကန့်ကွက်ရင်တော့ ၂ ရုံး လောက်တိုးချဲ့ဖွင့်မယ်။ ဟိုပုံးနဲ့ဆီဆိုင်ပေါ့။ ဟိုမှာ ဆွေးနွေးလို့ အဆင်မပြေရင် သေချာတာကတော့ တောင်ကြီးနဲ့သထုံမှာ ဖွင့်မယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောကြားချင်ပါသလဲရှင့်။
ဖြေ။ ။ အထူးသဖြင့် ပြည်ထောင်စုအဆင့်မှာ သွားတွေ့တာဘဲဖြစ်ဖြစ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ကတော့ နိုင်ငံရေးဆွေးနွေးတာကိုဘဲ အဓိက တောင်းမယ်။ အပစ်ခတ်ရပ်စဲရေးမှသည် နိုင်ငံရေးဆွေးနွေးပွဲသို့- ဒါကို အဓိက ဦးတည်မယ်။ အဲဒါကိုဘဲ တောင်းမယ်။ အဲဒီလိုတောင်းတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် တဖွဲ့၊ တပါတီနဲ့မရဘူး။ အပစ်ရပ်ထားတဲ့အဖွဲ့အားလုံး၊ UNFC အဖွဲ့ဝင်အားလုံး၊ UNFC အဖွဲ့ ဝင် မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို မဖြစ်မနေ စီစဉ်ပေးဖို့ အစိုးရကို တောင်းသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုံးဝမတောင်းတာက စီးပွားရေး ပါ။ အထူးစီးပွားရေးဇုန် ကျနော်တို့ လုံးဝစကားမပြောဘူး။ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ကျနော်တို့ လုံးဝ မပြောဘူး။ အဲဒါတွေနဲ့ ပတ်သက်လို့ သဘောတူညီချက်လုပ်မှာ မဟုတ်ဘူး။ အထူးစီးပွားရေးဇုန် ဆိုတဲ့ ဟာမျိုးတွေနဲ့လည်း သဘောတူညီချက်လုပ်မှာ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ အရင်တုန်းက သင်ခန်းစာရှိခဲ့လို့ပါ။ စာရွက်ပေါ်မှာဘဲ ဘယ်ဒေသ၊ ဘယ်နေရာမှာ အထူးစီးပွားရေးဇုန် ဆောက်တော့မယ်။ ဒါပေမဲ့ လက်တွေ့မရှိဘူး။ အဲဒီလို လက်မှတ်ထိုးခြင်းအားဖြင့် နိုင်ငံတကာမှာ ပြပြီးတော့ တိုင်းရင်းသားတွေဟာ စီးပွားရေးကောင်းတော့မယ်။ ချမ်းသာတော့မယ်။ စီးပွားရေးကောင်းရင် ချမ်းသာရင် သေနတ်မကိုင်တော့ဘူး။ ဒီလိုဝါဒဖြန့်တာ ခံရတော့ စီးပွားရေးနဲ့ ပတ်သက်ရင် ဘာမှလက်မခံနဲ့ လက်မှတ်မထိုးနဲ့။ ထိုးလည်းဘာမှမရဘူး။ ထိုးပြီးတဲ့လူတွေလည်း ဘာမှမရဘူး။ နောက်တခုက ၁၉၉၀ ဗိုလ်ချုပ် ခင်ညွှန့်တုန်းကလည်း အဲဒီလိုဘဲ။ အပစ်ခတ်ရပ်တယ်။ စီးပွားရေးလုပ်ကြ။ နိုင်ငံရေး စကားမပြောနဲ့။ အဲဒီတုန်းကလည်း စီးပွားရေး လုပ်လိုက်ကြတာ အဖွဲ့တိုင်း လိုလိုဘဲ။ လူထုက မချမ်းသာဘူး။ လူထုက မွဲသေဆင်းရဲနေတယ်။ ဒါပေမဲ့ လုပ်တဲ့အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်း ဆောင်တွေ ကားတွေ၊ တိုက်တွေနဲ့ ချမ်းသာကြတယ်။ ချမ်းသာလာတော့ တော်လှန်ရေးလည်း မလုပ် တော့ဘူး။ အမျိုးသားရေးလည်း မလုပ်တော့ဘူး။ အဖွဲ့အစည်းပျက်သွားတယ်။ ဒါကြောင့် စီးပွားရေးတို့၊ ဖွံ့ဖြိုးရေး တို့ဆိုတာ အဖွဲ့အစည်းခေါင်းဆောင်တွေကို ဖျက်ဆီးတာနဲ့ သွားတူ တယ်။

အဓိက နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်တယ်။ အခြေခံမူတွေကိုဘဲ လုပ်မယ်။ နောက်တခုက အပစ်ခတ်ရပ် စဲရေးကနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို သွားတဲ့အချိန်မှာ အခြေအနေပေးရင်တော့ စီးပွားရေးဇုန်တို့၊ ဒေသဖွံ့ဖြိုးရေးတို့ မဟုတ်ဘဲနဲ့ အဲဒီထက်နိမ့်တဲ့ လူသားချင်းဆိုင်ရာ အကူအညီဖြစ်တဲ့ လူတွေ စားနပ်ရိက္ခာ ရအောင်၊ အဝတ်အထည်ရအောင် လူသားချင်းဆိုင်ရာ အခြေခံလေးတွေလုပ်နိုင်အောင် ပြောမှာဖြစ်တယ်။ အဲဒီလိုလုပ်နိုင်အောင် အဲန်ဂျီအိုတွေ နိုင်ငံတကာအဖွဲ့တွေနဲ့တွဲပြီး အလုပ်လုပ်နိုင်အောင် အစိုးရကို တင်ပြမှာ ဖြစ်ပါတယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေးတော့ မလုပ်ဘူး။ အမြင့်ဆုံးအဆင့်ကတော့ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးရှိတယ်ဆိုရင် အဲဒီကလူထုတွေကို အခြေခံ စိုက်ပျိုးရေးလုပ်ငန်း လုပ်နိုင်ဖို့ သဘောတူညီမှုရရင်တော့ လုပ်မယ်။ စီးပွားရေးအဆင့်တော့ မရောက်ဘူး။ အခြေခံအဆင့်ပါဘဲ။ ကျနော်တို့ ရပ်တည်ချက်ကတော့ အဲဒါပါဘဲ။

No comments: